အိန္ဒိယနိုင်ငံမှာ လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ်ပါတီ လှုပ်ရှားမှုကို ထောက်ခံပါဝင်တဲ့သူ ထောင်ပေါင်းများစွာဟာ မြို့တော်နယူးဒေလီမှာ စခန်းချဆန္ဒပြပြီး ပညာရေးဝန်ကြီးဒါမန်ဒရာပရာဒန် နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ဒါဟာ ဝန်ကြီးချုပ်နရန်ဒရာမိုဒီရဲ့ တတိယသက်တမ်းမှာ အကြီးမားဆုံး လူထုစိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။
ဒီဆန္ဒပြပွဲတွေကို ဘယ်အရာက မီးမွှေးပေးလိုက်သလဲ ၊ လက်ရှိ ဖြစ်နေတဲ့ အခြေအနေက ဘယ်လိုလဲဆိုတာကို ကြည့်ကြရအောင်ပါ။
ဘာကြောင့် ဆန္ဒပြသူတွေက ပရာဒန်နုတ်ထွက်ပေးဖို့ လိုချင်တာလဲ
ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာအောင် ရုတ်တရက် မီးမွှေးပေးလိုက်တာကတော့ စာမေးပွဲမေးခွန်းတွေ ပေါက်ကြားလို့ဆိုပြီး National Eligibility cum Entrance Test (NEET) စာမေးပွဲကို ဖျက်သိမ်းလိုက်တာပါပဲ။ ဒီစာမေးပွဲဟာ အိန္ဒိယနိုင်ငံရဲ့ ဘွဲ့ကြိုဆေးကျောင်းဝင်ခွင့်စာမေးပွဲတစ်ခု ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံတစ်ဝှမ်း မေလ ၃ ရက်နေ့မှာ ကျောင်းသားဦးရေ ၂ သန်းဝန်းကျင် ဒီစာမေးပွဲကို ဖြေဆိုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီစာမေးပွဲရလဒ်ကို ပြန်ပယ်ဖျက်လိုက်တာပါ။
ဒီလို ဖျက်သိမ်းမှုနဲ့ ဆက်စပ်ပြီးတော့ ကျောင်းသားပေါင်း တစ်ဒါဇင်လောက်က ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြပါတယ်။
NEET စာမေးပွဲ ဘာကြောင့် အရေးပါတာလဲ
ဒီစာမေးပွဲဟာ အိန္ဒိယတနိုင်ငံလုံးမှာ ဘွဲ့ကြိုဆေးသင်တန်းတွေ တက်ရောက်ဖို့အတွက် တစ်ခုတည်းသော တံခါးပေါက် ဖြစ်ပါတယ်။ နှစ်စဉ်စာမေးပွဲဖြေဆိုသူ သန်းနဲ့ချီ ရှိပါတယ်။ ဝင်ခွင့်ရရှိတဲ့ ကျောင်းသားဦးရေက ၁၅၀,၀၀၀ ထက် နည်းပါတယ်။ ဒါကြောင့် ဒီစာမေးပွဲဟာ အိန္ဒိယနိုင်ငံရဲ့ အခက်ခဲဆုံး စာမေးပွဲတွေထဲက တစ်ခု ဖြစ်ပါတယ်။
ဒီအခြေအနေဟာ အိန္ဒိယနိုင်ငံရဲ့ အဆင့်မြင့်ပညာရေးစနစ်ထဲက ပိုကျယ်ပြန့်တဲ့ ဖိအားအကျပ်အတည်းတွေကိုလည်း ထင်ဟပ်နေပါတယ်။ အင်မတန် နည်းပါးတဲ့ ဝင်ခွင့်နေရာတွေအတွက် ကျောင်းသားသန်းပေါင်းများစွာက လပေါင်းများစွာ နှစ်ပေါင်းများစွာကြာတဲ့အထိတောင်မှ အသည်းအသန် စာလုပ်နေရပါတယ်။ အလျော်အစားကြီးတဲ့ ဝင်ခွင့်စာမေးပွဲတွေက ဒီကျောင်းသားတွေကို စိတ်ကုန်လက်ပန်းကျစေသလို ၊ ငွေရေးကြေးရေး အကြွေးတင်တာမျိုးလည်း ဖြစ်စေပါတယ်။
အရင်ကရော စာမေးပွဲမေးခွန်းတွေ ပေါက်ကြားဖူးလား
အိန္ဒိယမှာ စာမေးပွဲမေးခွန်း ပေါက်ကြားတာက တော်တော်လေး အတွေ့ရများပါတယ်။ ၂၀၂၄ တုန်းကလည်း NEET မေးခွန်းတွေ အချို့နေရာတွေမှာ ပေါက်ကြားခဲ့ပေမဲ့ အဲဒီတုန်းက စာမေးပွဲ ပြန်ဖြေဖို့ အမိန့်မထုတ်ခဲ့ပါဘူး။
လူဦးရေ ၁.၄ ဘီလီယံရှိတဲ့ ဒီတောင်အာရှနိုင်ငံမှာ ရဲဝင်ခွင့်နဲ့ ဆရာ/ဆရာမခန့်အပ်ရေး စာမေးပွဲမေးခွန်တွေအပါအဝင် အခြားစာမေးပွဲမေးခွန်းတွေလည်း ပေါက်ကြားခဲ့ဖူးပါတယ်။
