ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သွေးမျိုးစဥ်ဆက်

August 25, 2026

ထွင်

အပိုင်း (၄)

ထွန်းတောက်ထိန်သည် တော်လှန်ရေးအဖွဲ့ထဲ ဝင်တော့မည်ဟု မိဘတွေကို ပြောသောအခါ အနေအေးသည့် အဖေက သဘောဟုသာ ပြောသည်။ အမေကတော့ ဘယ်မှ မသွားဘဲ သည်ရွာမှာပဲ စိုးတထိတ်ထိတ်နှင့် နေရမှာထက်စာလျှင် ကျောလုံလုံနေနိုင်မည်ထင်ရသော တစ်နေရာသို့ ထွက်သွားတာ ကောင်းမည်ဟု ယူဆပုံရသည်။

အဖွဲ့မှာ နေလျှင်လည်း အသက်အန္တရာယ်ရှိသည်။ ရွာမှာနေလျှင် ဝက်ချေးရွာပျူစောထီးရန် ကြောက်ရသည်။ ဘယ်နေနေ အန္တရာယ်ရှိနေမည့်အတူတူ အဖွဲ့ထဲမှာ တော်လှန်ရေးလုပ်ရင်း နေသည်ကမှ အဖတ်တင်သည်ဟု မမြချစ်ယူဆမိသည်။ သည့်အပြင် အမေသည် နှုတ်ကသာ မပြောသော်လည်း မိမိ၏ သားသည် တော်လှန်ရေးမှာ ပါဝင်ဖို့ အရွယ်ကောင်းဖြစ်နေတာရော၊ သူများသားတွေ အဖွဲ့ထဲသွားနေချိန် မိမိသားက ဘာမှမဆိုင်သလို နေစိမ့်နိုင်လွန်းသလို ဖြစ်နေတာရောကြောင့် သွားဖို့ တိုက်တွန်းချင်သည်။

သို့သော်လည်း သားကို ဆုံးရှုံးရမည်ကလည်း စိုးရိမ်နေပြန်သေးသည့်အတွက် သွားပါဟု အတင်းအကျပ် မတိုက်တွန်းချင်။ သားက သွားချင်သည်ဟု ပြောလာလျှင်တော့ ငြင်းမည်မဟုတ်။ သည်အချိန်မှာပဲ သားက သွားမည်ဟု ပြောလာခဲ့တော့ မိခင်မမြချစ်က အင်းပါအင်းပါ ဟုသာ ဝမ်းနည်းတာရော ဝမ်းသာတာရော ရောစွက်နေသည့် မျက်နှာနှင့် ခေါင်းညိတ်နေမိသည်။

တကယ်ဆို မမြချစ်တို့လည်း မလုံခြုံသလို ခံစားရသည့် သည်ရွာကနေ ထွက်ပြေးချင်လှပါသည်။ သို့သော်လည်း ဘယ်နေရာ သွားနေရမည်နည်း။ ငွေမရှိ၊ အလုပ်အကိုင်မရှိနှင့်။ ပြီးနောက် သားငယ်လေး ဝင်းတောက်ထိန်ကို လှည့်ကြည့်မိသည်။

သည်သားကလေးကို အရွယ်မရောက်သေးသည့်အတွက် အလွန်ကျေးဇူးတင်နေမိသည်။ သားကလေးကို တော်လှန်ရေးကြီး မပြီးမချင်း အရွယ်မရောက်စေချင်တော့ပေ။ နို့မဟုတ်လျှင် သားနှစ်ယောက်လုံးကို မခန့်မသင့်လျှင် ဆုံးရှုံးသွားစေနိုင်သည်မဟုတ်လား။

ထွန်းတောက်ထိန်သည် မိဘနှစ်ပါးကို ဦးသုံးကြိမ်ဝတ်ချသည်။ ခပ်အေးအေးနေတတ်သည့် ဖခင်ဦးအောင်သိန်းက ဘာမျှ မပြောပေမယ့် မိခင်ဒေါ်မြချစ်ကတော့ ”ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါစေ၊ တော်လှန်ရေးကြီး အောင်မြင်အောင် ထမ်းဆောင်နိုင်ပါစေ” ဟု စကားလုံးတွေကို စိတ်ထဲကနေ အပြေးအလွှားရွေးရှာရင်း ထွက်လာသလောက် နှုတ်ကနေ တိုးတိုးလေး ဆုတောင်းပေး၏။ တခြားသူတွေ ကြားမှာကလည်း ကြောက်၏။ သိမှာလည်း ကြောက်၏။ ဖခင်ဦးအောင်သိန်းကတော့ ပါးစပ်ကနေသာ ဘာမှ မပြောတာ စိတ်ထဲကနေတော့ ဆုတောင်းနေလိမ့်မည် ထင်ပါသည်။ ပြီးနောက် ထွန်းတောက်ထိန်သည် ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဟု ပြန်လည်ဆုတောင်းပေးလိုက်သည်။

ပြီးနောက် အဝတ်ထုပ်ငယ်လေးကို ဆိုင်ကယ်ဒူးခေါင်းကြားမှာ ညှပ်သည်။ အဝတ်ထုပ် ကြီးလို့ မဖြစ်။ ကြီးလျှင် လူမြင်မည်။ လူမြင်ရင် ခရီးသွားသည်၊ ဒါမှမဟုတ် အဖွဲ့ထဲသွားသည်ဟု ထင်မြင်သွားနိုင်သည်။ မိဘတွေ ရှိသလောက် ပေးလိုက်သော ငွေတချို့ကို အိတ်ကပ်ထဲ လုံအောင်ထည့်သည်။ ဆိုင်ကယ်စီးလျှင် လေနှင့်အတူ လွင့်ပါမသွားအောင် အိတ်ကပ်ကို လုံအောင် ပိတ်ထားသည်။ ပြီးနောက် ဖခင်ဦးအောင်သိန်းကို ဆိုင်ကယ်နောက်မှာ လိုက်ပါစေသည်။

