အပိုင်း (၈)
ထွန်းတောက်ထိန်တို့ ကမ့်ပ်မှ ရဲဘော်များသည် သရက်ကုန်းရွာက အလှူနှင့် တီးဝိုင်းညအား တာဝန်ယူခဲ့ရသဖြင့် နောင်နေ့တွင် နံနက် ဆယ့်တစ်နာရီလောက်မှ နိုးကြတော့သည်။ ကိုဘသောင်းကလည်း မနေ့က ရဲဘော်တွေ တစ်နေကုန် ပင်ပန်းထားသဖြင့် မိုင်းလုပ်ငန်းခွင်ကို အနားပေးလိမ့်မည်။
ထွန်းတောက်ထိန်သည် အိပ်ရာနိုးနိုးချင်း ရေချိုး၊ သွားတိုက်၏။ ပြီးလျှင် လိုးရှင်း၊ အုန်းဆီလူးပြီးနောက် လူက လန်းဆန်းအားပြည့်သွားသည်။ ပြီးလျှင် မီးဖိုချောင်သို့ ဝင်ကာ ထမင်းပန်းကန်ထဲ ဟင်းများကို ပုံထည့်လိုက်သည်။
ထွန်းတောက်ထိန်တို့ ကမ့်ပ်က ဘယ်အချိန် ထမင်းရမယ်ဆိုပြီး ကန့်သတ်မထားပေ။ ရဲဘော်များနှင့် အတူတူ စားရသည်လည်း မဟုတ်။ ကိုယ်ဆာသည့်အချိန် မီးဖိုချောင်ထဲ ဝင်ပြီး ခူးခပ်စားရုံသာ။
ဟင်းခွက်သက်သက် ခူးကြသည်လည်းမရှိ။ ထမင်းပန်းကန်ထဲ ပုံစားကြရုံသာ။ သည်တော့ ထမင်းစားချိန် ကန့်သတ်ထားသော တချို့တပ်ဖွဲ့များကဲ့သို့ အားလုံးအတွက် ထမင်းပန်ကန်ဆေးရ၊ ဟင်းခွက်ခူးခပ်ရတာမျိုး မလုပ်ရတော့ အလုပ်သက်သာပါသည်။ ရဲဘော်များက မဆာသေးလျှင် ဝင်မစားကြဘဲ ဆာသည့်အခါမှသာ ဝင်စားကြသောကြောင့် ထမင်းမြိန်ကြပါသည်။
ထမင်းစားပြီးသည့်အခါမှ အားအားနှင့် ဖုန်းပါဝါကို ဖွင့်သည်။ ဖုန်းပွင့်ပွင့်ချင်း စန္ဒာဝင်းဝင်း၏ ဖုန်းမက်ဆေ့များကို တွေ့ရသည်။ အဝင်း၏ မျက်ဆေ့များမှာ အစောင်သုံးဆယ်ကျော်ရှိသည်။ သည်တော့မှ ထွန်းတောက်ထိန်သည် အဝင်းကို အကြာကြီး ပစ်ပယ်ထားမိမှန်း သတိရတော့သည်။ အဝင်း၏ နောက်ဆုံး မက်ဆေ့ကို မြင်ရတော့မှသာ မနေ့ညက ချိုသာနှင်းနှင့် ပတ်သက်ခဲ့ရသည်ကို ပြေးမြင်ကာ အဝင်းပြောသလို တကယ်ပင် ကျူးလွန်ဖောက်ပြားခဲ့ပြီမှန်း သိလိုက်ရတော့သည်။ ထွန်းတောက်ထိန်သည် အဝင်းအပေါ် တကယ်ပင် သစ္စာဖောက်မိခဲ့ပြီ။ သည့်အတွက် နောင်တရသည်။ နောင်တကို ခံစားလိုက်ရသည့်အခါမှာတော့ ထွန်းတောက်ထိန်သည် အဝင်းကိုသာ တကယ်ချစ်ပြီး ချိုသာနှင်းကိုတော့ ခဏတာသာယာလိုက်မိမှန်း နားလည်လိုက်သည်။ သည့်အတွက်လည်း ကြောက်စိတ်ဝင်မိသည်။
ချိုသာနှင်းကတော့ ထွန်းတောက်ထိန်အပေါ် တကယ့်စိတ်ရင်းနှင့် ချစ်နေပြီ။ သည်တော့ ထွန်းတောက်ထိန် ဘယ်လိုဆက်လုပ်ရပါ့မလဲ။ ဘယ်လို နောက်ဆုတ်ရပါ့မလဲ။ ခဏတာပါလို့ ဆင်ခြေပေးရအောင်ကလည်း ချိုသာနှင်းအပေါ် အသွေးအသားက ယူခဲ့ပြီးပြီ။
ချိုသာနှင်းနားလည်အောင် မပြောနိုင်ခဲ့လျှင် ကျောင်းသူလေးကို မြှူဆွယ်ဖျားယောင်းသည်ဟု စွပ်စွဲနိုင်သည်မဟုတ်လား။ ထားပါတော့။ ဒါကို နောက်မှ သေချာစဥ်းစားအချိန်ယူပြီး ဆုံးဖြတ်ရမည်။
လောလောဆယ် အဝင်းစိတ်ကျေနပ်အောင် ပြန်လည် ဖျောင်းဖျရဦးမည်။ အရေးထဲ အဝင်းပေးပို့သော စာပိုဒ်၏ အဆုံးကို အလွတ်မရသဖြင့် ဖေ့ဘွတ် Search မှာ ”စစ်မှာတမူ” လို့ ရိုက်ရှာလိုက်သည်။ တောင်တွင်းရှင်ငြိမ်းမယ်၏ ကဗျာလေးကို အလွယ်တကူ တွေ့လိုက်ရသည်။ သည့်ကြောင့် စာမူ၏ အဆုံးမှ စာပိုဒ်ကို ကူးကာ အဝင်းထံ ပေးပို့လိုက်သည်။
“စစ်မှာတမူ နှမလေးပျို့ထက်ဖြူကို မယူဘူးဗျာ..