ဒီတစ်ကြိမ် စာမေးပွဲမေးခွန်းပေါက်ကြားတာက ဘာထူးခြားလဲ
ဒီနှစ်စာမေးပွဲမေးခွန်းပေါက်ကြားမှုဟာ ‘ပိုးဟပ်ပြည်သူ့ပါတီ’လို့ ကိုယ့်ဘာသာ နာမည်ပေးထားတဲ့ နိုင်ငံရေးကို သရော်တဲ့ လှုပ်ရှားမှုနဲ့ တိုက်ဆိုင်နေပါတယ်။ အဲဒီလှုပ်ရှားမှုဟာ လူငယ်တွေရဲ့ မကျေနပ်ချက်တွေကို လက်ရှိဆန္ဒပြပွဲတွေဆီ ဦးတည်သွားစေခဲ့ပုံ ရပါတယ်။
မေလလယ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ရက်ပိုင်းအတွင်း အင်စတာဂရမ်မှာ ဖော်လိုဝါ သန်းနဲ့ချီ ရရှိခဲ့တဲ့ ဒီအဖွဲ့ဟာ အိန္ဒိယနိုင်ငံ လူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ အသက် ၃၀ အောက် လူငယ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အဲဒီစိုးရိမ်ပူပန်မှုတွေထဲမှာ လူငယ် အလုပ်လက်မဲ့နှုန်း မြင့်မားတာနဲ့ အခုနောက်ဆုံး စာမေးပွဲမေးခွန်းပေါက်ကြားမှုတို့ ပါဝင်ပါတယ်။
အစိုးရဘက်က ဘယ်လိုတုံ့ပြန်သလဲ
လူငယ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးဖို့နဲ့ စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရဘက်က သံန္နိဌာန်ချထားတယ်လို့ ပရာဒန်က ပြောထားပါတယ်။ စာမေးပွဲမေးခွန်း ပေါက်ကြားမှုနောက်ကွယ်က လူတွေကို အရေးယူမယ်လို့လည်း ဝန်ကြီးချုပ်မိုဒီက အာမခံထားပါတယ်။
တနင်္လာနေ့မှာတော့ ကျန်းမာရေးဝန်ကြီး ဂျေပီနက်ဒါက ဆန္ဒပြသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို ဆွေးနွေးဖို့ အချိန်တောင်းခဲ့ပါတယ်။ အဲဒီတောင်းဆိုချက်တွေထဲမှာ ပြီးခဲ့တဲ့အပတ်က ဆေးရုံတင်လိုက်ရတဲ့ အစာငတ်ခံ ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူ ဆိုနမ် ဝမ်ချွတ်ကို လွှတ်ပေးဖို့ ပါဝင်ပါတယ်။ မေးခွန်းပေါက်ကြားပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ ကျောင်းသား တစ်ဦးစီအတွက် လျော်ကြေးအနေနဲ့ ရူပီး ၁၀ သန်း (ဒေါ်လာ ၁၀၄,၀၀၀) ပေးဖို့လည်း ပါဝင်ပါတယ်။
လက်ရှိအခြေအနေက ဘယ်လိုရှိလဲ
ပါလီမန်ဆီ ချီတက်ဖို့ ကြိုးစားတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ၂ ရက်အကြာမှာတော့ ဆန္ဒပြသူတွေဟာ နယူးဒေလီမြို့က ထိုင်သပိတ်စခန်းမှာ ဆက်လက်စခန်းချနေကြပါတယ်။
တောင်းဆိုချက်တွေ မရမချင်း အဲဒီမှာပဲ ဆက်ရှိနေမယ်လို့ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။
အဓိက အတိုက်အခံ ကွန်ဂရက်ပါတီ အပါအဝင် အတိုက်အခံနိုင်ငံရေးပါတီတွေကလည်း ဒီကိစ္စကို ပါလီမန် အတွင်းရော အပြင်မှာပါ ဆက်လက် တောင်းဆိုသွားမယ်လို့ ကတိပြုထားကြပါတယ်။ လူထုအကြား အင်မတန် ရိုက်ခတ်မှုရှိပြီး မိုဒီရဲ့ လူငယ် မဲဆန္ဒရှင်ထုထည်ကို ထိခိုက်စေတဲ့ ဒီကိစ္စကို မိုဒီနဲ့ သူ့ပါတီကို အကြပ်ရိုက်အောင် လုပ်နိုင်ဖို့ အခွင့်အရေးသစ်တစ်ခုအနေနဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေက ရှုမြင်နေကြပါတယ်။
လုချိုင်း
(Reuters သတင်းဌာနက ဇူလိုင်လ ၂၂ ရက်နေ့တွင် ဖော်ပြထားသည့် What’s behind India’s ‘cockroach’ youth protests? ဆောင်းပါးကို ဘာသာပြန်သည်)







