တနင်္သာရီမြို့နယ်၊ ဇဝဲ-တကူလမ်းပိုင်းပေါ်ရှိ ရေခမ်းချောင်းရွာကို စစ်အာဏာရှင်တပ်စစ်ကြောင်း ဝင်ရောက်လာပြီးနောက် နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မြိတ်မြို့နယ်၊ တုံးဗျောရွာမှ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ဖွဲ့သည် သြဂုတ်လ ၂၈ရက် နံနက်ပိုင်းတွင် ရေခမ်းချောင်းရွာသို့ ရောက်ရှိလာသည်။
ယင်းနောက် ညနေပိုင်းတွင် နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အိမ်တွေကိုလည်း မီးရှို့နေတယ်။ လက်နက်ကြီးတွေလည်း ပစ်နေတယ်။ မီးခိုးတွေ မြင်နေရတယ်” ဟု အထက်ပါ ဒေသခံက ဩဂုတ်လ ၂၈ရက် ညနေပိုင်းအခြေအနေကို ပြောဆိုသည်။
စစ်ကြောင်းဝင်ရောက်လာပြီးနောက် ရေခမ်းချောင်းရွာက ဒေသခံများထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် ရွာထဲတွင် စစ်အာဏာရှင်တပ်သားများသာ ရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“စစ်သား (စစ်အာဏာရှင်တပ်ဖွဲ့ဝင်) တွေ ဝင်လာရင် ကြောက်ပြီး ထွက်ပြေးနေရတယ်။ အနီးဝန်းကျင်က ရွာသားတွေလည်း ပြေးနေရတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။
ယနေ့ သြဂုတ်လ ၂၉ရက် နံနက် ၈နာရီတွင် ရေခမ်းချောင်းရွာသို့ ရောက်နေသည့် စစ်အာဏာရှင်တပ်ဖွဲ့သည် ဇဝဲကျေးရွာ ဘက်သို့ စစ်ကြောင်းပြန်ဆုတ်နေပြီး လမ်းတွင်ရှိသည့် နေအိမ်များကို မီးရှို့ကြောင်း ဒေသခံများက ပြောဆိုသည်။
ဒေသခံများ တိမ်းရှောင်နေရဆဲဖြစ်သဖြင့် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် အရေအတွက်ကိုမူ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။
ရေခမ်းချောင်းကျေးရွာသည် ဇဝဲ-တကူ လမ်ပိုင်းတွင် တည်ရှိသည်။ ဇဝဲရွာမှာ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းတွင် တည်ရှိပြီး တကူရွာကို ဇဝဲ လမ်းဆုံမှတစ်ဆင့် ဝင်ရခြင်းဖြစ်သည်။ ဇဝဲ လမ်းဆုံမှ တကူဘက်သို့ ဦးတည်သွားလျှင် ဖာနီရွာ၊ လေးမိုင်ရွာနှင့် ဒူးကြိုးရွာနှင့် ရေခမ်းချောင်းရွာတို့ အစဉ်အတိုင်း တည်ရှိသည်။
ရေခမ်းချောင်းသို့ စစ်ကြောင်း ဝင်ပြီးနောက် ဇဝဲမှ ရေခမ်းချောင်းအထိ လမ်းပိုင်းကို စစ်အာဏာရှင်တပ်က ပိတ်ထားခဲ့သည်။