စစ်မှာယွန်းမ နှမလေးပျို့ထက်လှကို မရဘူးဗျာ..
စစ်မှာဆွေမျိုး ဘိုးဘွားမောင့်မှာ မရှိဘူးဗျာ..”
သို့သော်လည်း ထွန်းတောက်ထိန်သည် ပြန်လည်ပေးပို့လိုက်သလို တကယ်မမှန်ကန်ခဲ့သဖြင့် လိပ်ပြာမလုံခဲ့ပေ။ ပြီးနောက် ဆက်လက်ပြီး နဂိုက ပြန်လည်ရှင်းပြမည်ဟု တွေးထားသည့်အတိုင်း စာများကို တစ်လုံးချင်းကို တစ်လုံးချင်းရိုက်ပြီး ပေးပို့လိုက်သည်။
“စာတွေမပြန်လို့ စိတ်မဆိုးပါနဲ့အဝင်းရေ၊ ကိုက မအားဘူးချည်းပဲ ဆင်ခြေပေးနေရတော့ အဝင်းယုံမယ်မထင်ဘူး၊ ဒါပေမယ့် အဝင်းယုံပေးပါနော်၊ ကို တကယ်မအားလို့ပါ၊ မအားရတဲ့ အကြောင်းရင်းကို အဝင်းကို ကြိုပြောထားချင်ပေမယ့် ပြောပြထားလို့ မဖြစ်လို့ပါအဝင်းရေ၊ အခုတော့ ပြောလို့ရပြီမို့ ပြောပြလိုက်တော့မယ်၊ ကိုတို့ရောက်နေတဲ့ရွာမှာ ရှင်ပြုနားသအလှူတော်ကြီး ရှိနေလို့လေ၊ သိတဲ့အတိုင်း စစ်အာဏာရှင်က ဒီလို လူစုလူဝေးရှိတဲ့ ပွဲမျိုးကိုမှ မျက်စိကျတော့ ဒီလိုပွဲမျိုး ရှိကြောင်း သတင်းပေါက်ကြားလို့ မဖြစ်လို့လေ၊ အဝင်းကို မယုံလို့မဟုတ်ပါဘူး၊ ဒီလို နှုတ်လုံရတာက ကိုတို့တာဝန်မို့ပါ၊ အလှူမှာ ကိုတို့ တစ်နေကုန် လုံခြုံရေး ယူနေရလို့လေ၊ နေ့ခင်းတင်မဟုတ်ဘူး၊ ညပိုင်းမှာလည်း တီးဝိုင်းပါသေးတော့ တစ်ညလုံးကင်းစောင့်ရတယ်၊ အိပ်ရေးတွေပျက်လို့ ဒီနေ့ မနက် ဆယ့်တစ်နာရီမှ နိုးတော့တယ်၊ ကိုလည်း အိပ်ရာနိုးနိုးချင်း အဝင်းဆီစာပြန်လိုက်တာပါ၊ နားလည်ပေးပါနော်အဝင်း”
ညပိုင်းမှာလည်း ဆိုသော စာကို ရိုက်နေချိန်၌ ထိုညက အဖြစ်အပျက်များကို ထွန်းတောက်ထိန်သည် ပြေးပြေးမြင်နေမိပြီး ခေါင်းကို ရမ်းနေရသည်။ ခက်လိုက်တာ၊ အဲ့ညက တကယ်ကို အမှားကြီး လုပ်ခဲ့မိတာပဲ၊ အဝင်းရဲ့ စာတွေကိုသာ ကြည့်ခဲ့မယ်ဆိုရင် အဲ့သည်လိုအမှားမျိုး ကျူးလွန်မိလိမ့်မယ်မဟုတ်ဘူးဟု တွေးကာ ကိုယ့်ခေါင်းကို ကိုယ့်ဘာသာ ရိုက်နေမိတော့သည်။ မကြာမီအချိန်၌ အဝင်းထံက ပြန်စာ ဝင်လာသည်။
“ဪ အဲဒီလိုကိုး၊ အဝင်းဖြင့် ကို အဝင်းအပေါ် ခံစားချက်မရှိတော့ဘူးထင်ပြီး စိတ်မကောင်းဖြစ်လိုက်ရတာ၊ အဲ့ညက စိတ်အေးလက်အေး အိပ်နိုင်လိမ့်မယ်ထင်တယ်လို့ ပြောခဲ့ပေမယ့် မအိပ်နိုင်ခဲ့ဘူးကိုရယ်၊ အဝင်း အလိုလို ဝမ်းနည်းနေတာ”
အဝင်း၏ ပြန်စာကြောင့် ထွန်းတောက်ထိန် ကြက်သီးမွေးညင်းများ ဖျန်းကနဲ ထသွားလောက်အောင် ကြောက်စိတ်ဝင်သွားရသည်။ အဲသည်ညက အဝင်းကို သစ္စာဖောက်ကာ အနှင်းနှင့် ချစ်ရည်လူးနေခဲ့သည်မဟုတ်လား။ ဒါတွေသာ ရုပ်ရှင်ပြကွက်ဆိုရင် အဝင်းအတွက် ချစ်သူက သစ္စာဖောက်လို့ အိပ်မပျော်ဖြစ်ရသည့် နိမိတ်ပဲ ဖြစ်ပေလိမ့်မည်။
သည်ကိစ္စကိုသာ အဝင်းသိခဲ့လျှင် ထွန်းတောက်ထိန်ကို တစ်သက်စာ မုန်းတီးသွားပေလိမ့်မည်။ သည့်အပြင် ထွန်းတောက်ထိန်မှာ အဝင်းရှိနေမှန်း အနှင်းသိလျှင်လည်း ပြဿနာအကြီးကြီး တက်ပေလိမ့်မည်။ ပြီးနောက် ထွန်းတောက်ထိန်သည် ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်သည်။
