ဒေါ်နယ်ထရမ့်တစ်ယောက်တော့ ပစ်ထ်ဟက်ဆက်ကို တော်တော်လေး ဒေါသထွက်နေပုံပါပဲ။ အမေရိကန်သမ္မတဟာ သူ့ရဲ့ ယောကျ်ားဘသား ကာကွယ်ရေးဝန်ကြီးကို အီရန်စစ် အပါအဝင် စစ်ပွဲတွေကို မြတ်နိုးသူ ဆိုပြီး အမွှမ်းတင်ခဲ့တာ ဘယ်လောက်မှတောင် မကြာသေးပါဘူး။
အခုတော့ ဒီစစ်ပွဲဟာ အနိုင်လည်းမရသလို အဆုံးလည်းမသတ်နိုင်တဲ့ပုံစံ ဖြစ်လာခဲ့ပြီ။ ထရမ့်ဟာလည်း ကမ့်ဒေးဗစ်အပန်းဖြေစခန်းမှာ သူ့ရဲ့ ဒေါသတွေကို သွန်ချရင်း အမေရိကန်မှာ ခဲယမ်းမီးကျောက် ပြတ်လပ်နေတဲ့အကြောင်းကို ဟက်ဆက်က ဘာကြောင့် စောစောစီးစီး ရှင်းမပြဘဲ သူ့ကို လမ်းလွဲအောင် လုပ်ခဲ့တာလဲဆိုတာ သိချင်နေပါပြီ။
ပြင်းထန်တဲ့ တိုက်ခိုက်နိုင်စွမ်း အကြောင်း၊ အီရန်နဲ့ ဖြစ်တဲ့ စစ်ပွဲအကြောင်းတွေကို လေတစ်လုံးမိုးတစ်လုံး ပြောဆိုခဲ့တဲ့ ဟက်ဆက်ကို စိတ်တိုသင့်ပါတယ်။ ဒါပေမဲ့ တပ်အားလုံးရဲ့ စစ်သေနာပတိချုပ် အဖြစ်နဲ့ ဒီလမ်းလွဲနေတဲ့ ပဋိပက္ခကို စတင်ဖို့ အမိန့်ပေးခဲ့တဲ့ ထရမ့်ကိုဆိုရင် ပိုတောင် ဒေါသထွက်သင့်တာပါ။
သူတို့ နှစ်ယောက်လုံးဟာ အီရန်စစ်မှာ လွဲချော်သွားနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကြိုတင်ဆန်းစစ် သတိပေးမယ့် အကြံပေး အမြောက်အမြားရဲ့ စကားတွေကို နားထောင်ခဲ့မယ်ဆိုရင် ရသားပဲ။ ဒီစကားတွေထဲမှာ အီရန်က ဟော်မုဇ် ရေလက်ကြားကို ပိတ်ပစ်တာကနေ အမေရိကန်ရဲ့ ခဲယမ်းမီးကျောက်တွေ ကုန်ခမ်းသွားတာအထိ တွက်ချက်မှုတွေ ပါခဲ့မှာပဲ။
အရေးအကြီးဆုံး အကြံပေးဖြစ်သူကတော့ ဒုတိယအန္တရာယ်နဲ့ ပတ်သက်ပြီး အတိအကျ ကြိုတင်သတိပေးခဲ့ပါတယ်။ သူက ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌနဲ့ အမြင့်ဆုံး စစ်ဘက်အရာရှိဖြစ်သူ ဒန်ကိန်းပါ။
ဒန်ကိန်းဟာ ဖေဖော်ဝါရီလတုန်းက အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်မှု မလုပ်ခင် ရက်ပိုင်းအလိုကတည်းက အီရန်စစ်ပွဲ တာရှည်လာရင် အချို့သော စစ်လက်နက်တွေ ရှားပါးလာမှာကို စိုးရိမ်ခဲ့ပါတယ်။ ထရမ့်က သူ့စကားကို လျစ်လျူရှုခဲ့ပါတယ်။
အခုတော့ ရုပ်ပျက်ဆင်းပျက် ကိန်းဂဏန်းတွေ ထွက်လာနေပါပြီ။ ရိုက်တာ သတင်းဌာနက ဖော်ပြထားတဲ့အတိုင်းပဲ အမေရိကန် စစ်တပ်ဟာ ပစ်မှတ်ကို အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ တိုက်စစ်ဒုံးကျည်အမျိုးအစား အားလုံးနီးပါးကို သုံးစွဲပစ်လိုက်ပြီ ဖြစ်ပါတယ်။
