မွန်ပြည်နယ်၊ ချောင်းဆုံ (ဘီလူးကျွန်း) မြို့နယ်၊ ညောင်လမ်းကျေးရွာတွင် ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက အဘိုးအဘွားနှစ်ဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ညောင်လမ်းကျေးရွာ ရပ်ကွက် (၇) တွင် နေထိုင်သည့် အဆိုပါ အဘိုးနှင့် အဘွားတို့ကို ပတ်ဝန်းကျင်နေသူများက မတွေ့သဖြင့် ယနေ့ နံနက် ၈ နာရီခန့်က နေအိမ်တွင် သွားကြည့်ကြရာမှ အသတ်ခံထားရသည်ကို တွေ့ရှိခြင်းဖြစ်သည်။
အဘိုး၏ ရုပ်အလောင်းကို အိပ်ခန်းအတွင်း တွေ့ရပြီး အဘွား၏ ရုပ်အလောင်းကို ဘုရားခန်းရှေ့တွင် တွေ့ရကြောင်း ဒေသခံများက ပြောသည်။
နှစ်ဦးစလုံး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။
အသက် ၇၆ နှစ်အရွယ်ရှိ အဘိုးနှင့် အဘွားတို့သည် နေအိမ်တွင် နှစ်ဦးတည်း နေထိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။
“အိမ်တွေကလည်း တစ်အိမ်နဲ့ တစ်အိမ် ဝေးကြတယ်။ ဒါကို အခွင့်ကောင်းယူပြီး ပစ္စည်းယူ လူကို လုပ်ကြံသတ်ဖြတ်သွားတယ်လို့ပဲ ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးမှုအရ အဘိုး၏ နားကပ် ပျောက်ဆုံးနေသည့်အပြင် အိမ်ကိုလည်း မွှေနှောက်ထားသည့်အနေအထား တွေ့ရှိရသည်ဟု ဆိုကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်သည် ညဦးပိုင်းခန့်ကတည်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ဆိုသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ချောင်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၀၂ အရ အမှုဖွင့်ထားကြောင်း စုံစမ်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ခိုးမှု၊ လုယက်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း အိမ်ပေါ်အထိတက်ပြီး ပစ္စည်းယူ လူသတ်သည့် ဖြစ်စဉ်မျိုး မကြားဖူးကြောင်း ဒေသခံများက ပြောဆိုသည်။