သည်ကိစ္စဟာ ဘယ်သူမှ မသိနိုင်ပါဘူး။ အနှင်း၏ သူငယ်ချင်းလေးကလည်း နှုတ်လုံတယ်ဟု အနှင်းပြောထားသည်ပဲ။ သည်ကိစ္စကို ဟိန်းထက်လည်း မသိ။ ချိုသာနှင်းနှင့် ချိတ်ဆက်ပေးသည့် ဗသစ်ပင်မသိ။ အဝင်းအကြောင်း ထွန်းတောက်ထိန် မပြောလျှင် အနှင်းလည်း သိစရာ အကြောင်းမရှိ။ အနှင်းအကြောင်း ထွန်းတောက်ထိန်မပြောလျှင် အဝင်းလည်း သိစရာအကြောင်းမရှိ။ မရှိသည့်ကိစ္စအတွက် အဆိုးမြင်စိတ်နဲ့ တွေးပြီး ကြောက်နေစရာမလိုဟု ကိုယ့်ကိုယ်ကိုယ်အားတင်းသည်။
“ဟမ် အဝင်းကလည်း တွေးပဲ တွေးတတ်နိုင်လွန်း၊ ကိုကတော့ ပထမဆုံး ပြန်စာထဲက ကဗျာအတိုင်းပဲနော် သိလား”
“အင်းပါကို၊ ကို့ကိုယုံပါတယ်၊ ဒါနဲ့ အလှူ ဆိုလို့ အဝင်း သိပ် ကြက်သီးထတာပဲကွယ်၊ ဒီကာလကြီးမှာ ဘယ်လိုစိတ်နဲ့များ လှူရဲကြတာပါလိမ့်၊ လေယာဥ်မကြောက် ပါရာမော်တာမကြောက် နဲ့”
“အင်းပါဆိုအဝင်းရယ်၊ အလှူဒါယကာကြီးကကို ဇွတ်ကို လှူချင်တယ်လုပ်နေလို့ ရွာ့ခေါင်းဆောင်တွေက တားတဲ့ကြားကကို ဇွတ်ကို လှူတာပဲ၊ ဒါ့ကြောင့် ကိုတို့မှာ အလုပ်ရှုပ်ရတယ်၊ ကင်းစောင့်ရ၊ သေနတ်ကိုင်ရ၊ လေယာဥ်သံနားစွင့်ရနဲ့၊ ညပိုင်းကျတော့လည်း တီးဝိုင်းရှိလို့ ရန်မဖြစ်အောင် ထိန်းရနဲ့ အိပ်ရေးတွေပျက်ပြီး လူကိုမျော့နေရော”
“ဖြစ်ရလေကိုရယ်၊ အတော့ကို ပင်ပန်းမှာပဲနော်၊ ပြီးတော့ အဝင်းပြောထားတဲ့ ကိုကြံမောင်တို့အဖွဲ့ ရွာကို လာတဲ့အကြောင်းရော ဖတ်ပြီးပြီလားဟင်”
“ဖတ်ပြီးပြီအဝင်း၊ ကိုတော့ ရွာမပြန်ရဲသေးပါဘူး၊ ကိုကြံမောင်တို့ လုပ်ရပ်ကို ကိုကတော့ ရူးမိုက်တယ်ထင်တာပဲ၊ သူတို့ဘယ်လိုပဲ သတိပေးပေးပေါ့၊ ဒလန်ဆိုတာက ရွာမှာပဲ ရှိတာမဟုတ်ဘူးလေ၊ ဒီကာလမှာ ဒီရွာက ကိစ္စကို ဟိုရွာက ချက်ချင်းကြားပေါက်တာပဲ၊ အဲ့ဒီတော့ ဒီရွာမှာ ဒလန်မရှိတောင် ဟိုရွာမှာ ဒလန်ရှိနိုင်တာပဲလေ၊ အဲဒီဒလန်ကတစ်ဆင့် အရှေ့ဘက်က စက်မှုဆီတို့၊ ဝက်ချေးပျူရွာတို့ဆီ သတင်းပေါက်နိုင်တာပဲ၊ အလကားပါအဝင်းရယ်၊ ရွာလည်း ပြန်မနေရဲကြဘဲနဲ့ ရွာထဲဝင်ပြီး သတိလာပေးတော့ ဒလန်တွေ ပျူတွေ စစ်ခွေးက ပီဒီအက်ဖ်တွေ ရွာထဲရှိတယ်ထင်ပြီး ရွာကို ဒုက္ခလာပေးနိုင်တယ်၊ အဝင်းလည်း သိပ်မပေါ့နဲ့၊ သတိနဲ့ နေဦး၊ ကိုကြံမောင်တို့မလည်း ပျူစောထီးရွာတွေကို အရင်သိမ်းဖို့ ကြံတာမဟုတ်ဘူး”
“ဪ ကိုရယ် ကိုကြံမောင်တို့ကို သိပ်မပြောပါနဲ့၊ သူတို့လည်း တတ်နိုင်သလောက် လုပ်နေတာပဲပေါ့၊ ဒါဖြင့်ရင် ကိုက ရွာပြန်မလာသေးဘူးလားဟင်၊ အဝင်းတော့ သိပ်လွမ်းနေပြီ၊ ကိုကြံမောင်တို့ နောက်တစ်ခါလာရင် ကိုလည်း လိုက်ခဲ့ပါလား”