အဲဒီအထဲမှာ ATACMS (ကြည်းတပ် နည်းဗျူဟာမြောက် ဒုံးကျည်စနစ်များ) နဲ့ ပိုမိုတိကျတဲ့ အဝေးပစ် Precision Strike Missiles (PrSM) ဒုံးကျည်အသစ်တွေ ပါဝင်ပါတယ်။ စစ်သင်္ဘော ဒါမှမဟုတ် ရေငုပ်သင်္ဘောကနေ ပစ်ခတ်ရတဲ့ ခရုဇ်ဒုံးကျည်တွေ ဖြစ်တဲ့ တိုမာဟော့ ဒုံးတွေလည်း လက်ကျန်နည်းလာပါပြီ။
ကြားဖြတ်တိုက်ခိုက်ရေး ဒုံးကျည်တွေလို့လည်း ခေါ်တဲ့ ဖျက်ဒုံးတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ ဝါရှင်တန်အခြေစိုက် အကြံပေးအဖွဲ့ တစ်ခုဖြစ်တဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) ရဲ့ ခန့်မှန်းချက်အရ ဆိုရင် အမေရိကန်ဟာ ပက်ထရီယော့ဒုံးကျည် သုံးပုံနှစ်ပုံခန့်နဲ့ သက်ဒ်စနစ် အားလုံးရဲ့ ထက်ဝက်နီးပါးကို သုံးစွဲထားပြီ ဖြစ်ပါတယ်။
Terminal High Altitude Area Defense လို့ အရှည်ကောက်ခေါ်တဲ့ သက်ဒ်ဟာ ဝင်ရောက်လာတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို လေထုထဲမှာ ဒါမှမဟုတ် လေထုအပြင်ဘက်မှာကတည်းက ကြားဖြတ်ပစ်ချပေးတဲ့စနစ် ဖြစ်ပါတယ်။
ပင်တဂွန်ဟာ အခုအခါမှာ ဒီဒုံးကျည်တွေ အများအပြား မြန်မြန်ဆန်ဆန် ထုတ်လုပ်ဖို့ လော့ဟစ်မာတင်နဲ့ ရေသီယွန်လို ကုမ္ပဏီတွေကို အားကိုးတိုက်တွန်းနေတာ သေချာပါတယ်။ ဘယ်လိုပဲဆိုဆို အမေရိကန်ရဲ့ လက်နက်တိုက်တွေကို ပြန်လည်ဖြည့်တင်းဖို့ ဆိုတာကတော့ နှစ်ပေါင်းများစွာ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။
ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေ
ဒီတော့ အခုလိုမျိုး မလိုအပ်ဘဲ ပစ္စည်းပြတ်ကုန်တဲ့ ပြဿနာအသစ်ရဲ့ အကျိုးဆက်တွေက ဘာတွေဖြစ်မလဲ။ နည်းဗျူဟာမြောက် ကိစ္စတွေကနေ မဟာဗျူဟာမြောက် ကိစ္စတွေအထိ ကြုံရနိုင်တဲ့ အကျိုးဆက် စာရင်းထဲက တချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ချက်ချင်းလက်ငင်း ကြုံရမှာက အီရန်နဲ့ ညှိနေချိန် ထရမ့်ဘက်က စစ်ရေးအရှိန် မြှင့်တင်နိုင်မယ့် အခွင့်အလမ်းအတွက် ကန့်သတ်ခံရခြင်းပဲ ဖြစ်ပါတယ်။ ဒါကလည်း ထရမ့်ကသာ ညှိတယ်ပြောနေပေမဲ့ ဘယ်မှ ခရီးမပေါက် ဖြစ်နေတာပါ။ ဒီလထဲမှာတင် သူကိုယ်တိုင်ခြိမ်းခြောက်ခဲ့တဲ့ ဧရာမတိုက်ခိုက်မှုကြီးကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတာဟာ ခဲယမ်းပြတ်လပ်မှုရဲ့ ရိုက်ခတ်မှုလို့ ယူဆရပါတယ်။
