ဘေကျင်းထိပ်သီး အစည်းအဝေးကတော့ မေလထဲမှာပဲ ပြီးသွားပါပြီ။ အီရန်အရေး၊ အစည်းအဝေး မစခင်လေးမှာတင် အရှိန်တက်လာခဲ့တဲ့ ထိုင်ဝမ်ပြဿနာ၊ လတ်တလော ငြိမ်ချက်သားကောင်းနေတဲ့ တရုတ်-အမေရိကန် အခွန်စစ်ပွဲ အစရှိတဲ့ ဖြစ်ရပ်ကြီးတွေ နောက်ခံနဲ့အတူ ကမ္ဘာ့ဥသျှောင် မင်းနှစ်ပါးရဲ့ တွေ့ဆုံပွဲကို လူတွေ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတာပေါ့လေ။
အမေရိကန်တို့ သူ့ရဲ့ စူပါပါဝါ သရဖူကို တရုတ်ဆီ လွှဲပေးနေရပြီဆိုတဲ့ အင်ပါယာနိဂုံး ဇာတ်ကြောင်းတွေလည်း ဒီအစည်းအဝေးနဲ့အတူ တကျော့ပြန် အားကောင်းလာသေးရဲ့။ ဒီဆောင်းပါးမှာတော့ အဲဒီဘက်ကို မသွားတော့ပါဘူး။ ဒီအယူအဆနဲ့ ပြောင်းပြန် ဖြစ်ပျက်နေတဲ့ ကဏ္ဍတစ်ခုကိုပဲ အဓိက ထောက်ပြလိုပါတယ်။ ဒါက ဘဏ္ဍာရေးနယ်ပယ်ပါ။ ဒီနယ်ပယ်မှာ တရုတ်တို့ အီလေးဆွဲနေတဲ့အတွက် ပြိုင်ဘက် အမေရိကန်ဟာ အလိုအလျောက် ရှေ့ရောက်ပြီးသား ဖြစ်နေပါတယ်။
ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီး နှစ်ခုကြားက ဘဏ္ဍာရေးအာဏာ ကွာဟချက်ဟာ အခုလောက်အထိ တစ်ခါမှ မကြီးမားဖူးသေးပါဘူး။
၁၅ ရာစုကစလို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန် အစရှိတဲ့ အင်ပါယာသမိုင်းကြောင်းတွေကို ပြန်ကြည့်ရင် အသစ်ပေါ်ထွက်လာတဲ့ စိန်ခေါ်သူတွေဟာ စစ်ရေးကနေ ကုန်သွယ်ရေးအထိ ကျယ်ပြန့်တဲ့ အင်အားတွေကို တည်ဆောက်ကြတာကို တွေ့ရမှာပါ။ တရုတ်ကျတော့ တခြားကဏ္ဍအားလုံးမှာ ဒီပုံစံအတိုင်း ဖြစ်နေပေမဲ့ ဘဏ္ဍာရေးတစ်နေရာ ကွက်ကျန်နေခဲ့ပါတယ်။ အတိတ်နဲ့ လက်ရှိက ပြိုင်ဘက်နိုင်ငံတွေရဲ့ ငွေကြေးတွေလို မဟုတ်ဘဲ ယွမ်ငွေဟာ လွတ်လွတ်လပ်လပ် လဲလှယ်နိုင်တဲ့အဆင့်နဲ့ အလှမ်းဝေးနေဆဲပါ။ နိုင်ငံတကာသုံး ငွေကြေးတစ်ခုအဖြစ်လည်း ဟုတ်တိပတ်တိ နေရာမရသေးပါဘူး။
■ ယွမ်နဲ့ ဒေါ်လာကို ဘယ်လိုသုံးနေကြလဲ
အင်ပါယာတစ်ခု စီးပွားရေးအင်အား တောင့်တင်းလာပြီ ဆိုရင် ပုံမှန်အားဖြင့် သူ့ရဲ့ငွေကြေးကို တခြားနိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေက အရံငွေကြေးအဖြစ် သိမ်းဆည်းလာကြပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) ရဲ့ ၁၇ ရာခိုင်နှုန်း ရှိနေပေမဲ့ ဗဟိုဘဏ်တွေရဲ့ အရံငွေကြေးမှာတော့ ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကြောင့် တရုတ်ဟာ အလားတူ တက်လှမ်းဆဲအဆင့်မှာ ရှိခဲ့တဲ့ နောင်တော်စူပါပါဝါတွေနဲ့ ယှဉ်ရင် ဘဏ္ဍာရေးအင်ပါယာမှာ အနှစ် ၃၀ ကနေ ၄၀ လောက် နောက်မြီးဆွဲကျန်ရစ်တာပါ။
