ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က ရေးမြောက်ပိုင်းကို အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး

August 21, 2026

မွန်ပြည်နယ်၊ ရေးမြောက်ပိုင်းကို စစ်အာဏာရှင်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

အင်အား ၃၀၀ ကျော်ရှိသည့် စစ်ကြောင်းသည် ဩဂုတ်လ ၁၆ ရက်နေ့ကစပြီး ရေးမြို့နယ် မြောက်ပိုင်းဒေသရှိ လိမ္မော်ခြံ၊ ဘေးလမိုင်း၊ အောင်သပြေ အစရှိသည့် ကျေးရွာများဘက်သို့ စစ်ကြောင်းများခွဲကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းများသည် တစ်ရွာဝင် တစ်ရွာထွက် လှည့်ပတ်စစ်ကြောင်းထိုးနေသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားနေသည်။

ဒေသတွင်း စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဩဂုတ်လ ၁၇ ရက်နေ့က ကနင်ကမော့ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

“စစ်ကြောင်းထိုးနေတော့ အသွားအလာ သတိရှိရတယ်။ သူတို့နဲ့ တွေ့ရင် ဖမ်းခံရနိုင်တယ်။ ခြံလည်း မသွားရဲကြဘူး။ တိုက်ပွဲဖြစ်မှာလည်း စိုးရိမ်ရတယ်။ အခြေအနေတော့ စောင့်ကြည့်နေတယ်။ အခြေအနေမကောင်းလို့ ရှောင်သင့်ရင်လည်း ရှောင်ရမယ်” ဟု ရေးမြောက်ပိုင်းဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်က အင်အားအများအပြားဖြင့် ရေးမြို့နယ်အတွင်းသို့ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုအားကောင်းသည့် ရေးမြောက်ပိုင်းဘက်ရှိ ကျေးရွာများအတွင်းသို့ ဆက်တိုက် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။