ထားဝယ်မြို့အဝင်ရှိ သဗြေချောင်းအထပ်သားစက်ရုံအနီး အလုပ်သမားတန်းလျားတစ်ခုတွင် ဇူလိုင်လ ၂၃ ရက် ညနေပိုင်းက အတူနေထိုင်ကြသူအချင်းချင်း စကားများရန်ဖြစ်ကြရာမှ လူသတ်မှုဖြစ်ကြောင်း မြို့ခံများက ပြောသည်။
အဝေးပြေးကွင်း ဆောက်လုပ်စဉ်က ရှိသည့် အလုပ်သမားတန်းလျားတစ်ခုတွင် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၃၀အရွယ် အမျိုးသားနှစ်ဦးတို့ နေထိုင်နေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
၎င်းတို့ သုံးဦးစလုံးသည် ရွှေ့ပြောင်းကျပမ်းအလုပ်သမားများဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
အဆိုပါတန်းလျားတွင် အသက် ၂၀ အရွယ် လူငယ်အမျိုးသားက ဦးစွာနေထိုင်ခြင်းဖြစ်ပြီး အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးမှာ နေထိုင်ရန် နေရာမရှိ၊ အလုပ်အကိုင်မရှိသဖြင့် ခေါ်ယူနေထိုင်ခွင့်ပြုခဲ့ကြောင်း မြို့ခံများက ပြောဆိုသည်။
ဇူလိုင်လ ၂၃ ရက်ညတွင် အရက်သောက်စားရာမှ ပြန်လာကြရန်မှာ အချင်းချင်း စကားများကြပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးက အသက် ၂၀ အရွယ်အမျိုးသားကို သံပိုက်လုံးဖြင့် ရိုက်နှက်ကြကြောင်း မြို့ခံတစ်ဦးက ပြောသည်။
ရိုက်နှက်ခံသည့် လူငယ်အမျိုးသားမှာ ဦးခေါင်းတွင် ဒဏ်ရာများဖြင့် သေဆုံးကြောင်း ၎င်းက ဆိုသည်။
“ခေါင်းရင်းမှာ သံပိုက်လုံးတွေ့တယ်။ သေသူရဲ့ ဦးခေါင်းနဲ့ မျက်နှာမှာ ဒဏ်ရာတွေ တွေ့ရတယ်” အထက်ပါမြို့ ခံက ပြောဆိုသည်။
၎င်းတို့ သုံးဦးစလုံးသည် သောက်စားမူးယစ်ရမ်းကားမှုကြောင့် မကြာခဏ ဖမ်းဆီးခံခဲ့ရဖူးကြောင်းလည်း မြို့ခံအချို့ က ပြောသည်။
လူသတ်မှု ကျူးလွန်ခဲ့သည်ဆိုသည့် အမျိုးသားနှစ်ဦးကို ဇူလိုင်လ ၂၃ရက် ညနေ ၅ နာရီခန့်တွင် ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာ၌ပင် လာရောက်ဖမ်းဆီးသွားကြောင်း မြို့ခံများက ဆိုသည်။