ထရမ့်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်လုပ်ချင်ပေမဲ့ စစ်တပ်မှာ မြေပြင် သို့မဟုတ် ရေပြင်ကနေ ပစ်ခတ်ရတဲ့ တာဝေးပစ်ဒုံးကျည်တွေ နည်းပါးနေပြီဆိုရင် လေယာဉ်တွေနဲ့ပဲ တိုက်ခိုက်ရတော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုတိုက်ဖို့ဆိုရင် လေယာဉ်တွေဟာ ပစ်မှတ်တွေရဲ့ အနီးအနား ဒါမှမဟုတ် ပစ်မှတ်တွေရဲ့ အပေါ်ကနေ ပျံသန်းရမှာ ဖြစ်နေတော့ ဒီလေယာဉ်တွေကို အီရန်တပ်က ပစ်ချနိုင်ခြေ ပိုများပါတယ်။
အမေရိကန်ဘက်မှာလည်း သေဆုံးသူ ၁၈ ဦးနဲ့ ဒဏ်ရာရသူ ရာပေါင်းများစွာ ရှိနေပြီမို့ ဒီအရေအတွက် ပိုမြင့်တက်လာတာမျိုးကို ထရမ့်အနေနဲ့ အဖြစ်မခံနိုင်တော့ပါဘူး။
ခံစစ်ဘက်မှာ သုံးတဲ့ ဖျက်ဒုံးတွေအတွက်လည်း အလားတူ စဉ်းစားကြည့်လို့ရပါတယ်။ ထရမ့်က တိုက်ခိုက်မှု အရှိန်မြှင့်လိုက်ရင် ရန်သူဟာ အရှေ့အလယ်ပိုင်း ဒေသတစ်လျှောက်က အမေရိကန် စခန်းတွေ၊ ပင်လယ်ကွေ့ စော်ဘွားများနိုင်ငံ ဒါမှမဟုတ် ဂျော်ဒန် အစရှိတဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေကို တိုက်ခိုက်ပြီး လက်တုံ့ပြန်မှာ ဖြစ်ပါတယ်။ ဒုံးခွင်းဒုံးတွေ အကန့်အသတ်နဲ့သာ ထောက်ပံ့နိုင်တော့တဲ့ အမေရိကန်အနေနဲ့လည်း ဒီလိုဖြစ်လာရင် ဘာကို ကာကွယ်ရမလဲ၊ ဘာကို မကာကွယ်ဘဲ ထားခဲ့ရမလဲဆိုတာ ဆုံးဖြတ်ရတော့မှာပါ။
အရှေ့အလယ်ပိုင်းဟာ စစ်ပွဲဖြစ်ပွားနိုင်ခြေရှိတဲ့ တစ်ခုတည်းသော နေရာ မဟုတ်တာ ထင်ရှားပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ အမေရိကန်ကို စစ်ရေးအရ တည်ရှိနေဖို့ မျှော်လင့်တာတွေ ရှိကြပါတယ်။ ဥပမာဆိုရရင် ထိုင်ဝမ် သို့မဟုတ် အမေရိကန်နဲ့ စာချုပ်ဝင် မဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်ကို တရုတ်က တိုက်ခိုက်တာမျိုး မလုပ်အောင် တားဆီးဖို့ ဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ ဆိုရင်လည်း အမေရိကန်ဟာ မြောက်ကိုရီးယားက တောင်ကိုရီးယားကို နောက်တစ်ကြိမ် တိုက်ခိုက်တာ၊ တောင်-မြောက် ကိုရီးယားစစ်ပွဲ ပြန်စဖို့ စဉ်းစားတာမျိုးတောင် မလုပ်နိုင်အောင် တားဆီးရမှာ ဖြစ်ပါတယ်။
နောက်ပြီး ဝါရှင်တန်ဟာ ရံဖန်ရံခါ ဆန့်ကျင်ဘက် သဘောမျိုး မြင်တွေ့ရပေမဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (နေတိုး) ရဲ့ အရေးအကြီးဆုံး အဖွဲ့ဝင်အဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပ နေတိုးနိုင်ငံတွေကို တပိုင်းတစစစ်ပွဲ (Hybrid War) ဆင်နွှဲနေပြီဖြစ်တဲ့ ရုရှားတို့ ဒီနိုင်ငံတွေထဲ ဝင်ရောက်မလာအောင် တားဆီးဖို့ အမေရိကန်အနေနဲ့ အသင့်ရှိနေရမှာပါ။