“အမ် ကြံကြံဖန်ဖန်အဝင်းရယ်၊ ကိုကြံမောင်တို့ ဘယ်မှာ ရှိနေမှန်းတောင် မသိဘူးလေ၊ ကိုတို့နဲ့က သက်သက်စီပဲဟာကို၊ ကိုက ရွာကို မလာရဲလို့ မဟုတ်ပါဘူး၊ အခုဆို ကိုက ပီဒီအက်ဖ်ဆိုတာ တစ်ရွာလုံးသိနေကြလောက်ပြီမဟုတ်လား၊ အဲ့ဒီတော့ ကိုက မကြောက်တောင် ကို့ရဲ့ မိသားစုဝင်တွေအတွက် ငဲ့ကွက်နေရသေးတယ်လေ၊ ကိုလည်း အဝင်းကို သိပ်လွမ်းတာပေါ့ကွယ်”
သရက်ကုန်းရွာမှ အလှူပွဲကြီး ပြီးဆုံးသွားပြီးနောက်ပိုင်း အရှေ့မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။ ထိုအလှူပွဲကြီး ပြီးဆုံးသွားသည့်အခါ တိုက်ပွဲပြင်းထန်လာသောကြောင့် ကံသီပေလို့ ဆိုပြီး ထွန်းတောက်ထိန်သည် ရင်တမမ ဖြစ်နေမိသေးသည်။
တိုက်ပွဲများမှာ နေ့စဥ်ရက်ဆက်ဖြစ်သည်။ တိုက်ပွဲများ ပြင်းထန်လာသလို အောင်မြင်မှုများလည်း ရရှိခဲ့သည်။ ထိုတိုက်ပွဲမြေပြင်နေရာသည် ထွန်းတောက်ထိန်တို့ အရပ်နှင့် ဝေးသဖြင့် ထွန်းတောက်ထိန်တို့ တပ်ဖွဲ့ဖြစ်သော ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်များ တိုက်ပွဲတွင် ပါဝင်ခွင့် မရခဲ့ပေ။
သည်တစ်ခါ တိုက်ပွဲများသည် ခရိုင်မြို့ကြီးဆီမှ အာဏာရှင်စစ်တပ်အင်အားအလုံးအရင်းနှင့် ရောက်လာခြင်းကြောင့် မဟုတ်ပေ။ ကိုယ့်ဘက်မှ တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံ စုစည်းကာ ပျူစောထီးရွာများ စစ်တပ်အထိုင်ချ စခန်းများကို သွားရောက်တိုက်ခိုက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ အရှေ့မြို့နယ် တစ်နယ်လုံးမှ တော်လှန်ရေးတပ်ဖွဲ့များအားလုံးနှင့်အတူ မြောက်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့အချို့ စုစည်းကာ တိုက်ခိုက်ကြခြင်းဖြစ်သည်။
ထိုသို့ တပ်ပေါင်းစုံ စုစည်းနိုင်ခြင်းသည် အောင်မြင်မှုအတွက် အထောက်အပံ့ကောင်းကောင်း ဖြစ်စေသည်။ တပ်ဖွဲ့တိုင်းကလည်း ကိုယ့်တပ်ဖွဲ့မှ အထူးချွန်ဆုံး၊ အရဲရင့်ဆုံး ရဲဘော်များကို စေလွှတ်သည်။ ကိုယ့်တပ်ဖွဲ့တွင် ရှိသမျှ လက်နက်ခဲယမ်းအပြည့်အစုံ ယူဆောင်လာခဲ့ကြသည်။ သည့်ကြောင့် လူအင်အား လုံလောက်သလို လက်နက်ခဲယမ်းလည်း လုံလောက်သည်။ ထိုသို့ လုံလောက်လျှင် အောင်မြင်မှုကို ဆွတ်ခူးရမည်။ အောင်မြင်မှုကို ဆွတ်ခူးနိုင်သည့်အခါ တိုက်ပွဲတွင် ပါဝင်ခဲ့သော တပ်ဖွဲ့ပေါင်းစုံ၏ အမည်များ စာရင်းတွင် ပါဝင်လာလိမ့်မည်။
ဖေ့ဘွတ်တခွင်မှ သတင်းခေါင်းကြီးများက ဝေဝေဆာဆာ ဖော်ပြလိမ့်မည်။ ထိုသို့ ဖော်ပြခံရသည့်အခါ ကိုယ့်တပ်ဖွဲ့ နာမည်ရလိမ့်မည်။ ချီးကျူးခံရလိမ့်မည်။ ထိုအခါ ပြည်သူများကလည်း နောက်အခါတိုက်ပွဲများအတွက် ထည့်ဝင်လှူဒါန်းကြလိမ့်မည်။
သည်တစ်ခါတိုက်ပွဲ၏ အောင်မြင်မှုကား အရှေ့မြို့နယ်မှ ပျူစောထီးရွာဖြစ်သော ဂွကြီးကုန်းရွာကို အလျင်ဆုံး သိမ်းပိုက်လိုက်နိုင်ခြင်းသည်။ ထို ဂွကြီးရွာသည် ထွန်းတောက်ထိန်တို့ရွာဖြစ်သော နှင့် အလွန်ဝေးလံသောကြောင့် ထိုအောင်မှုအတွက် ထွန်းတောက်ထိန်သည် အထူးတလည် ပျော်ရွှင်မှုမဖြစ်ပေ။
