ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြစ်ရေတက်ပြီး ကျေးရွာအချို့ ရေကြီးပြီး ဒေသခံအချို့ ပြောင်းရွှေ့

August 28, 2026

တနင်္သာရီမြစ်‌ရေတက်လာသဖြင့် ယနေ့ ဩဂုတ်လ ၂၈ရက် နံနက်ပိုင်းတွင်တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့ ရေကြီးနေကြောင်း ဒေသခံများက ပြောသည်။

‌မြစ်‌ရေတိုးလာသောကြောင့် ရေနစ်မြုပ်နေသည့် တစ်ထပ်အိမ်များသည် စတင်ပြောင်းရွှေ့နေကြပြီး ခြေတံရှည်အိမ်များမှာ ပြောင်း‌ရွေ့ခြင်း မရှိသေးကြောင်း ထုံမခါရွာ ဒေသခံတစ်ဦးက ဆိုသည်။

“ရေက ညကတည်းက စတင်ဝင်လာတယ်။ လင်း(နံနက်) နဲ့ အိမ်တွေ၊ လမ်းတွေ မြုပ်နေပြီ။ ထုံမခါရွာမှာက သုံးအိမ်လေးအိမ်လောက် မြုပ်နေပြီ” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။

မြစ်ရေတိုးလာသောကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ မမသောင်ရွာ၊ ညောင်ပင်ကွင်းရွာ၊ ထုံမခါရွာ၊ လယ်တောင်ယာရွာ၊ မော်တုန်းရွာ၊ ပဝရွာနှင့် ကွင်းသစ်ရွာတို့တွင် မြေနိမ့်ပိုင်းရှိ နေအိမ်နှင့် လမ်းအချို့ ရေကြီးနစ်မြုပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြစ်‌နှင့် ဆက်စပ်နေသည့် ချောင်းများမှတစ်ဆင့် ရေများဝင်ရောက်လာသလို အင်းရေများ တိုးလာခြင်းကြောင့် အိမ်နှင့် လမ်း၊ တံတားများ နစ်မြုပ်နေကြောင်း ၎င်းတို့က ပြောသည်။

မိုးများဆက်တိုက်ရွာသွန်းနေသဖြင့် တနင်္သာရီမြစ်‌ရေဆက်တိုးလာနိုင်ကြောင်း ဒေသခံများက ဆိုသည်။

“တချို့နေရာတွေမှာက လမ်းတွေရေကျော်ပြီး ကူးတို့နဲ့ ကူးပြီးသွားရတယ်။ တချို့လမ်းတွေကလည်း ဆိုင်ကယ်တွေနဲ့ ဖြတ်လို့ရသေးတယ်” ဟု ခရီးသွားဒေသခံတစ်ဦးက ပြောဆိုသည်။

သြဂုတ်လ ၂၈ရက် ညနေ ၆နာရီတွင် တနင်္သာရီမြစ်ရေအမှတ်သည် စိုးရိမ်ရေအမှတ်ကျော်လွန်ကာ ၂၁ပေ ခြောက်လက်မသို့ ရောက်ရှိနေပြီး အန္တရာယ်ရေအမှတ် ရောက်ရှိရန် နှစ်ပေ ခြောက်လက်မသာ လိုတော့ကြောင်း တနင်္သာရီမြို့ခံတစ်ဦးက ဆိုသည်။