ထွန်းတောက်ထိန်ကို ဟိန်းထက်က ရွာအထိ လာမကြိုနိုင်။ ဟိန်းထက်သည် အဖွဲ့ထဲ ဝင်သွားပြီဖြစ်ကြောင်း ရွာထဲက တစ်စွန်းတစ်စကြားသိထားကြပြီမို့ ရွာထဲ မဝင်ရဲတော့။ ရွာထဲဝင်လို့ ဒလန်မြင်လျှင် ပဒတ်တစ်ကောင် ရွာထဲ ဝင်လာတယ်၊ ဟိုဘက်ထွက်သွားတယ်၊ ပဒတ်နဲ့အတူ ထွန်းတောက်ထိန်လည်း ထွက်သွားတယ်၊ ထွန်းတောက်ထိန်လည်း ပဒတ်အဖွဲ့ထဲ ဝင်သွားတာ ဖြစ်နိုင်တယ် ဟု ဝက်ချေးပျူစောထီးရွာထံ တိုင်ကြားနိုင်သည်။ (ပဒတ် ဟူသည်မှာ စစ်ခွေး၊ ရဲခွေး၊ ပျူစောထီးခွေးများက ပီဒီအက်ဖ် ကို အလွယ်ခေါ်သောကြောင့် ထွက်လာသော အသံဖြစ်သည်။ မိမိတို့ဘက်ကလည်း စစ်ခွေး၊ ရဲခွေး၊ ပျူစောထီးခွေးဟု သုံးနှုန်းသကဲ့သို့ ပီဒီအက်ဖ်များကိုလည်း တိရစ္ဆာန်တစ်မျိုး၏ အမည်နှင့် နှိမ်ပြီး ခေါ်ကြခြင်း ဖြစ်သည်။ သို့သော်လည်း ပဒတ်နှင့် အသံထွက်တူသော တိရစ္ဆာန်တစ်မျိုး၏ အမည်ကို ပုတက်ဟု ရေးရမှန်း ဉာဏ်နုံနည်းသော စစ်ခွေး၊ ရဲခွေး၊ ပျူစောထီးခွေးတို့သည် မသိရှာပေ။ ပဒတ်ဟု အသုံးအနှုန်းမှာ မရိုင်းစိုင်းမှန်း ပီဒီအက်ဖ်များကလည်း သိကြသဖြင့် သူတို့ကိုယ်သူတို့ သုံးနှုန်းကြသည်။)

သည့်ကြောင့် ဟိန်းထက်စောင့်နေမည့်နေရာသို့ ဖခင်ဦးအောင်သိန်းက လိုက်ပို့သည်။ ဟိုရောက်လို့ ဟိန်းထက်နှင့် တွေ့လျှင် ဟိန်းထက်နောက်မှာ လိုက်သွားမည်။ ပါလာသည့်ဆိုင်ကယ်ကို ဦးအောင်သိန်းကို ပေးလိုက်မည်။ ဆိုင်ကယ်ကို ယူသွားလို့မဖြစ်။ ရွာမှာ စစ်ရှောင်ရလျှင် ဆိုင်ကယ်နှင့် ရှောင်ရဦးမည်ကိုး။ ရွာကနေ ထွက်လာလျှင်လည်း လူမြင်လျှင် ဘယ်သွားမလို့လဲဟု စပ်စုနေဦးမည် စိုးရိမ်သဖြင့် နံနက်အလင်းရောင် မကွဲခင် ထွက်လာခဲ့ကြသည်။

ချစ်သူလေး စန္ဒာဝင်းဝင်းကိုတော့ မနေ့ညက နှုတ်ဆက်ခဲ့ပြီးပြီ။ နောက်ဆုံးအကြိမ်အဖြစ် တစ်ဝကြီး နမ်းရှိုက်ပွေ့ဖက်ခဲ့ပြီးပြီ။ ချစ်သူလေးက ထွန်းတောက်ထိန်သွားမည်ကို မတားမြစ်ရှာပေ။ အဝင်း၏ စိတ်ထဲတွင် ဒေါ်မြချစ်ကဲ့သို့ ရှိရှာသည်ထင်သည် မသွားစေချင်တောင် မတားမြစ်ရက်တော့ပေ။ နေကောင်းအောင်နေပါ။ မသေအောင် သတိထားပါ။ ဖုန်းမက်ဆေ့နဲ့ အမြဲတမ်းဆက်သွယ်နေပါ။

အဆက်အသွယ် မပြတ်ပါစေနဲ့ဟု တဖွဖွပြောသည်။ ကတိတောင်းသည်။ သည်တစ်ခါတော့ အရေးတော်ပုံ အောင်ချင်အောင်၊ မအောင်ချင်နေ ရွာပြန်လို့ ရပြီဆိုလျှင် နဂိုရည်မှန်းခဲ့ကြသော ဘွဲ့ရပြီး အလုပ်အကိုင်ရှိမှ လက်ထပ်ကြမည်ဟု ကတိပြုခဲ့သည်ကို ဖျက်ပြီး ရွာပြန်လို့ရသည်နှင့် လက်ထပ်ကြရအောင်ဟု တောင်းဆိုသည်။ ထွန်းတောက်ထိန်ကလည်း ခေါင်းညိတ်ကတိပေးသည်။

စက်မှုကိုမဟုတ်တောင် ဝက်ချေးပျူစောထီးရွာကို သိမ်းနိုင်ပြီဆိုလျှင် အိမ်ပြန်လို့ ရနိုင်မှာပါဟု နှစ်သိမ့်သည်။ အဝင်းကလည်း အဲ့သည် ပျူခွေးရွာကို မြန်မြန်သိမ်းပေးပါကိုရယ်ဟု အံတကြိမ်းကြိမ်း တောင်းဆိုခဲ့သည်။ ထွန်းတောက်ထိန်ကလည်း ကြိုးစားနိုင်သလောက် ကြိုးစားနေရမှာပေါ့ဟု ဆိုသည်။