ဂွကြီးကုန်းရွာ သိမ်းပိုက်အပြီး တစ်ပတ်ခန့်အကြာတွင် ကိုင်းတောကြီးရွာကို သိမ်းပိုက်နိုင်ခဲ့သည်။ ကိုင်းတောကြီးရွာကို သိမ်းပိုက်နိုင်သည့်အတွက်တော့ ထွန်းတောက်ထိန် ဝမ်းသာသည်။ ကိုင်းကြီးကုန်းရွာသည် ထွန်းတောက်ထိန်ကို ပညာတတ်ဖြစ်အောင်၊ ဆယ်တန်း အောင်မြင်အောင် မွေးထုတ်ပေးခဲ့သော ရွာကြီးမဟုတ်လား။
သာယာကုန်းရွာနှင့် နှစ်မိုင်ကျော်ဝေးသည်။ ငယ်ငယ်က စက်ဘီးကလေးနှင့် ကျောင်းတက်ခဲ့သည်။ ကိုင်းတောကြီးရွာသည် ပျူစောထီးရွာ မဟုတ်ပေ။ ပျူစောထီးများ မရှိပေ။ စံပြရွာကြီးဖြစ်သောကြောင့် ဆေးရုံ၊ အထက်တန်းကျောင်း၊ ရဲစခန်းများ ရှိသည်။
ဆေးရုံနှင့် အထက်တန်းကျောင်းမှ ဆရာဝန်များ၊ သူနာပြုများ၊ ဆရာ၊ ဆရာမများသည် CDM ဝင်ကြသော်လည်း ရဲစခန်းမှ ရဲများက CDM မဝင်ကြသဖြင့် ကိုင်းတောကြီးရွာတစ်ရွာလုံးသည် အိုးအိမ်စွန့်ခွာကာ ပြေးရှောင်ကြရသည်။ ရွာပျက်ကြီး ဖြစ်ခဲ့ရသည်။ ယခုတော့ ရွာကို ပြန်လည်ရရှိသွားပြီ။ ထိုအောင်မြင်မှုအတွက် ပျူစောထီးများနှင့် ရဲခွေးများ အတုံးအရုန်း သေကြေခဲ့ရသလို ကိုယ့်ဘက်မှ တော်လှန်ရေးသမားအချို့လည်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။
သည်လို အောင်မြင်မှုမျိုး ဆက်တိုက်ရရှိနေသည့်အချိန်၌ ကိုင်းတောကြီးရွာနှင့် သိပ်မဝေးလှသော ကန်တော်သာပျူစောထီးရွာနှင့် ဝက်ချေးပျူစောထီးရွာကိုပါ သိမ်းပိုက်ဖို့ ထွန်းတောက်ထိန် မျှော်လင့်မိသည်။ သို့တိုင် လူအင်အား လုံလောက်သော်လည်း လက်နက်ခဲယမ်းမလုံလောက်တော့ဘူးဟု ဆိုသဖြင့် မသိမ်းပိုက်နိုင်သေးကြောင်း စိတ်မကောင်းစွာ ကြားသိလိုက်ရသည်။
နှစ်ရွာတည်းကို သိမ်းပိုက်နိုင်သော်လည်း ပါဝင်ခဲ့သော တော်လှန်ရေးသမားများသည် အောင်မြင်မှုဂုဏ်ပြုပွဲများ ကျင်းပကြသည်။ တချို့တပ်ဖွဲ့များဆိုလျှင် ပြည်သူတန်းကြီးက သပြေပန်းများ၊ ငွေပန်းကုံးများ၊ စားသောက်ကုန်များနှင့် ကြိုဆိုကြသည့် ပွဲကြီးများကို ကျင်းပကြကြောင်း သတင်းခေါင်းကြီးများမှတစ်ဆင့် မြင်ကြရသည်။ ထိုဂုဏ်ပြုပွဲများတွင် ကိုကြံမောင်တို့အဖွဲ့လည်း ပါကြောင်း ညှက်စိတို့၊ ပေတိုးတို့၊ ဂျော်ဒက်တို့က ဖေ့ဘွတ်တွင် တင်ထားသဖြင့် မြင်လိုက်ရသည်။
စန္ဒာဝင်းဝင်းက လွမ်းတယ် ဟု တဖွဖွ ပြောလာသည့်အခါ ထွန်းတောက်ထိန်သည်
“ရွာပြန်လို့ ရမလား”
ဟု ဟိန်းထက်ကို မေးကြည့်သည်။ ဟိန်းထက်က
“ခဏတော့ သည်းခံပါဦး၊ ပြန်ရတော့မှာပါ၊ ကိုကြံမောင်တို့ ပြန်တိုင်း ငါတို့က ပြန်ချင်တိုင်း ပြန်လို့ မရသေးဘူး၊ ကိုကြံမောင်တို့က အခြေအနေကြည့်ပြီး ပြန်ကြတာ၊ သူတို့က ရွာနဲ့နီးတော့ အခြေအနေ ကြည့်နိုင်တာပေါ့၊ ငါတို့ကသာ ရွာနဲ့ဝေးနေတော့ အခြေအနေမကြည့်နိုင်ဘူး၊ အဲဒီတော့ အခြေအနေမကြည့်ဘဲ ရွာပြန်ရင် အခန့်မသင့်ရင်တော့ ရွာကို ဒုက္ခဖြစ်နိုင်တယ်၊ စောင့်လက်စနဲ့ ဆက်စောင့်လိုက်ပါဦး”