ဒီလို စစ်ရှိန်မြှင့်လာမှုမျိုး မရှိဘူးပဲ ထားဦး။ အမေရိကန်ရဲ့ ဒုံးကျည် ပြတ်လပ်မှုဟာ ယူကရိန်းကို ထိခိုက်စေပါဦးမယ်။ ယူကရိန်းဟာ မော်စကိုရဲ့ အဆက်မပြတ် ဗုံးကြဲမှုကို ကာကွယ်ဖို့အတွက် အမေရိကန်လက်နက်တွေကို ဥရောပပိုက်ဆံနဲ့ ပိုဝယ်ဖို့ မျှော်လင့်နေတာပါ။ အခုတော့ ဝယ်စရာဒုံးကျည် များများစားစား ရတော့မယ် မထင်ပါဘူး။ လုံးလုံး မရှိတော့တာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။
ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တစ်ဦးက “ဟိုက်ပါ ပါဝါ” လို့တောင် တစ်ချိန်က ရည်ညွှန်းခဲ့ဖူးတဲ့ အမေရိကန်ဟာ အခုအခါ စစ်ရေးအရ တော်တော်လေး အင်အားဆုတ်ယုတ်နေပြီး ခဲယမ်းမီးကျောက် ကုန်ခမ်းလုလု ဘဝနဲ့ အသက်ရှူကျပ်နေတာကို အမေရိကန်ရဲ့ ပြိုင်ဘက်တွေဟာ သတိမထားမိဘဲ နေမှာ မဟုတ်ပါဘူး။
ပီကင်း၊ ပြုံယမ်း၊ မော်စကို အစရှိတဲ့ နိုင်ငံတွေဟာ နိုင်ငံတကာစနစ်ရဲ့ အားနည်းချက်တွေကို ခြေရာကောက်ပြီး အမေရိကန်အပေါ် ဖိအားကို ပိုပြီး မြှင့်တင်လာပါလိမ့်မယ်။ ရလဒ်အနေနဲ့ ယူကရိန်းနိုင်ငံ လုံးလုံး ပြိုလဲသွားတာ၊ ထိုင်ဝမ်အပေါ် တရုတ်က စစ်ရေးအရ ဆောင်ရွက်မှုတွေ ရှိလာတာ၊ တောင်ကိုရီးယားကို အကျပ်ကိုင် ချုပ်ကိုင်ဖို့ မြောက်ကိုရီးယားက ကြိုးပမ်းလာတာ တွေကအစ ဖြစ်သွားနိုင်ပါတယ်။
အမေရိကန်ဟာ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ ကိုရီးယားနဲ့ ဂျပန်တို့မှာ စစ်အခြေစိုက် စခန်းတွေ ဖြန့်ကြက် နေရာချထားပါတယ်။ အမေရိကန်နိုင်ငံ ပြင်ပမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင် ၁၆၀,၀၀၀ ကနေ ၁၇၅,၀၀၀ ဝန်းကျင်ရှိပါတယ်။ အရေးအကြီးဆုံး တပ်ဖွဲ့တွေဟာ ဥရောပ၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာ တည်ရှိနေတာ ဖြစ်ပါတယ်။
ကိုရီးယားကျွန်းဆွယ်လို နေရာမျိုးမှာ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ ကြုံလာရရင် တောင်ကိုရီးယားမှာ အမေရိကန်တပ်ဖွဲ့တွေ ဆက်လက် တပ်စွဲထားဖို့ဆိုတာ အန္တရာယ်များလွန်းတဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။
ဘာတွေ အရေးယူ ဆောင်ရွက်သင့်သလဲ
ထရမ့်ကတော့ သူ့ဝသီအတိုင်းပဲ ဟက်ဆက်အပေါ် သူ ဒေါသဖြစ်နေတဲ့ သတင်းနဲ့ ခဲယမ်းမီးကျောက် အကျပ်အတည်း သတင်းတွေကို သတင်းတုတွေလို့ သမုတ်ပြီး မျက်ကွယ်ပြုဖို့ ကြိုးစားနေပါတယ်။