ဟိန်းထက်ပြောသည့် ရွာတစ်ရွာ၏ အဝင်လမ်းထောင့်တစ်နေရာသို့ ရောက်တော့ ဟိန်းထက်က ဒေါက်ထောက်ထားသည့်ဆိုင်ကယ်ပေါ် တင်ပါးလွှဲထိုင်ရင်း အသင့်စောင့်နေသည်ကို တွေ့ရသည်။ ဟိန်းထက်က ထွန်းတောက်ထိန်တို့ကို မြင်မြင်ချင်း ပြုံးပြသည်။

ထွန်းတောက်ထိန်လည်း ဟိန်းထက်ကို မြင်တော့ အလွန်အမင်း အံ့သြသွားရသည်။ ဘုရားရေ သည်ကောင် အတော်ကြီးကို ပြောင်းလဲသွားရှာတာပါလား။ ပုခုံးပေါ်မှာ သေနတ်ကြီးကို လွယ်ထားသည်။ တော်လှန်ရေးသမား အားကောင်းသည့် နေရာဆိုတော့ သေနတ်ကြီးကို အများရှေ့ ရဲရဲဝံ့ဝံ့ လွယ်ရဲရှာသည်။ ပုဆိုးလုံချည်ကို ဝတ်ထားပေမယ့် အင်္ကျီကတော့ ပီဒီအက်ဖ်ပြောက်ကျားအင်္ကျီဖြစ်သည်။

မတွေ့ရသည့်အတောအတွင်းကနေ မြင်လိုက်ရတော့ စစ်သားကြီးအသွင်အဖြစ် ဘွားကနဲ ပြောင်းလဲသွားသလို မြင်မိသည်။ တကယ့်ယောကျ်ားကြီးလိုလို။ တကယ့်စစ်သားကြီးလိုလို။ အရင်ကလို ပေပေတေတေနေခဲ့ပုံများနှင့် ဘယ်လိုမှ မလိုက်ဖက်။ အခုကျတော့ တကယ့်ကို သူရဲကောင်းကြီး ဖြစ်သွားသလိုပင်။

ပြီးနောက် ထွန်းတောက်ထိန်က ဆိုင်ကယ်ကို အဖေ့ကို ပေးလိုက်ပြီး ဟိန်းထက်ဆိုင်ကယ်၏ နောက်မှာ ထိုင်သည်။ ဟိန်းထက်က ပုခုံးပေါ် စလွယ်သိုင်းလာသော သေနတ်ကို ထွန်းတောက်ထိန့်ပုခုံးပေါ် ထမ်းခဲ့ရန် လွှဲပေးလိုက်သည်။ ဘုရားရေ လေးလှချေလား။

သည်လောက်လေးသည့် သေနတ်ကြီးနှင့် စစ်ပွဲထဲလိုက်ရင် သေနတ်အလေးချိန်နှင့်တင် မောရချေရဲ့ဟု တစ်ဆက်တည်းတွေးနေချိန်မှာပဲ မတော်တဆ ခလုတ်ကို ထိမိပြီး ကျည်ထွက်မှာ ကြောက်နေသေးသည်။ သည့်ကြောင့် ကျည်ပိတ်ထားရဲ့လားဟု မေးလိုက်ချင်ပေမယ့် ကြောက်တတ်ရန်ကောဟု စောဒကတက်လာမည်စိုးသဖြင့် မမေးလိုက်တော့။

“အဖေ ကျုပ်တို့ သွားတော့မယ်၊ အဖေလည်း ပြန်တော့နော်”

“ကျုပ်ရှိတယ်၊ ဘာမှမပူပါနဲ့၊ စိတ်ချပါအဘရေ(အဖိုး)၊ လမ်းမှာ ဂရုစိုက်ဦးနော်”

မြေးတော်စပ်သည့် ဟိန်းထက်ကလည်း ဝင်ပြောတော့ ဦးအောင်သိန်းက အေးပါ အေးပါ သွားနှင့် ဟုခေါင်းညိတ်သည်။ ဟိန်းထက်လည်း ဆိုင်ကယ်ကို နှိုးပြီး ထွက်သည်။ အဖေသည် နောက်ဆုံးအနေနှင့်များ ဖြစ်မလားဆိုပြီး သားဖြစ်သူ ထွန်းတောက်ထိန်ကို ကြည့်နေလိမ့်မည်ဟု ထွန်းတောက်ထိန်ထင်သည်။

ခဏအကြာ အဖေ့ဆိုင်ကယ်နှိုးသံကြားတော့ ထွန်းတောက်ထိန်လည်း အဖေ့ဘက် သမင်လည်ပြန် လှည့်ကြည့်သည်။ ထိုအကြည့်သည်လည်း ထွန်းတောက်ထိန်အတွက်တော့ အခန့်မသင့်ရင် နောက်ဆုံးအကြည့်လည်း ဖြစ်နိုင်သးသည်မဟုတ်လား။ သည့်တော့ စိတ်ထဲ ဝမ်းနည်းသလို ခံစားရသည်။

ဟိန်းထက်သည် တစ်ရွာပြီးတစ်ရွာ ဖြတ်သည်။ ထိုရွာများသည် တော်လှန်ရေးသမားများ စိုးမိုးရာ ရွာများဖြစ်သဖြင့် အေးအေးဆေးဆေး ဖြတ်လို့ရသည်။ သာယာကုန်းရွာထက်စာလျှင် အလွန်ကံကောင်းသော ရွာများဖြစ်သည်။ သည်ရွာများစွာတွင်လည်း စစ်အာဏာရှင်ကို ထောက်ခံသူအချို့တော့ ရှိကြပေလိမ့်မည်။ သို့သော် အနည်းအကျဥ်းသာ ရှိမည်ဖြစ်ပြီး စစ်အာဏာရှင်ကို ရှုတ်ချတော်လှန်သူ အများအပြားရှိသဖြင့် ယခုလို စိုးမိုးနိုင်ရခြင်းဖြစ်သည်။