ကုန်သွယ်ရေးမှာလည်း ဒီအတိုင်းပါပဲ။ ထွန်းသစ်စအင်အားကြီး နိုင်ငံတစ်ခု နေရာရလာရင် ဒီကုန်သွယ်မှုမှာ သူတိုက်ရိုက်မပါရင်တောင် ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေက ဒီပါဝါအသစ်နိုင်ငံရဲ့ ငွေကြေးနဲ့ ငွေပေးချေမှုကို ပိုလက်ခံလာကြပါတယ်။
ဗြိတိသျှတို့ ကောင်းစားစဉ်က ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၄၀ ရာခိုင်နှုန်းထိရှိခဲ့ပြီး သူ့ရဲ့ စတာလင်ပေါင်ကို ကုန်သွယ်ငွေပေးချေမှုတွေမှာ အသုံးပြုကြတာကတော့ ၆၀ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ်။ တရုတ်ကတော့ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၁၅ ရာခိုင်နှုန်း ရှိနေပေမဲ့ ကုန်သွယ်မှုပြေစာတွေရဲ့ ၂ ရာခိုင်နှုန်းပဲ ယွမ်ငွေနဲ့ ဖော်ပြတာ တွေ့ရပါတယ်။
ကမ္ဘာကြီးမှာ အဓိကငွေကြေးတွေကို ကုန်သွယ်မှု၊ ငွေကြေးဖလှယ်မှု၊ အကြွေးနဲ့ အခြား အကြီးစား အရောင်းအဝယ်တွေမှာ ဘယ်လောက်အထိ အသုံးများလဲဆိုတာကို အမေရိကန် ဗဟိုဘဏ်က အညွှန်းကိန်းတစ်ခုနဲ့ တိုင်းတာထားပါတယ်။ ဒီအညွှန်းကိန်းမှာ ယွမ်ငွေရဲ့ ပါဝင်မှုဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ သုညကနေ ၂.၅ ရာခိုင်နှုန်းအထိပဲ တရွေ့ရွေ့ တက်ခဲ့ပါတယ်။
ဒါဟာ ကမ္ဘာကြီးမှာ ဘဏ္ဍာရေးစနစ် လွှမ်းမိုးမှု အရင်ကထက် ပိုများလာတဲ့ ခေတ်ကာလမှာ ဖြစ်နေတာပါ။ ဒီခေတ်ကြီးမှာ စတော့ဈေးကွက်တွေ၊ ဘဏ်ချေးငွေတွေ၊ အကြွေးပမာဏတွေအားလုံးဟာ ကမ္ဘာ့စီးပွားရေးရဲ့ အချိုးအစားအရ ပေါက်ကွဲသလို အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုးဟာ လေးဆအထိ မြင့်တက်လာပြီး ကမ္ဘာ့ဂျီဒီပီရဲ့ ၄၀၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။
နေရာတိုင်းမှာ ဒေါ်လာ ရှိနေတာကြောင့် အမေရိကန်ဟာလည်း နည်းလမ်းမျိုးစုံနဲ့ ဆရာလုပ်နိုင်စွမ်း ရနေပါတယ်။ ဒေါ်လာအပေါ် လိုလားချက် မြင့်မားတာက အမေရိကန်ရဲ့ ချေးငွေကုန်ကျစရိတ်ကို သက်သာစေပြီး ကြီးမားတဲ့ အမြွှာလိုငွေပြမှု (twin deficits – ဘတ်ဂျက်လိုငွေနဲ့ ကုန်သွယ်ရေးလိုငွေ) ကို ဆက်တိုက် ဖြစ်ပေါ်စေနိုင်ပါတယ်။
