သရက်ချောင်းမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ် ပြန်ဆုတ်သွားသဖြင့် မြိတ်-ထားဝယ်လမ်း တွင် ကားများ ပြန်လည်ပြေးဆွဲနေကြကြောင်း ဒေသခံများနှင့် ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
သရက်ချောင်းမြို့အထွက် ဆင်ကူးကျေးရွာမှာ စစ်အာဏာရှင်တပ်တပ်စွဲထားသည့် ဝင်းဝင်ရွာအထိ စစ်ကြောင်းထိုးခဲ့သည့် စစ်အာဏာရှင်တပ်သည် သရက်ချောင်းမြို့သို့ ပြန်ဆုတ်သွားပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
စက်တင်ဘာလ ၃ ရက် ညပိုင်းတွင် ကားများ ပြန်လည်ပြေးဆွဲကြကြောင်း ကားလိုင်း လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။
“မနေ့ညနေ မိုးချုပ်ခါစလောက်မှာ ကားတွေအလုအယက်ပဲ တက်လာနေကြတယ်။ ဂိတ်ကလည်း ပိတ်ခါနီးနေပြီ၊ မှောင်ရီပျိုးစလောက်မှာ ကားတွေတစ်စီးပြီး တစ်စီးတက်လာနေတာတွေ့တယ်။ ဒီနေ့လည်း လမ်းခရီး အခြေအနေ ကောင်းတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းသည် သရက်ချောင်းမြို့မှ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းသို့ ဩဂုတ်လ ၂၆ ရက်မှ ၃၁ ရက်အထိ စစ်ကြောင်းထိုးခဲ့ပြီး စက်တင်ဘာလ ၁ရက်တွင် ပြန်ဆုတ်လာကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ ၃ရက်တွင် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ညနေပိုင်းတွင် သရက်ချောင်းမြို့ အခြေစိုက် တပ်စခန်းများသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
စစ်ကြောင်းထိုးစဉ် အိုးအိမ်စွန့်ခွာထွက်ပြေးနေသည့် ဒေသခံများ နေအိမ်သို့ ပြန်လာနေကြပြီဖြစ်ကြောင်း စုံစင်ဖျားကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။