သာယာကုန်းရွာဆိုလျှင် ရွာကလေးက ကျဥ်းသလောက်၊ အိမ်ခြေလေး နှစ်ရာကျော်ရုံလောက်ဆိုပေမယ့် ပြီးခဲ့သည့် ရွေးကောက်ပွဲတုန်းက ကြံ့ဖွံ့ပါတီကို ထောက်ခံသည့် မဲအရေအတွက်က ခြောက်ဆယ်ကျော် ရှိခဲ့သည်မဟုတ်လား။ အသိဉာဏ်နည်းပြီး မတရားမှုကို ထောက်ခံသူ အများအပြားရှိသည့်အတွက် ရွာသူရွာသားအနေနှင့် ရှက်စရာကောင်းပါသည်။

ထွန်းတောက်ထိန်သည် ဖြတ်လာခဲ့သော ရွာများကဲ့သို့ မိမိတို့ရွာလေးကိုလည်း အေးအေးချမ်းချမ်းနေနိုင်သည့် ရွာကလေးဖြစ်အောင် ကြံဆောင်မည်ရည်ရွယ်ချက်နှင့် ရွာကလေးကနေ ထွက်လာခဲ့ရာ စိတ်ထဲ ဝမ်းနည်းရသော်လည်း တူတော်သူ ဟိန်းထက်ရှိနေသေးသဖြင့် အားတက်မိသည်။

ကမ့်ပ်(Camp) ရောက်လျှင် အိမ်လွမ်းနာကျပြီး ပျင်းစရာကောင်းမည်မှာ သေချာသလောက် ရှိနေမှန်းသိသော်လည်း ဟိန်းထက်ရှိနေတာနှင့် အပျင်းပြေလိမ့်မည်ဟု ယူဆသည်။ ရပ်ဝေးတစ်နေရာသို့ရောက်ခိုက် အနားမှာ လူရင်းရှိနေလျှင်၊ အားကိုးစရာတိုးတိုးဖော်တစ်ယောက်တော့ လိုအပ်သေးသည်မဟုတ်လား။ ဟိန်းထက်ဆိုတာ ထွန်းတောက်ထိန်၏ တူသာ တော်စပ်သည် အသက်အရွယ်က မတိမ်းမယိမ်းဖြစ်သဖြင့် သူငယ်ချင်းလို ပေါင်းခဲ့သူဖြစ်သည်။

ဟိန်းထက်၏ ဆိုင်ကယ် သရက်ကုန်းရွာသို့ ဖြတ်ဝင်လာခဲ့ပြီ။ သို့တိုင် ဆိုင်ကယ်မရပ်သေးဘဲ ရွာအပြင်သို့ ဆက်မောင်းသွားသဖြင့် သည်ရွာမဟုတ်လားဟု မေးလိုက်သည်။

“ဟုတ်တယ်လေ၊ ကမ့်ပ်က ရွာအပြင်မှာ”

ဟိန်းထက်၏ ဆိုင်ကယ်သည် လျှော်ဖြူခြံကြီးထဲသို့ ချိုးဝင်သွားသည်။ လျှော်ဖြူခြံကြီး၏ အလယ်တည့်တည့်တွင် အင်္ဂတေ၊ သွပ်မိုးဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံတစ်ခု ရှိသည်။

အဆောက်အအုံသည် အခန်းမပါပေမယ့် အတော်လေးကျယ်သည်။ ဘေးချင်းယှဥ်ပြီး အိပ်လျှင် အယောက်တစ်ရာ ဆံ့နိုင်အောင် ကျယ်သည်။ ဆောက်လုပ်လက်စဖြစ်ပြီး မပြီးသေးပေ။ လျှော်ဖြူအစေးခြစ်သူများ နားနေရန်အတွက် ဆောက်လုပ်ထားခြင်းဖြစ်သည်။ လျှော်ဖြူအခင်းစောင့်မိသားစုတစ်စုစာ နေနိုင်ရန် ရည်ရွယ်ဆောက်လုပ်ထားဟန်ရှိသည်။

ဆောက်လုပ်နေစဥ် နိုင်ငံရေးမကောင်းတော့သဖြင့် ရပ်နားလိုက်ဟန်တူသည်။ နောင်မှ သိရသည်မှာ ခြံပိုင်ရှင်သည် အာဏာသိမ်းမှုကြီးဖြစ်ပြီး မိသားစုလိုက် မြို့သို့တက်သွားသည်ဟု ကြားသိရသည်။ ခြံပိုင်ရှင်သည်လည်း အာဏာသိမ်းစစ်တပ်ကို ရှုတ်ချသူဖြစ်သဖြင့် သူ၏ ခြံကို ပီဒီအက်ဖ်ကမ့်ပ်အဖြစ် နေခွင့်ပြုထားသည်တဲ့။

လျှော်ဖြူပင်များကတော့ အလွန်အုပ်အုပ်ဆိုင်းဆိုင်း ရှိနေပြီဖြစ်ပြီး အဆောက်အအုံကို အုပ်မိုးနေပါပြီ။ သည့်ကြောင့် လေယာဥ်ပေါ်ကနေ အောက်သို့ ငုံ့ကြည့်လျှင်ပင် အဆောက်အအုံကို မမြင်နိုင်ရ။ သည့်ကြောင့် ကမ့်ပ်အဖြစ် စိတ်ချလက်ချ ဖွင့်ထားလို့ရသည်။ ထိုအချိန် လျှော်ဖြူစေးများမှာ စျေးမကောင်း၊ စျေးကွက်လည်း မရှိတော့သဖြင့် လျှော်ဖြူအစေး မခြစ်တော့ပေ။

ထိုအဆောက်အအုံထဲ ရောက်ရောက်ချင်း ပီဒီအက်ဖ်ကမ့်ပ်ဖြစ်ကြောင်း မြင်ရုံနှင့် သိသာလှသည်။ ကြမ်းပြင်နံရံတွင် သေနတ်များကို သေသေသပ်သပ် ထောင်ထားသည်။ အပေါ်တွင် ဝါးလုံးကို ကြိုးတန်းသဖွယ် တင်ထားပြီး ပီဒီအက်ဖ်ပြောက်ကျားဝတ်စုံများနှင့် ကျည်ကာအင်္ကျီများကို ချိတ်ထားသည်။ ထိုအရာများသာ သပ်သပ်ရပ်ရပ်ရှိနေပြီး ကျန်အရာများကတော့ ရှုပ်ပွလျှက် ရှိသည်။