တခြား မည်သည့်နိုင်ငံကမှ ဒီလို အင်ပါယာ အခွင့်ထူးခံ သို့မဟုတ် ဒေါ်လာနဲ့ ဝယ်ထားတဲ့ ပထဝီနိုင်ငံရေး သြဇာလွှမ်းမိုးမှုမျိုး မရကြပါဘူး။ ဒေါ်လာဟာ အမေရိကန်က ထွက်တာဖြစ်တဲ့အတွက် ဒေါ်လာလွှမ်းမိုးထားတဲ့ စနစ်ဟာလည်း အမေရိကန်ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိတဲ့သဘော ဖြစ်နေပါတယ်။ ဒါကြောင့် အမေရိကန်ဟာ တခြားနိုင်ငံတွေကို ဖိအားပေးရာမှာ သူ့ဘဏ္ဍာရေး ကွန်ရက်ထဲကို ဝင်ခွင့်ဖြတ်တောက်တဲ့ နည်းလမ်းမျိုး အသုံးပြုလေ့ရှိပါတယ်။ အခုလည်း သုံးနေတာပါပဲ။ ဒီတော့ အမေရိကန်အတွက် သူ့ငွေကြေးဟာ လက်နက်တစ်ခုလို ဖြစ်နေပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဒီဘဏ္ဍာရေးလက်နက်အင်အားကို မယှဉ်နိုင်မချင်းတော့ မပြည့်စုံသေးတဲ့ စူပါပါဝါတစ်ခုအဖြစ်ပဲ ရှိနေဦးမှာပါ။
■ အတောင်မစုံသေးတဲ့ စူပါပါဝါ
တရုတ်ဟာ သူ့ရဲ့ ဘဏ္ဍာရေးစနစ်ကို တခြားနိုင်ငံတွေထက် ပိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားခဲ့တာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။ ပြည်တွင်းဈေးကွက်ထဲက နိုင်ငံခြားသား ပိုင်ဆိုင်မှုအဆင့်ကို တိုင်းတာတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အခြေအနေ International Investment Position မှာ တရုတ်ဟာ အောက်ဆုံး ၂၀ ရာခိုင်နှုန်းထဲမှာပဲ ရှိပါတယ်။ နိုင်ငံခြားသားတွေဟာ တရုတ်နိုင်ငံက စတော့နဲ့ စာချုပ်စာတမ်းတွေရဲ့ ၅ ရာခိုင်နှုန်းအောက်ပဲ ပိုင်ပါတယ်။ ဒါဟာ အမေရိကန်နဲ့ယှဉ်ရင် ငါးပုံတစ်ပုံပဲ ရှိပါတယ်။
တရုတ်ရဲ့ ပြည်တွင်းဈေးကွက်ဟာလည်း ဒေသတွင်း အကျဉ်းထောင်တစ်ခုလို ဖြစ်နေပါတယ်။ ဘေကျင်းဟာ အရင်းအနှီး ထိန်းချုပ်မှုတွေ၊ ပြည်တွင်းမှာပဲ ကန့်သတ်ထားတဲ့ အစိုးရငွေ အမြောက်အမြား စိုက်ထုတ်မှုတွေနဲ့ စီးပွားရေးတိုးတက်မှုကို ဖန်တီးခဲ့တာပါ။
တရုတ်ရဲ့ အစိုးရငွေရင်းထောက်ပံ့မှု ပမာဏဟာ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းမှာ ခြောက်ဆ တိုးပွားလာပြီး ဂျီဒီပီရဲ့ ၂၃၀ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ ဒါဟာ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒီငွေကြေးစီးဆင်းမှုတွေဟာ တံတိုင်းခတ်ထားတဲ့ စီးပွားရေးစနစ်ထဲမှာပဲ ဝဲလည်နေပြီး အဲဒီအထဲက အတော်များများကတော့ မကြာသေးမီက အိမ်ခြံမြေလုပ်ငန်း ပျက်စီးမှုကြောင့် ထိခိုက်ထားတဲ့ ပြည်တွင်းအကြွေးဈေးကွက်ထဲမှာ ရှိနေပါတယ်။
