ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကျိုက်မရောတွင် ရပ်ကွက်၊ ကျေးရွာ ၂၀ ကျော် ရေကြီးနစ်မြုပ်နေပြီး စာသင်ကျောင်းများ ပိတ်ထားရ

August 27, 2026

ဓာတ်ပုံ - ဒေသခံ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ၂၀ ကျော်တို့တွင် ရေကြီးနစ်မြုပ်နေပြီး စာသင်ကျောင်းများ ယာယီပိတ်ထားရကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းပြီး အတ္ထရံမြစ်ရေ တိုးလာခြင်းကြောင့် ဩဂုတ်လ ၂၅ ရက်နေ့မှစတင်ကာ ကျိုက်မရောမြို့ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကျိုက်မရောမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၀ ကျော်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်းဖြစ်သည်။

“ရေက မြင့်သထက် မြင့်လာနေတယ်။ တစ်ချို့ နေရာတွေဆို လူတစ်ရပ်မြုပ်လောက် ရှိနေတယ်။ ရေတက်ရက်ဖြစ်လို့ ရေက ပိုတက်လာဖို့ ရှိတယ်။ မြစ်နားကလူတွေကတော့ ယာယီကယ်ဆယ်ရေး လုပ်ထားတဲ့နေရာတွေ ပြောင်းရွှေ့ထားကြတယ်” ဟု ရေဘေးအကူအညီပေးနေသူ တစ်ဦးက ပြောသည်။

ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် အလှူရှင်များက သောက်သုံးရေနှင့် အစားအသောက်များ လာရောက်လှူဒါန်းပေးနေသော်လည်း အလှူရှင် မရောက်ရှိသေးသည့် ကျေးရွာများလည်း ရှိနေသေးကြောင်း သိရသည်။

“တချို့အနိမ့်ပိုင်းနေရာတွေမှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ရေစဝင်နေတာ၊ မိုးက ဆက်ရွာတော့ ရေက ဆက်မြင့်တက်လာတယ်။ အခု အကုန်မြုပ်ကုန်တော့တယ်။ ကျောင်းတွေလည်း ပိတ်ထားရတယ်” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ကျိုက်မရောမြို့ပေါ်ရှိ စာသင်ကျောင်းများ အပါအဝင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀ ကျော်ကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။

သံလွင်မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည့် အတ္ထရံမြစ်ရေသည် ရေကျဆင်းမှု နှေးကွေးပြီး လက်ရှိအနေအထားအရ တစ်ပတ်၊ ၁၀ ရက်ခန့်အထိ ဆက်လက်မြင့်တက်နေနိုင်ကြောင်း ဒေသခံများက ခန့်မှန်းကြသည်။

အလားတူ မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အတ္ထရံမြစ်ရေနည်းတူ ဘီးလင်းမြစ်ရေပါ မြင့်တက်လာသဖြင့် ဘီးလင်းမြို့ ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်။