လူပျိုလူလွတ်များ နေသည်ဆိုတော့ စည်းမရှိကမ်းမရှိ ဖြစ်ကတတ်ဆန်းနေပုံရသည်။ အဝတ်အစားများက ဖရိုဖရို။ ကြမ်းပြင်တွင် မီးဖိုချောင်သုံး ရိက္ခာများကို ဖြန့်ထားရာ ရှုပ်ပွလျှက် ရှိသည်။

အဆောက်အအုံ၏ ဘေးတွင် သံတိုသံစများ၊ ဘီယာဘူးခွံ အစုလိုက်အပုံလိုက်။ အရိုးခြောက်ဆိုင်ကယ်ပျက်များလည်း လေးငါးစီးရှိနေသည်။ ထိုသံတိုသံစများနှင့် ဘီယာဘူးခွံကို ပြားကပ်နေအောင် ထုပြီး ကျောက်ပြားစက်ဖြင့် ချွန်တက်နေအောင်ဖြတ်ကာ မိုင်းလုံးကြီးများထဲ ထည့်သည်တဲ့။ မိုင်းကွဲလျှင် ထိုသံတိုသံစများက ခန္ဓာကိုယ်ကို ဖောက်ဝင်ပြီး ရန်သူများ သေကြရလိမ့်မည်။ သေနတ်မရှိတော့ သံချွန်သံတိုများကို အစားထိုးရသည်ကိုး။

ကမ့်ပ်သို့ရောက်ရောက်ချင်း ရွာတွင် အဖွဲ့ထဲဝင်သွားတာ ဖြစ်နိုင်တယ်ဟု တစွန်းတစ သတင်းထွက်နေသော ဦးချက်ဖောင်း၏ သား မောင်တာတီးနှင့် ကိုပေါ်လာ၏သား မောင်ချာလီတို့ကို အသင့်တွေ့လိုက်ရသည်။ တစ်ရွာတည်းသားတွေကို တွေ့လိုက်ရသဖြင့် သည်မှာနေရတာ ပျင်းဖို့ကောင်းမှာ မဟုတ်ဘူးဆိုပြီး ထွန်းတောက်ထိန်သည် အားတက်သွားသည်။

နှစ်ကောင်ကလည်း ထွန်းတောက်ထိန်အား ဖော်ဖော်ရွေရွေပြုံးပြသည်။ သူတို့ရောက်နေသည်မှာ နှစ်,ဝက်ခန့် ရှိနေပြီဖြစ်သော်လည်း ထွန်းတောက်ထိန်အား နောက်ကျရန်ကောဆိုပြီး စောဒကမတက်ကြ။ သည့်အပြင် မမြင်ဖူးသော ကောင်လေး ဆယ်ယောက်လောက်ကိုလည်း တွေ့ရသည်။

ထိုအထဲတွင် ထွန်းတောက်ထိန်တို့ကဲ့သို့ နယ်မြေမစိုးမိုးနိုင်သေးသဖြင့် ရွာတွင် နေရတာ မလုံခြုံတာရော ပီဒီအက်ဖ်ထဲ ဝင်လိုတာရောကြောင့် ရောက်လာကြသည့် ရွာပေါင်းစုံက ကောင်လေးများဖြစ်သည်။ သူတို့အပြုအမူအရ လူသစ်အဖြစ် ထွန်းတောက်ထိန်ရောက်နေသည်ကို ဘာမျှ မထူးဆန်းသလို ဖုန်းပွတ်၊ ဂိမ်းဆော့နေကြသည်။

သည်နေရာသို့ ရောက်လာသူမှန်သမျှကို တစ်ကိုင်းတည်းနားသော ငှက်များ၊ ရင်ဘတ်တူသူများ၊ ဘက်တူသူများဟု သဘောထားပြီး ယခုမှ မြင်တွေ့ရသူဖြစ်သည့်တိုင် နှစ်များစွာ ရင်းနှီးပြီးသူကဲ့သို့ ပြုံးကြသည်။ ဆက်ဆံကြသည်။

တစ်ပတ်လျှင် တနင်္ဂနွေတစ်ရက် ထုတ်လုပ်ရေးနားသည်ဟု ဟိန်းထက်ပြောဖူးသဖြင့် သူတို့သည် ထွန်းတောက်ထိန်ကို ပြုံးပြပြီး အားအားနှင့် ဖုန်းပွတ်နေဟန်ရှိသည်။ ထွန်းတောက်ထိန်သာ ဟိုရောက်လျှင် ယုံရမည့်လူ ဟုတ်ရဲ့လား၊ ဒလန်လုပ်မည့် လူစားများလားဆိုပြီး အကဲစမ်းကြမည့် မျက်လုံးတွေနှင့် ကြည့်ခံရမလား တွေးတပူပူဖြစ်ခဲ့သေးသည်။

အိမ်ရှင်ရွာဖြစ်သော သရက်ကုန်းရွာမှ ကောင်လေးများက အနည်းငယ်သာရှိသည်။ သူတို့သည် အိမ်မှာနေနိုင်ကြသူများမို့ အိမ်တွင် နေကြသည်သာများသည်။ အလုပ်လုပ်စရာရှိလျှင် ကမ့်ပ်သို့လာ လုပ်သည်။ တိုက်ပွဲဝင်စရာရှိလျှင် ကမ့်ပ်သို့လာပြီး ယူနီဖောင်းဝတ်ကြ၊ သေနတ်လွယ်ကြသည်။