ဘေကျင်းဟာ အရင်းအနှီးတွေ နိုင်ငံပြင်ပကို အလုံးအရင်းနဲ့ ထွက်ပြေးမှာ စိုးရိမ်တာကြောင့် ထိန်းချုပ်မှုတွေကို လျှော့ချဖို့ တွန့်ဆုတ်နေပါတယ်။
ဒါပေမဲ့ ဒီလိုထိန်းချုပ်မှုတွေ ရှိနေတာကြောင့်ပဲ တရုတ်လူမျိုးတွေဟာ နိုင်ငံပြင်ပကို ငွေထုတ်ဖို့အတွက် မလွတ်ကင်းတဲ့ လမ်းကြောင်းတွေကို ရှာဖွေနေကြရပါတယ်။ ဒါဟာ တရုတ်ရဲ့ ဘဏ္ဍာရေးဗဟိုချက် ပုံရိပ်ကို ထိခိုက်စေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ တရုတ်ကို စိတ်ချရတဲ့ ဒုတိယရွေးချယ်စရာအဖြစ် မမြင်ကြပါဘူး။ လွတ်လွတ်လပ်လပ် ကုန်သွယ်နိုင်တဲ့ ငွေကြေးမျိုး မရှိမချင်း မြင်ကြမှာ မဟုတ်ပါဘူး။
ဒါတွေကြောင့်ပဲ အမေရိကန်ဟာ အခွန်နှုန်းထားတွေ တိုးမြှင့်၊ စစ်ပွဲတွေ ဖန်တီးနေသည့်တိုင် ကမ္ဘာ့အနှစ်သက်ဆုံး ဈေးကွက်နေရာမှာ ဆက်ရှိနေတာပါ။
■ အလျော်အစား
အခြားတစ်ဘက်မှာလည်း နိုင်ငံတစ်ခုဟာ လွတ်လပ်တဲ့ ငွေကြေးမူဝါဒ၊ တည်ငြိမ်တဲ့ငွေလဲနှုန်းနဲ့ အရင်းအနှီးတွေ လွတ်လပ်စွာစီးဆင်းခွင့် ဆိုတဲ့ အချက်သုံးချက်ကို တစ်ပြိုင်တည်း မရနိုင်ဘူးလို့ ပညာရှင်တွေက ဆိုကြပါတယ်။ ဘေကျင်းဟာ ရှေ့နှစ်ချက်ကို ထိန်းချုပ်လိုတဲ့အတွက် တတိယအချက်ကို တမင်ကန့်သတ်ထားတာလို့ လေ့လာသူတွေ ယူဆကြပါတယ်။
ငွေကြေးတစ်ရပ် ကမ္ဘာသုံး ဖြစ်လာဖို့ဆိုရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဟာ ဒီငွေကို လွတ်လပ်စွာ ဝယ်ယူရောင်းချခွင့်၊ သယ်ဆောင်ခွင့် ရှိရပါမယ်။ တရုတ်က ဒါကို ထိန်းချုပ်ထားပါတယ်။
ဒီလိုပါပဲ။ အမေရိကန်ဒေါ်လာ ဒါမှမဟုတ် ယူရိုငွေဟာ စျေးကွက်ရဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ် မူတည်ပြီး အတက်အကျ ရှိပါတယ်။ တရုတ်နိုင်ငံဟာ ပြည်ပပို့ကုန်ကို အထူးမှီခိုနေရတာ ဖြစ်တဲ့အတွက် ယွမ်ငွေတန်ဖိုး ရုတ်တရက်တက်သွားလို့ တရုတ်ပစ္စည်းတွေ စျေးကြီးသွားပြီး ပို့ကုန်ကဏ္ဍ ထိခိုက်မှာကို မလိုလားပါဘူး။
ယွမ်ကို ကမ္ဘာသုံးလုပ်လိုက်ရင် ကမ္ဘာ့ငွေကြေး ကစားသူတွေ၊ နာမည်ကြီး ကုမ္ပဏီတွေက တရုတ်ငွေကို တိုက်ခိုက်တာ၊ စျေးကစားတာတွေ လုပ်လာနိုင်ပြီး အစိုးရက မထိန်းချုပ်နိုင်တော့တာမျိုးလည်း ဘေကျင်းက မလိုလားပါဘူး။ ခြုံပြောရရင် အမေရိကန်ဒေါ်လာလို ကမ္ဘာသုံးငွေကြေး ဖြစ်လာဖို့အတွက် ပေးဆပ်ရမယ့် ပြည်တွင်းထိန်းချုပ်မှုကို တရုတ်အစိုးရအနေနဲ့ လက်လွှတ်မခံနိုင်သေးပါဘူး။
