ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကားလမ်း ရေကြီးချိန် စပိဘုတ်ခရီးစဉ်လည်း ပိတ်ထားဆဲဖြစ်၍ ခရီးသွားများအခက်ကြုံ

September 2, 2026

ဓာတ်ပုံ - Nay Lin Htet FB

မြိတ်- တနင်္သာရီ၊ တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်းတို့တွင် ရေကြီးနေချိန် စပိဘုတ်ခရီးစဉ်များလည်း ပိတ်ထားဆဲဖြစ်သဖြင့် ခရီးသွားလာရန် အခက်အခဲဖြစ်နေကြကြောင်း ခရီးသွားများနှင့် ခရီးသည်တင်ယာဉ် လုပ်ငန်းရှင် များထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်ကို ကျော်လွန်ပြီး တနင်္သာရီမြို့နှင့် မြို့နယ်ထဲက ကျေးရွာများတွင် ရေကြီးရေလျှံနေသည်။

ဩဂုတ်လ ၃၀ ရက်ကစပြီး မြိတ်-တနင်္သာရီ -ကော့သောင်း ကားလမ်းပိုင်း နေရာအချို့ ရေကြီးနေပြီး ခရီးသည်တင် ယာဉ်များ ပိတ်မိကာ ခရီးသွားများ အခက်အခဲဖြစ်နေကြောင်း ခရီးသည်တင်ယာဉ် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“(ကားလမ်းမှာ ရေကြီးနေတာ) လေးနေရာလောက် ရှိတယ်။ လမ်းပိုင်းမှာ ကားဖြတ်လို့ မရဘူး။ ကားအချင်းချင်း ဟိုဘက် ဒီဘက် ခရီးသည်ချိန်းရတယ်။ ခရီးသွားတွေကို လှေနဲ့တစ်ဆင့် ပြန်ကူးပေးပေါ့။ ရေလမ်းကလည်း မရသေးတော့ ဒီလိုပဲ ကူးပေးနေရတယ်” ဟု ထားဝယ်-ကော့သောင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောသည်။

ရေလမ်းကြောင်းဖြစ်သည့် ထားဝယ်-မြိတ်-ကော့သောင်း စပိဘုတ်များလည်း ပြေးဆွဲခွင့် မရကြသေးကြောင်း စပိဘုတ်လုပ်ငန်းရှင်အချို့က ဆိုသည်။

“မနေ့က (စက်တင်ဘာ ၁ ရက်‌) စာတင်ထားတယ်။ စာတော့ ပြန်မကျသေးဘူးလို့တော့ သိထားရတယ်။ လောလောဆယ်တော့ အခြေအနေ ဘာမှမသိရသေးဘူး။ အခု အသင်းဝင်တွေက လက်မှတ်ရောင်းရ မလိုလို မရောင်းရ မလိုလို ဖြစ်နေတာ” ဟု စပိဘုတ်လုပ်ငန်းရှင်များအသင်းဝင်တစ်ဦးက ပြောဆိုသည်။

ပင်လယ်ပြင်တွင် ရာသီဥတုဆိုးရွားသောကြောင့် စစ်အုပ်စု၏ ညွှန်ကြားချက်အရ ဩဂုတ်လ ၂၁ ရက်မှ ဩဂုတ်လ ၃၁ ရက် အထိ ထားဝယ်-မြိတ်-ကော့သောင်း စပိဘုတ်ပြေးဆွဲမှုကို ယာယီရပ်နားရန် စပိဘုတ်လုပ်ငန်းရှင်များအသင်းက အသင်း၀င်များအား အကြောင်းခဲ့သည်။

ယခုအခါ ရာသီဥတု ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ စပိတ်ဘုတ် အမြန်ရေယာဉ်များ ပြန်လည် ပြေးဆွဲခွင့်ရရန် စက်တင်ဘာလ ၁ ရက်ကစပြီး သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံထားဆဲဖြစ်ကြောင်း စပိဘုတ်လုပ်ငန်းရှင် အသင်းဝင် အချို့ထံမှ သိရသည်။