အဖွဲ့၏ အမည်မှာ ”ကျားသစ်နက်” ဖြစ်ကြောင်း ဟိန်းထက်က ပြောပြသည်။ အဖွဲ့ခေါင်းဆောင်၏ အမည်မှာ ကိုဘသောင်း ဟူ၍ဖြစ်သည်။ အသက် လေးဆယ့်ငါးဝန်းကျင်ရှိသည်။ သရက်ကုန်းရွာသားဖြစ်သည်။ ကိုဘသောင်းက ညနေပိုင်းမှ ကမ့်ပ်သို့ ခဏတဖြုတ်ရောက်လာသည်။ ရွာတွင် နေတာများသည်။ ဇနီးနှင့် သားသမီးငယ်လေးများ ရှိသည်တဲ့။ ကိုဘသောင်းရောက်လာတော့ ဟိန်းထက်က ဒါက ကျနော်ပြောတဲ့ စီဒီအမ်တက္ကသိုလ်ကျောင်းသား ထွန်းတောက်ထိန်ဆိုတာလေ ဟု မိတ်ဆက်ပေးသည်။ ကိုဘသောင်းက –

”အေးအေး ပျော်အောင်နေ၊ လုပ်စရာရှိရင် ကူလုပ်ပေးပေါ့၊ ဘယ်သူက ဒါလုပ်ရမယ်ဆိုပြီး ခွဲမထားဘူး၊ အတူတူ မျှလုပ်ရမယ်နော်၊ သေနတ်ပစ်တတ်အောင် အရိုင်းက သင်ပေးထားလိုက်၊ ဪ ဒါနဲ့ မင်းနာမည်ရင်းကို မသုံးရဘူးနော်၊ တော်လှန်ရေးနာမည်ပေးဖို့ စဥ်းစားထားလိုက်ဦး”

ဆိုပြီး ဆိုင်ကယ်လေးနှင့် လှည့်ပြန်သွားသည်။ ကိုဘသောင်းကြည့်ရတာ အလွန်ထက်မြက်မည့်ပုံ။

သိမ်မွေ့သင့်သည်အခါ သိမ်မွေ့ပြီး ထက်မြတ်ရဲရင့်ရမည့်အခါ အလွန်ထက်မြက် ရဲရင့်ပုံပေါက်ကြောင်း မျက်နှာမှာ ပါ်လွင်နေသည်။ သည်အချက်များကြောင့် ရွာခေါင်းဆောင်၊ ကျားသစ်နက်ခေါင်းဆောင် ဖြစ်နေခြင်းဖြစ်သည်။

ကိုဘသောင်းဦးဆောင်သော ကျားသစ်နက်အဖွဲ့သည် NUG အစိုးရ၏ လက်အောက်တွင် ဝင်ထားသည့် ပကဖ အဖွဲ့ဖြစ်သည်။ NUG အစိုးရထံမှ ထောက်ပံ့မှုများ မရသည့်တိုင် NUG ထုတ်ပြန်သော အမိန့်များကို တသွေမတိမ်းလိုက်နာသည်။

အတိုကောက် ပကဖ ၏ အရှည်ဖြစ်သော ကာကွယ်ရေး ဆိုသည့်အတိုင်း လုံခြုံမှုမရှိသော နေရာကနေ လာရောက်ခိုလှုံရင်း အဖွဲ့ထဲ ဝင်လာသူများကို ကာကွယ်စောင့်ရှောက်သည်။ ထိုသူများကိုလည်း ကာကွယ်ရေးသမားများဖြစ်အောင် ပျိုးထောင်သည်။ ကာကွယ်ရေးသမားဆိုသည်မှာ ပြည်သူကို အသက်ပေးကာကွယ်ရင်း ပြည်သူ့အာဏာကို အရယူမည့်သူများဖြစ်သည်။

သည့်ကြောင့် ကာကွယ်ရေးသမား ဖြစ်မည့်သူတိုင်းကို ကြိုဆိုသည်။ အသက်ပေးစစ်တိုက်မည့် သူရဲကောင်းများကို မွေးထုတ်သည်။ ဆက်လက်ပြီးတော့လည်း ပကဖ အဖွဲ့ဝင်လေးများကို ရှာဖွေလက်ခံသည်။ နောင်များတော့ ပကဖ လက်သစ်လေးများကို ရှာဖွေစုဆောင်းပြီး စစ်သင်တန်းရှိသည့်နေရာများသို့ ပို့ပေးသည်။

သည့်ကြောင့်လည်း ထွန်းတောက်ထိန်ရောက်လာတော့ ငြူစူမည့်မျက်နှာရိပ်ကို လုံးဝ မတွေ့ခဲ့ရခြင်းဖြစ်သည်။ ထွန်းတောက်ထိန်တို့ ရောက်စအချိန်မှာတော့ စစ်သင်တန်းပေးမှုတွေ သိပ်မရှိသေးသဖြင့် သင်တန်းမတက်ခဲ့ရပေ။

ကိုဘသောင်းပြောမှပဲ ဟိန်းထက်၏ တော်လှန်ရေးနာမည်မှာ အရိုင်းဖြစ်ကြောင်း သိရတော့သည်။ ထွန်းတောက်ထိန်ကတော့ တော်လှန်ရေးအမည်ကို ဘယ်လိုပေးရမယ်မသိသေး။ ညကျမှ ကမ့်ပ်သို့ ချောမောစွာရောက်ကြောင်း ချစ်သူလေး စန္ဒာဝင်းဝင်းထံ မက်ဆေ့ပို့အသိပေးရင်း တော်လှန်ရေးနာမည်ကို ကူစဥ်းစားခိုင်းမည်ဟု တွေးသည်။

ထိုနေ့က အလုပ်နားရက်နေ့မို့ ထွန်းတောက်ထိန်တို့ အားနေသည်။ ကံကောင်းစွာ ကမ့်ပ်နေရာသည် အင်တာနက်လိုင်း မိသည်။ ဟိန်းထက်ပြောသဖြင့် သိရသည်မှာ သည်နားတဝိုက်မှာ အင်တာနက်လိုင်း မိတာဆိုလို့ သည်နေရာလေးပဲ ရှိသည်တဲ့။