“ဪ အင်းပေါ့”
စောင့်လက်စရက်တို့ တစ်ပတ်ကနေ သုံးလေးပတ်အထိ ကြာလာသောအခါ ထွန်းတောက်ထိန်သည် ရွာပြန်ဖို့နှင့် အဝင်းနှင့်တွေ့ရဖို့ကို မျှော်လင့်ချက် မရှိတော့သလို ခံစားရသည်။ ကန်တော်သာပျူစောထီးရွာနှင့် ဝက်ချေးပျူစောထီးရွာတို့ကို သိမ်းပိုက်လိုက်လျှင် ရွာပြန်ရဖို့ သေချာသလောက်ရှိသော်လည်း ထိုရွာများကို သိမ်းပိုက်ဖို့ အရိပ်အယောင်မျှပင် မမြင်ရ၊ တစွန်းတစမျှပင် မကြားရ။
တော်လှန်ရေးသမားများအနေနှင့် တိုက်ပွဲတစ်ပွဲ စတင်နိုင်ဖို့ဆိုတာ လွယ်လွယ်နှင့် အဆင်သင့် မဖြစ်နိုင်ဘူးလေ။ လက်နက်၊ ကျည် စုဆောင်းရတာ မလွယ်ကူ၊ အလှူငွေ လွယ်လွယ်မရနိုင်။
တော်လှန်ရေးသမားများမှာ ကျည်ဆန်ဝယ်နိုင်ဖို့ကို သူတောင်းစားလို ခခယယ အလှူခံနေကြရသည်။
တချို့များဆို လက်အုပ်ကလေးချီပြီး အလှူခံကြရသည်။ ကျွန်တော်တို့က အသက်ပေးရဲပါတယ်၊ ပြည်သူတွေက ကျန်ဆန်ဖိုးလေးပဲ ပေးကြပါဟု ဆော်သြနေကြရသည်။
သည်လို မျှော်လင့်ချက်များ မရှိတော့သည့်အခါ၌ ထွန်းတောက်ထိန်၏ စိတ်များသည် ဆာလောင်လာခဲ့ပြန်လေသည်။ အာသာဆန္ဒတို့ ပြည့်ဝသွားသည့်အချိန်၌ တစ်သက်တာစာ ငြီးငွေ့သွားသလို ခံစားရပေမယ့် ဆာလောင်လာသည့်အခါမှတော့ ”ချစ်မရှက်၊ ငတ်မရှက်၊ ငိုက်မရှက်” ဆိုသော စကားလို ဂုဏ်သိက္ခာကိုပင် မထိန်းချုပ်နိုင်တော့လောက်အောင် ဆန္ဒကို ရှေ့တန်းတင်မိတတ်သည်။
သည်တော့ မသုံးချင်တော့ဘူးဟု ဆုံးဖြတ်ထားသည့် Tik Tok ကလေးကို ပြန်သုံးကာ ချိုသာနှင်းနှင့် ပြန်လည် ဆက်သွယ်ရသည်။ ဖုန်းမက်ဆေ့နှင့်တော့ မဆက်သွယ်ချင်။ မက်ဆေ့တွင် မှတ်တမ်းသက်သေကျန်နိုင်သည်။ ချိုသာနှင်းနှင့် ပြောသည့်စကားများကို မိမိဘက်က အလွယ်တကူ ဖျက်နိုင်သော်လည်း ချိုသာနှင်းဘက်က မဖျက်လျှင် မှတ်တမ်း ကျန်နိုင်သည်။ Tik Tok မှာတော့ ယခင် ဂျက် အမည်က တစ်ခါသုံးတိုင်း တစ်နာမည် ပြောင်းပစ်မိသည်။
“လွမ်းနေမိပြန်ပြီအနှင်းရေ”
ဟု စာပို့ထားသည်။ ချိုသာနှင်းကလေးကတော့ ထွန်းတောက်ထိန်နှင့် မဆက်သွယ်ရတာ ကြာပြီဖြစ်သော်လည်း ထွန်းတောက်ထိန်က
“လိုင်းတွေမတက်နဲ့နော်၊ စာပဲ ကြိုးစားပါ၊ ဒီတနှစ်လေးပဲ ကြိုးစားလိုက်ရင် ပြီးပါပြီ၊ စာမေးပွဲအောင်ပြီးသွားရင်တော့ အနှင်းလုပ်ချင်တာလုပ်၊ လိုင်းကိုလည်း တစ်နေကုန် သုံးချင်သလိုသုံး၊ ကျောင်းပိတ်ရက်လေးတွေမှာ မနေနိုင်ရင်တော့ သုံးပေါ့”
ဟု ပြောထားရာ ချိုသာနှင်းက ထွန်းတောက်ထိန်ကို အသည်းနင့်အောင် ချစ်မိသူပီပီ ပြောစကား နားထောင်လေသည်။
မိုးများ အုံ့နေသော ကျောင်းပိတ်ရက်မှာ အနှင်း လိုင်းတက်လာသည်။
“အနှင်းလည်း လွမ်းတယ်ကိုဂျက်၊ စာမေးပွဲက နောက်တစ်ပတ်ကျော်ဆို ဖြေရတော့မှာ၊ အနှင်းလေ စာမေးပွဲမဖြေခင် ကိုဂျက်နဲ့ တစ်ခါလောက် တွေ့ချင်မိတယ်၊ အနှင်းရဲ့ စိတ်တွေက ကိုဂျက်ဆီပဲ ရောက်ရောက်နေတော့ စာကို သေချာအာရုံမစိုက်နိုင်ဘူး၊ ကိုဂျက်နဲ့ တွေ့ရရင်တော့ အာရုံစိုက်နိုင်မယ်ထင်တာပဲ”
