ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကျိုက်မရောတွင် လူဦးရေ သုံးသောင်းနီးပါး ရေဘေးသင့်

August 31, 2026

ဓာတ်ပုံ - ဒေသခံ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ ရေကြီးနစ်မြုပ်နေသဖြင့် လူသုံးသောင်းနီးပါး ရေဘေးသင့်နေသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ အတ္ထရံမြစ်ရေ မြင့်တက်လာခြင်းကြောင့် ဩဂုတ်လ ၂၅ ရက်နေ့ကစပြီး အနိမ့်ပိုင်း ရပ်ကွက်ကျေးရွာများ ရေကြီးနစ်မြုပ်နေခြင်းဖြစ်သည်။

မိုးသည် ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့အထိ ဆက်လက်ရွာသွန်းနေဆဲဖြစ်သလို မြစ်ရေလည်း မြင့်တက်လျက်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မိုးက နေ့တိုင်းရွာနေတယ်။ ရေက အကျဘက် မရှိဘူး။ နေ့တိုင်း တိုးလာနေတယ်။ မမြုပ်တဲ့နေရာတွေလည်း အခု မြုပ်ကုန်ပြီ။ တချို့နေရာတွေဆို ရေက လူတစ်ရပ်လောက်ရှိတယ်။ ဒီအတိုင်းဆိုရင် ရေပြန်ကျဖို့ ရက်ကြာဦးမယ်” ဟု ကျိုက်မရောမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျိုက်မရောမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရှင်စောပု၊ ရပ်ကွက် ၁၊ ရပ်ကွက် ၂ အပါအဝင် ရပ်ကွက်၊ ကျေးရွာ ၂၀ ကျော်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်။

ရေဘေးသင့်ပြည်သူ ထောင်ချီတို့က ကျိုက်မရောမြို့ပေါ်နှင့် ချောင်းနှစ်ခွ၊ ဦးလေး၊ အတ္ထရံ၊ ရေပူကော့စပ်၊ လှာကဇိုင်း၊ ငပြေမကျေးရွာရှိ ဘုန်းကြီးကျောင်း၊ နေအိမ်အချို့တို့တွင် ယာယီပြောင်းရွှေ့နေထိုင်နေကြသည်ဟု သိရသည်။

ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အလှူရှင်တို့က သောက်သုံးရေ၊ အစားအသောက်၊ ထမင်းထုပ်များ လာရောက်လှူဒါန်းပေးနေပြီး အချို့ အလှူရှင်မရောက်သည့် ကျေးရွာများလည်း ရှိနေသည်။

“တချို့နေရာက နေလို့မရလောက်အောင် နစ်မြုပ်ကုန်လို့ ကယ်ဆယ်ရေးစခန်းတွေကို ရောက်လာကြတယ်။ ရေက မကျဘဲ ဆက်တိုးလာနေတော့ ရေဘေးရှောင်တွေလည်း တိုးလာနေတယ်။ အလှူရှင်တွေ လူမှုကယ်ဆယ်ရေးတွေကနေ အစားအသောက်တွေ လှူဒါန်းတာရှိတယ်။ ရေမြုပ်နေတဲ့ရွာတွေကိုလည်း ကယ်ဆယ်ရေးတွေ သွားနေတာရှိတယ်။ အဓိက လိုအပ်တဲ့ သောက်ရေသန့်တွေ၊ စားစရာတွေကို လိုက်လှူနေတာရှိတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရေကြီးနစ်မြုပ်သည့်ရက် ကြာလာသည့်အတွက် သောက်သုံးရေ၊ အစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်များ ရှိလာသည်ဟုလည်း ဒေသခံတို့က ပြောသည်။

ရေကြီးရေလျှံမှုကြောင့် ကျိုက်မရောမြို့ပေါ် ကျောင်းအပါအဝင် အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀ ကျော်ထက်မနည်းကိုလည်း ယာယီပိတ်ထားရသည်ဟု သိရသည်။

သံလွင်မြစ်မှ ခွဲထွက်မြစ်ခွဲဖြစ်သည့် အတ္ထရံမြစ်ရေသည် ကျဆင်းမှုနှေးကွေးပြီး လက်ရှိ တက်ရေအခြေအနေနှင့်ဆိုလျှင် ရေသည် တစ်ပတ် ၁၀ ရက်ခန့်အထိ ဆက်လက်မြင့်တက်နေဦးမည်ဟု ဒေသခံတို့က ခန့်မှန်းကြသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး အတ္ထရံမြစ်ရေနည်းတူ ဘီးလင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ဘီးလင်းမြို့ ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်။

ဓာတ်ပုံ – ဒေသခံ