“အကုန်လုံးဟာ အံ့ဩဖွယ်ကောင်းလောက်အောင် အဆင်ပြေနေတယ်” ဆိုတဲ့စကားချည်းပဲ ရွှန်းရွန်းဝေအောင် ပြောနေပါတယ်။ အမေရိကန်မှာ လက်နက် ပြတ်လပ်မှု မရှိပါဘူးလို့ ပြောနေပေမဲ့ တစ်ဘက်မှာလည်း ထရမ့်ဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇာလန်းစကီးကိုတော့ “အမေရိကန် ကိုယ်တိုင် သုံးဖို့ လိုအပ်နေလို့” ယူကရိန်းအတွက် ပို့ပေးဖို့ ပက်ထရီယော့ ကြားဖြတ်ဒုံးတွေ မရှိဘူးလို့ ပြောနေပြန်ပါတယ်။
ယခင် ရီပါဘလစ်ကန် အစိုးရ လက်ထက် အမျိုးသား လုံခြုံရေးကောင်စီရဲ့ ဝါရင့် အရာရှိတစ်ဦး ဖြစ်သူ ကိုရီရှာကီ ပြောခဲ့သလိုပဲ လက်တွေ့မှာတော့ “ထရမ့်ဟာ စစ်ပွဲ ပုံစံအသစ်ကို ရှာတွေ့ဖို့ မဆိုထားနဲ့ အရှုံးခံမယ့် ပုံစံအသစ်တွေကိုပဲ ရှာတွေ့နေတာ” လို့ ပြောရပါတော့မယ်။
ထရမ့်အနေနဲ့ ဟက်ဆက်နဲ့ သူ့ရဲ့ နောက်လိုက်တွေကို စိတ်တိုင်းကျ ပြစ်တင်မာန်မဲနိုင်ပါတယ်။
သို့သော်ငြားလည်း သူ့ဘက်က ဝန်ခံသင့်ပေမဲ့ ထုတ်ပြောလာမှာ မဟုတ်တဲ့ အချက်တစ်ခုကတော့ သူဟာ ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်တစ်ခုကို အစပျိုးခဲ့ပြီ ဆိုတာပါပဲ။
လက်ရှိ အခြေအနေတွေအောက်မှာ အမေရိကန်အနေနဲ့ သူ့ရဲ့ ကာကွယ်ရေးဆိုင်ရာ ရပ်တည်ချက်ကို ပြန်လည် ပုံဖော်ဖို့ လိုအပ်နေပါပြီ။ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုကို သိသိသာသာ တိုးမြှင့်ရပါမယ်။ အရေးပါတဲ့ လက်နက် အရန်သိုလှောင်မှုတွေကို ဖြည့်ဆည်းရပါမယ်။ ထောက်ပံ့ရေးပစ္စည်း ပြတ်လပ်မယ့် လာမယ့်ဆယ်စုနှစ်အတွင်း အမေရိကန်ရဲ့ မဟာမိတ်တွေ၊ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ဘယ်လို ကူညီထောက်ပံ့နိုင်မလဲ ဆိုတာကိုလည်း ပြန်သုံးသပ်ဖို့ လိုအပ်ပါလိမ့်မယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်ရဲ့ မဟာမိတ်တွေအနေနဲ့လည်း သူတို့ရဲ့ ကိုယ်ပိုင် လုံခြုံရေးအတွက် အများကြီး ပိုမိုအားစိုက် လုပ်ဆောင်ကြရပါလိမ့်မယ်။ အခုအတိုင်းသာ ဆိုရင် လာမယ့် ဆယ်စုနှစ်ဟာ စစ်အေးတိုက်ပွဲ ဆုံးခန်းတိုင်ပြီး နောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် စိန်ခေါ်မှု အများဆုံးကာလ အဖြစ် တွေ့မြင်ရနိုင်ခြေ ရှိနေလို့ပါပဲ။
ရာဗီချန်ဒရာကူးမား
ရည်ညွှန်း
- The US Ammo Crunch Is a Global Disaster by Andreas Kluth, BLOOMBERG
- Out of bullets, US will have to adjust and change security policy by Stephen Bryen, ASIA TIMES