ပြည်တွင်းစစ်ကာကြီးမှာ စာမေးပွဲကာလများလည်း ပြောင်းလဲကုန်တော့သည်။ အနှင်း၏ ပြောပြချက်ကြောင့် သိရသည်မှာ ကျောင်းသားကျောင်းသူလေးများ ပညာမသင်ခဲ့ရသည်မှာ ၂ နှစ် ကျော်ခဲ့သဖြင့် အသက်တွေ ကြီးမသွားစေရန် အချိန်ကို လုသင်နေရကြောင်း။
တစ်ပတ်မှာ ကျောင်းတစ်ရက်သာ ပိတ်ကြောင်း။ ယခင်က စာသင်သက်မှာ ကိုးလရှိသော်လည်း ကိုးလရှိစဥ်က ကျောင်းဖွင့်ရက်အရေအတွက်ပြည့်လျှင် စာသင်သက်ပြည့်ကြောင်း။ သည့်ကြောင့် စာမေးပွဲဖြေသည့်ရာသီသည် ယခင်လို နွေရာသီတင်မက နွေရော၊ မိုးရော ဖြစ်နိုင်ကြောင်း။
တစ်နှစ်စာ ပြီးသွားလျှင် ယခင် နွေကျောင်းပိတ်ရက်ကဲ့သို့ သုံးလ မပိတ်နိုင်တော့ဘဲ ဆယ့်ငါးရက် သို့မဟုတ် ရက်နှစ်ဆယ်ခန့်သာ ပိတ်နိုင်ကြောင်း။ ပြီးလျှင် နောက်တစ်နှစ်စာ ပြန်ဖွင့်ရကြောင်း ရှင်းပြသည်။
“ဟင် အဲ့လိုလား၊ ကိုဂျက်လည်း တွေ့ချင်ပေမယ့် အနှင်းနဲ့ တွေ့ရအောင် မဖန်တတ်ဘူးဖြစ်နေတယ်၊ ဘယ်လိုလုပ်ရမလဲအနှင်းရယ်”
“အနှင်းစီစဥ်ပေးနိုင်ပါတယ်ကို၊ မြောက်မြို့ကို စာမေးပွဲအတွက် လိုအပ်တာလေးတွေ သွားဝယ်မယ်ဆိုပြီး ထွက်လာခဲ့မယ်လေ၊ သူငယ်ချင်းရော ခေါ်ခဲ့မယ်၊ ကိုလည်း ထွက်လာနိုင်မလား”
“ထွက်လာနိုင်ပါတယ်အနှင်း”
ထွန်းတောက်ထိန်သည် မြောက်နားကရွာသို့ အတွင်းခံလေး ဝယ်ချင်လို့ ဆိုပြီး ဟိန်းထက်၏ ဆိုင်ကယ်ကို ယူကာ မြောက်မြို့သို့ နှင်ခဲ့လေသည်။
ချိုသာနှင်း စာမေးပွဲ ဖြေပြီးသောအခါ၌ ထွန်းတောက်ထိန်သည် အနှင်းနှင့် အမြဲလိုလို တွေ့ဖြစ်တော့သည်။ အနှင်းက ထွန်းတောက်ထိန်နှင့် တရားဝင် ချစ်သူတွေဖြစ်ကြောင်း Tik Tok တွင် တင်ချင်သည်ဟု ဆိုလာသည်။ တချို့သူငယ်ချင်းတွေလည်း သူတို့ချစ်သူနှင့် ဓာတ်ပုံအတူတွဲရိုက်သည့်ပုံတွေ Tik Tok တွင် တင်ကြတော့ အားကျသည်ဟု ဆို၏။ ထွန်းတောက်ထိန်က အကြောက်အကန်ငြင်း၏။ လုံလောက်သော ဆင်ခြေလည်း မပေးတတ်သဖြင့် နေပါဦးအနှင်းရယ်ဟုသာ ပြောရသည်။
ထိုသို့သော အချိန်မျိုး၌ ကိုကြံမောင်က ဖုန်းဆက်လာခဲ့သည်။ ကိုကြံမောင်သည် စာကို ကောင်းကောင်းမရိုက်တတ်၊ မရေးတတ်သဖြင့် ဖုန်းလိုင်းကောင်းသည့်နေရာသို့သွားကာ ဖုန်းဆက်တတ်သည့်အကျင့်ရှိသည်။ သည်တစ်ခါတော့ ထူးခြားလောက်ပြီဟု ထွန်းတောက်ထိန် ယူဆသည်။ အနှင်းနှင့် ပျော်ရွှင်နေပြီး အဝင်းကို မေ့သလောက် ရှိနေသည့်အခါ၌ ကိုကြံမောင့်ထံက ထူးခြားသည့် သတင်းမျိုးကို ကြားရတော့မလားဆိုပြီး စိုးရိမ်စိတ်များပင် ဝင်မိသေးသည်။
“ထွန်းတောက်လား”
“ဟုတ်တယ်၊ ဘာပြောမလို့လဲ ကိုကြံမောင်”
“မင်းတို့ အခု ငါတို့ကမ့်ကို လာလို့ရပြီ၊ ငါတို့ရွာသားတွေချည်း စုနေတယ်၊ ဟိန်းထက်ရော ကျန်တဲ့ကောင်တွေရော အကုန် ပြောင်းချင်ရင် ပြောင်းလို့ရပြီ၊ ပြောင်းချင်ရင် ပြောင်းခဲ့ပါ”