■ တံခါး ကျယ်ကျယ်ဖွင့်မလား
တရုတ်ခေါင်းဆောင်တွေဟာ ယွမ်ငွေကို နိုင်ငံတကာအဆင့်ရောက်အောင် ခြေလှမ်းအသေးတွေနဲ့ပဲ တရွေ့ရွေ့ လှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက်ကတော့ ခုချိန်ဟာ တံခါးသစ်ကို ကျယ်ကျယ်ဖွင့်ရမယ့် ရွှေအခိုက်အတန့်ပဲလို့ မှတ်ချက်ပြုပါတယ်။
ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေကတော့ နိုင်ငံပြင်ပကို ငွေရွှေ့ဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကလောက် စိတ်အားထက်သန်မှုမျိုး မရှိတော့တဲ့ပုံပါပဲ။ တရုတ်ဟာလည်း နိုင်ငံထဲက အရင်းအနှီးတွေ ပြည်ပကို ယိုစိမ့်မှုရဲ့ သက်ရောက်မှုကို တုံ့ပြန်နိုင်လောက်အောင် ကြီးမားတဲ့ ကုန်သွယ်ရေးပိုငွေကို ရနေပါတယ်။
အရင်းအနှီးစာရင်း (Capital Account) ဖွင့်ပေးလိုက်ရင် ငွေတွေ အလုံးအရင်းနဲ့ အပြင်ထွက်သွားမလား ဆိုတာကို မေးခွန်းထုတ်ရလောက်တဲ့ အတိတ် ဖြစ်ရပ်တချို့လည်း ရှိနေပါတယ်။ တကယ်တမ်းမှာတော့ ပွင့်လင်းတဲ့ ဈေးကွက်တွေဟာ ယုံကြည်မှုကို ပိုတိုးစေလေ့ရှိပါတယ်။ ထိန်းချုပ်မှုတွေကို လျှော့ချလိုက်ရင် ငွေအပြင်ထွက်တာထက် အထဲကို စီးဝင်လာတာက ပိုများနိုင်ပြီး စီးပွားရေး တိုးတက်မှုနဲ့ စတော့ဈေးကွက် အကျိုးအမြတ်တွေကို မြင့်တက်စေနိုင်တယ်လို့ လေ့လာမှုတွေက ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ အခြေအနေကတော့ နိုင်ငံအတွင်း စီးဆင်းနေတဲ့ စိုးရိမ်စရာ အကြွေးနဲ့ ငွေစီးဆင်းမှု ပုံစံတွေအရ တစ်မျိုးဆန်းနေပါတယ်။ ဒါပေမဲ့ ရဲရဲဝံဝံ တံခါးမဖွင့်ဘူးဆိုရင်တော့ တရုတ်ဟာ အမေရိကန်ရဲ့ ဘဏ္ဍာရေးသြဇာကို မည်သည့်အခါမှ စိန်ခေါ်နိုင်မှာ မဟုတ်သလို စူပါပါဝါ ရည်မှန်းချက်ကိုလည်း အပြည့်အဝ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။
ရည်ညွှန်း
- The battle the US is winning against China by Ruchir Sharma, FINANCIAL TIMES
- China’s caution about loosening cross-border capital flows by Max J. Zenglein, Mercator Institute for China Studies
ရာဗီချန်ဒရာကူးမား