ထူးခြားသည်ကား သည်အဆောက်အအုံ၏ နေရာတည့်တည့်သည် သည်ပတ်ဝန်းကျင်တဝိုက်တွင် အမြင့်ဆုံး ကုန်းမြင့်ကလေး ဖြစ်နေသည်တဲ့။ သည့်ကြောင့် အာဏာရှင်စစ်တပ်က အင်တာနက်ပိတ်ထားသည့်တိုင် အင်တာနက်လိုင်း မိနေသည်။ သို့သော်လည်း ကမ့်ပ်နှင့် ပတ်သက်သော ကိစ္စအဝဝကို လိုင်းပေါ် လုံးဝ မတင်ရဘူးဟု စည်းကမ်းထုတ်ထားသည်တဲ့။ မိုင်းလုပ်ငန်းခွင်နေရာကိုလည်း ဓာတ်ပုံလုံးဝ မရိုက်ရဘူးတဲ့။

ကမ့်ပ်တွင် ထမင်းချက်ဦးလေးကြီးတစ်ယောက် ရှိနေသည်။ နောက်မှ သိရသည်မှာ ထိုဦးလေးကြီးသည် ဝက်ချေးပျူစောထီးရွာက ဦးလေးကြီးတဲ့။ ရောက်နေတာ တစ်နှစ်နီးပါးရှိပြီတဲ့။ အာဏာသိမ်းစကတည်းက ရွာမှာ နေရတာ မလုံခြုံသလို ခံစားရလို့ ကမ့်ပ်တစ်ခုမှာ ဝင်ရောက်ခိုလှုံရင်း စားဖိုမှူးဝင်လုပ်နေသတဲ့။ ဦးလေးကြီးက အသက်ကြီးနေပြီဖြစ်သဖြင့် မိုင်းလုပ်ငန်းခွင်မှာ မလုပ်နိုင်တော့ပေ။

သည့်ကြောင့် ထွန်းတောက်ထိန်သည် လုပ်ချင်စိတ် မရှိခဲ့သော စားဖိုမှူးအလုပ်ကို မလုပ်ရတော့သဖြင့် ဝမ်းသာသည်။ မိုင်းလုပ်ငန်းခွင်မှာ ကျောက်ပြားစက်ဖြင့် ကျောက်ဖြတ်အလုပ်ကို လုပ်မည်။ ကိုဘသောင်းပြောသလို သေနတ်ပစ်တတ်အောင်လည်း ဟိန်းထက်ဆီက သင်ယူရဦးမည်။ လျှော်ဖြူခြံကြီး၏ အနောက်ခြမ်းတွင် ရေကန်ငယ်လေးလည်း ရှိနေသေးသဖြင့် ထိုကန်မှာ ရေချိုးရတာ ပျော်စရာကောင်းသည်။

ညကျမှ ချစ်သူလေး စန္ဒာဝင်းဝင်းထံ မက်ဆေ့ပို့ပြီး တော်လှန်ရေးနာမည်ရွေးရန်ကိစ္စ ပြောဖြစ်ကြသည်။ မိဘများဆီသို့တော့ နေ့ခင်းကတည်းက ချောချောမောမောရောက်ကြောင်း၊ နေရတာပျော်စရာကောင်းမည့်ပုံပေါက်ကြောင်း လိုင်းမရတစ်ချက် ရတစ်ချက်ကြားက ပြောခဲ့ပြီးပြီ။

အဝင်းက အကြိုက်ဆုံး နိုင်ငံခြားရုပ်ရှင်မင်းသား၏ နာမည်ပေးကြည့်ပါလားဟု အကြံပေးသည်။ မြန်မာနာမည်နဲ့ ဘိုလိုနာမည် ရောစပ်ထားသော နာမည်တွေကို သိပ်ကြိုက်သည်ဟု ပြောသည်။ ထွန်းတောက်ထိန်က ဂျက်ဆန်စတေတမ်ကို ကြိုက်သဖြင့် ဂျက်ဆန်ထွန်းဟု ပေးမည်ဟု ပြောသည်။

သို့သော်လည်း အားလုံးက ဂျက်ဆန်ဟုသာ အလွယ်ခေါ်တတ်သဖြင့် ဂျက်ဆန်ဟုပဲ ယူလိုက်တော့သည်။ ထွန်းတောက်ထိန်နှင့် အဝင်းကြားမှာတော့ ကို ဆိုသည့် အသုံးအနှုန်းကလေးသာ ရှိသည်။

မိုင်းလုပ်ငန်းခွင်သည် သည်နေ့ ဒါအပြီး လုပ်ရမည်ဟူ၍ သတ်မှတ်ထားသည်မဟုတ်ပေ။ ပစ္စည်းရှိလျှင် ရှိသလောက်၊ ပြီးလျှင် ပြီးသလောက် လုပ်ရသည်။ သရက်ကုန်းရွာသည် ရေနံမှော်နှင့်လည်း နီးပြီး သရက်ကုန်းရွာတွင် ရေနံလုပ်ငန်း လုပ်ကိုင်သူများလည်း ရှိကြသဖြင့် ရေနံလုပ်ငန်းမှ သံတိုသံစ၊ ပိုက်လုံးစုတ် ပိုက်လုံးများသည် မိုင်းလုပ်ငန်းခွင်ထံသို့ ရောက်လာကြသည်။

အာဏာမသိမ်းခင်ကဆိုလျှင် ထိုပစ္စည်းစုတ်များသည် အဟောင်းဆိုင်သို့ ရောက်ကုန်တတ်သည်။ ယခုတော့ ရေနံလုပ်ငန်းရှင်များကိုယ်တိုင်က စစ်အာဏာရှင်ကို ရွံမုန်းသူများလည်းဖြစ်၊ တော်လှန်ရေးကိုလည်း အောင်စေချင်၊ တော်လှန်ရေးသမားတွင် လိုအပ်ချက်ရှိသည်များကိုလည်း ထောက်ပံ့ချင်ကြသဖြင့် ရေနံလုပ်ငန်းမှ သံစုတ်သံပြတ်များကို မရောင်းချတော့ဘဲ မိုင်းလုပ်ငန်းခွင်ဆီသို့ လှူလိုက်ကြတော့သည်။

