ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် သုံးပေကျော်လာ၊ အန္တရာယ်ရေအမှတ်အနီး ရောက်လာ

August 28, 2026

တနင်္သာရီမြစ်ရေသည် ယနေ့ နံနက်တွင် စိုးရိမ်ရေအမှတ် ၁၇ ပေ ထက် သုံးပေကျော်လာကြောင်း မြို့ခံများက ပြောသည်။

တနင်္သာရီမြစ်ရေသည် ရေအမြင့် ၁၇ ပေ ကို စိုးရိမ်ရေအမှတ်သတ်မှတ်ထားပြီး ရေအမြင့် ၂၄ ပေ ကို အန္တရာယ်ရေအမှတ် သတ်မှတ်ထားသည်။

လက်ရှိမှာ ၂၀ ပေ ၁၀ လက်မ အထိ ရေမြင့်တက်နေကြောင်း မြို့ခံများက ဆိုသည်။ ထို့ကြောင့် အန္တရာယ် ရေအမှတ်နှင့် သုံးပေကျော် အကွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ရေတက်လာသဖြင့် တနင်္သာရီမြစ် တစ်လျှောက်ရှိ မြို့၊ ရွာများတွင် ရေကြီးရေလျှံကာ ကမ်းပါးပြိုကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့တွင်မူ နေအိမ်အချို့ စတင်ရွှေ့ပြောင်းနေကြပြီ ဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“လောလောဆယ် နေအိမ်တချို့ အောက်ထပ်ကနေ အပေါ်ထပ်ရွှေ့တယ်။ မြေ‌နှိမ့်ဘက်ကဆို နီးစပ်ရာ ရေလွတ်တဲ့ အသိအိမ်၊ အမျိုးအိမ်တွေဆီ ရွှေ့နေကြတယ်။ ကုန်းမြင့်ပိုင်းမှာ တဲထိုးပြီးနေနေတဲ့ အိမ်ထောင်စု သုံးစုလောက်တော့ ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

သို့သော် မြို့တွင်းရေဝင်နှုန်းကို ထိန်းညှိပေးသည့် ရေတံခါးကို ပိတ်ချကာ ရေစုပ်စက်ဖြင့် ပြန်စုပ်ထုတ်နေသဖြင့် မြို့အတွင်း ရေဝင်နှုန်း အနည်းငယ်နှေးနေကြောင်း မြို့ခံများထံမှ သိရသည်။

တနင်္သာရီမြစ်ရေသည် မိုးများသဖြင့် သြဂုတ်လ ၁၇ ရက်ကတည်းက ရေတက်နေပြီး ၁၀ ရက်ဝန်းကျင်အကြာတွင် ယခုကဲ့သို့ ရွှေ့ပြောင်းရသည့် အခြေအနေသို့ ရောက်ရှိလာသည်။

တနင်္သာရီမြစ် မြစ်ဖျားခံရာ ထားဝယ်အရှေ့တောဒေသတွင်လည်း ချောင်းအချို့ ရေလျှံကာ ထားဝယ်-ထီးခီးနယ်စပ် ကားလမ်းပိုင်းတွင် နှစ်နေရာထက်မနည်း ကားလမ်းမရေကျော်နေကြောင်း အရှေ့တောဒေသခံများထံမှ သိရသည်။

သြဂုတ်လကုန်အထိ တနင်္သာရီတိုင်းတွင် မိုးဆက်ကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားထားသည်။