ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ် ရေဝိုင်းရွာဝန်းကျင်ကို လေယာဥ်ဖြင့်ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုး

September 2, 2026

ထားဝယ်အရှေ့တောဒေသ ပကာရီကျေးရွာအုပ်စု၊ ရေဝိုင်းကျေးရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က စက်တင်ဘာလ ၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် လေယာဥ်ဖြင့် ဗုံးကြဲခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှ သိရသည်။

K8W ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့ပြီး တောင်ကုန်းတစ်ခုတွင် ဗုံးကျရောက်ပေါက်ကွဲကာ လူထိခိုက်မှု မရှိကြောင်း ထားဝယ်အရှေ့တောဒေသ အပါအဝင် ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားလေ့ရှိသည့် က္လားသစ္ဏတ် (ကျားသစ်နက်) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗုံးကြဲခံရစဥ် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု တစ်စုံတစ်ရာ မရှိကြောင်း ၎င်းက ဆိုသည်။

“မနေ့က လေကြောင်းကြဲတာက တိုက်ပွဲမဖြစ်ဘဲကြဲတာ။ နှစ်ဖက်ထိတွေ့မှုက (သြဂုတ်လ ၂၉) တစ်ရက်ပဲ ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

သြဂုတ်လ ၂၉ ရက်တွင် ထားဝယ်မြို့ဘက်မှ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဘက်သို့ သွားမည့် အင်အား ၈၀ခန့်ပါ စစ်အာဏာရှင်တပ် စစ်ကြောင်းကို ထားဝယ်မြို့အနီး မောင်မယ်ရှောင်ရွာတွင် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သား ၁၅ ဦး သေဆုံးကာ လက်နက် ရှစ်လက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း တော်လှန်ရေးတပ်များက ထုတ်ပြန်ထားသည်။

ယင်းနောက် စက်တင်ဘာလ ၁ ရက်အထိ မောင်မယ်ရှောင်ရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်နည်းပညာတက္ကသိုလ်အနီး ဘုရားမဲ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်က စစ်ကြောင်း တစ်ကြောင်း၊ ဇဟာရွာ ဖားအောက်တောရဘက်က စစ်ကြောင်းတစ်ကြောင်း ဝင်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“စစ်ကြောင်းက အင်အားနှစ်ရာလောက်ရှိတယ်။ အခု ရဲအိုင်ရွာကို စစ်ကြောင်း ရောက်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကြောင်းထိုးနေသည့် နေရာသည် အမှတ် ၈ ပြည်ထောင်စုကားလမ်းမနှင့် ထားဝယ်-ထီးခီးနယ်စပ် ကားလမ်းကြားရှိ ကျေးရွာများဖြစ်ပြီး ကျေးရွာငါးရွာ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။