“ဆိုင်းမဆင့် ဗုံမဆင့်ကြီးပါလားဗျ၊ ကိုကြံမောင်တို့ကမ့်ပ်မှာ လူများတယ်ဆိုဗျ”
“အခု မရှိတော့ဘူး၊ အကုန် သူတို့ရွာ ပြန်ကုန်ကြပြီ၊ သူတို့ရွာမှာပဲ သူတို့ရွာသားတွေချည်းစုပြီး ဆက်ပြီး တော်လှန်ကြမှာတဲ့”
“ဟင် ဘယ်လိုဖြစ်ကြတာလဲဗျာ၊ မတည့်ကြလို့လား”
“မဟုတ်တာကွာ၊ သူတို့က အခု ရွာပြန်နိုင်ကြလို့လေ၊ ကိုင်းတောကြီးနဲ့ ဂွကြီးကုန်းကို သိမ်းပြီးသွားတော့ သူတို့ ရွာပြန်နိုင်ကြပြီလေ၊ သူတို့ ရွာသာ ပြန်တာ တပ်ကတော့ ခွဲမသွားပါဘူး၊ အရင် တပ်ဖွဲ့အမည်နဲ့ပဲ ဆက်ရှိနေကြမှာ၊ ငါတို့သာ ဝက်ချေးပျူရွာကို မသိမ်းနိုင်သေးသရွေ့ ရွာမပြန်နိုင်သေးဘူး၊ အဲ့ဒါကြောင့် ဒီကမ့်ပ်မှာ ငါတို့ရွာသားချည်းပဲ ကျန်တယ်၊ ဒါ့ကြောင့် တပ်အနှံ့မှာ ရောက်နေတဲ့ ငါတို့ရွာသားတွေအကုန်စုပြီး နေကြမလို့၊ မင်းရော လာမယ်မလား”
“ဟိန်းထက်တို့နဲ့ပြောပြီး လာခဲ့မယ်လေ”
“အေး အေး၊ လာခဲ့ပါ၊ ဒီကျရင် အကြီးဆုံးဆိုလို့ မင်းနဲ့ငါပဲ ရှိတာ၊ မင်းက ဒုခေါင်းဆောင်နေရာ ယူရမှာ၊ ပြီးတော့ မင်းက စာလည်း တတ်တယ်”
ကိုကြံမောင့်စကားကို ကြားတော့ ထွန်းတောက်ထိန် မျက်ခုံးလှုပ်သွားသည်။ ဒုတိယခေါင်းဆောင်နေရာ ယူရမယ်ဆိုပါလား။ သည်တော့ ထွန်းတောက်ထိန်သည် ချက်ချင်း ဘဝင်မြင့်ချင်သလို ဖြစ်သွားသည်။
နဂိုက အဝင်းကို မေ့ချင်သလိုဖြစ်ပြီး အနှင်းနှင့် ပျော်ရွှင်နေပြီမို့ အနှင်းနှင့် ခွဲရမည့်ကိစ္စမျိုး ကြားလာရလေမလားဆိုပြီး စိုးတထိတ်ထိတ် ဖြစ်နေခဲ့သော စိတ်ကလေးသည် ကြက်ပျောက်ငှက်ပျောက်သွား ဖြစ်သွားခဲ့ရသည်။ ကိုကြံမောင်က မင်းက စာတတ်တယ်ဟု ပြောလာတော့ ထွန်းတောက်ထိန်သည် သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်လိုက်မိသည်။ ဟုတ်ပေသားပဲ။ သာယာကုန်းရွာက တော်လှန်ရေးသမားတွေထဲမှာ ဆယ်တန်းအောင်သူဆိုလို့ ထွန်းတောက်ထိန် တစ်ယောက်ပဲ ရှိသည်မဟုတ်လား။
ပြီးတော့ ကိုကြံမောင်က ထွန်းတောက်ထိန်ထက် လေးနှစ်သာ ကြီးသည်။ သူ့အောက်မှာ ထွန်းတောက်ထိန်။ ထွန်းတောက်ထိန့်အောက်ကကောင်တွေက အကုန် ဆယ်ကျော်သက်၊ အသက်နှစ်ဆယ် ဝန်းကျင်လေးတွေချည်း။ သူတို့ထက်စာလျှင် ထွန်းတောက်ထိန်က လူကြီးဖြစ်နေပြီ။ သူတို့လေးတွေကို အုပ်ချုပ်ရမည်ဆိုပါလား။ ဒါဖြင့်ရင် အဖွဲ့အတွက် ငွေကြေးကိုလည်း ကိုင်တွယ်ရမည်မဟုတ်လား။ သည်လိုတွေးပြီးနောက် အတွေးများက ဆက်လက်ဝင်လာခဲ့သည်။
ဒါဖြင့်ရင် ရွာကိုပြန်နိုင်ကြသည့်အခါ ရွာကိုလည်း အုပ်ချုပ်ရနိုင်သည်။ ရွာမှာ ယခု လူရွာကြီးမရှိဘဲ ရပ်တည်နေရသည်။ ယခင်က ရွာလူကြီးက NLD ပါတီဝင်မို့ ဒလန်ရန်ကြောက်ပြီး နယ်ဝေးသို့ ပြေးနေသည်လေ။ ဆိုတော့ဖြင့် ထွန်းတောက်ထိန်မှာ လုပ်စရာတွေ တောင်လိုပုံနေတော့မည်ဟု အသိဝင်ကာ ဖင်တကြွကြွ ဖြစ်နေတော့သည်။
■ ထွင်
အပိုင်း (၉) ဆက်ရန်…