သည့်ကြောင့် ကျားသစ်နက်ပြောက်ကျားတပ်မှ မိုင်းလုပ်ငန်းခွင်တွင် ရေနံလုပ်ငန်းသုံး သံပစ္စည်းများ အပုံလိုက်ရှိနေတတ်သည်။ လူဝကြီးတစ်ယောက်၏ ပေါင်လုံးလောက်ရှိသော ရေနံပိုက်လုံးစုတ်ကြီးများကို တစ်တောင်ခန့် ဖြတ်သည်။ အခေါင်းနှစ်ဘက်ကို ပိတ်ရန် ခပ်ဝိုင်းဝိုင်းသံပြားကို ဝရန်နှင့် ဖော်သည်။ ဖင်ကို ဝရိန်ဆော်ပြီး ပိတ်သည်။ ပြီးလျှင် အတွင်းထဲသို့ သံတိုပေစအချွန်အတက်များ၊ ယမ်းမှုန့်များ၊ ပေါက်ကွဲစေသော ဝါယာကြိုးများကို ထည့်သည်။

ပြီးနောက် အဖုံးကို မဆလာဖြင့် ပိတ်သည်။ သည်လောက်ဆိုလျှင် မိုင်းတစ်လုံး ထုတ်လုပ်ခြင်း အဆုံးသတ်သည်။ မိုင်းတစ်လုံးအတွက် အားလုံးက သူ့တာဝန်နှင့်သူ ယူကြသည်။ တက်ညီလက်ညီ လုပ်ကြသည်။ တခါတခါ ပစ္စည်းမရှိလျှင်တော့ အားနေတတ်ကြသည်။ ထွန်းတောက်ထိန်သည် အစပိုင်းမှာ ဘာမျှ မကျွမ်းကျင်သေးသဖြင့် သံအချွန်အတက်ကလေးသာ ဖြတ်သည်။ ပြီးနောက် ဝရိန်ဆော်သည့်အလုပ်ကိုပါ သင်ယူတတ်မြောက်သွားသည်။

မိုင်းတစ်လုံးဖြစ်ဖို့ မနည်းကြီး အဆင့်ဆင့် ထုတ်လုပ်ခဲ့ရသော်လည်း မိုင်းအောင်၊ မအောင် သိရစေရန် မိုင်းခွဲစမ်းသပ်သည့်အလုပ်ကိုလည်း လုပ်ကြရသေးသည်။ သည့်အတွက် မိုင်းလုံးကြီးများ နှမြောဖွယ်ကောင်းလှသော်လည်း မစမ်းသပ်လျှင် ဆိုးကျိုးသာ အဖြစ်များမည်မို့ နှမြောစိတ်ကို မျိုသိပ်ကြရသည်။ တခါတခါ မိုင်းစမ်းသပ်ရန် မိုင်းလုံးကြီးကို စမ်းသပ်မည့် နေရာသို့ ထမ်းသွားသည်။

ပြီးနောက် ဘက်ထရီ ချိတ်ထားသော ခလုတ်ကို နှိပ်လိုက်ရာ ဝုန်းကနဲ့ မိုင်းကွဲသံကြီးမှာ နယ်လုံးအနှံ့ လျှံသွားတော့သည်။ ထွန်းတောက်ထိန်တို့ ရွာဘက်နေစဥ်က သည်ရွာဘက်ကနေ မိုင်းကွဲသံတဝုန်းဝုန်းကို ခဏခဏ ကြားခဲ့ရသည်။ ထိုအသံများမှာ စစ်ခွေးတို့ကို မိုင်းခွဲတိုက်ခိုက်သည့် အသံများဟု ထင်မှတ်ကာ မိုင်းကွဲသံများများကြားရလေ စစ်ခွေးများများသေလားဟု သဘောထားကာ ပျော်ခဲ့ကြဖူးသည်။

ယခုတော့ စစ်ခွေးတို့ကို မိုင်းခွဲတိုက်ခိုက်သည့် အသံချည်းမဟုတ်ဘဲ မိုင်းစမ်းသည့်အသံများလည်း ဟုတ်ကြောင်း အခုမှ သိနားလည်တော့သည်။ မိုင်းထုတ်လုပ်သည့် နေရာဆိုတော့ မိုင်းလုံးကြီးများ အပုံလိုက်ရှိနေသည်။ ကုန်တင်ကားဘီးတပ်ထားသော လောင်ချာကြီးကိုလည်း ထုတ်လုပ်နေကြသည်။

ထိုလောင်ချာကြီး ပြီးသွား ကားတစ်စီး၏ နောက်မြီးမှာ ချိတ်ကာ တိုက်ပွဲသို့ ယူသွားမည်။ သို့မဟုတ် ရန်သူကို ချိန်ရွယ်ပစ်ခတ်မည့်နေရာသို့ ပီဒီအက်ဖ်ခြောက်ဦးခန့် တွန်းကာ သယ်သွားမည်။ ထိုပစ္စည်းများအား တနေ့နေ့ တချိန်ချိန်၌ စစ်ခွေးများကို သည်ပစ္စည်းများနှင့် တိုက်ခိုက်ခဲ့ကြောင်း၊ အရေးတော်ပုံ အောင်မြင်အောင် ကိုယ်တိုင်ထွင်ပြီး တိုက်ယူခဲ့ရကြောင်း သမိုင်းအထောက်အထားအနေနှင့် ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားသင့်သည်ဟု ထွန်းတောက်ထိန် ယူဆသည်။

သို့တိုင် ဓာတ်ပုံရိုက်သည်ကို တယောက်ယောက်မြင်လျှင် မိုင်းတွင်းနေရာအတိအကျကို ရန်သူ့ထံ သတင်းပေးဖို့ မှတ်တမ်းတင်နေသည်ဟု ယူဆသွားမည်စိုးသဖြင့် မရိုက်ဖြစ်တော့ပေ။ မိုင်းကိုလည်း ခဏခဏ ဖောက်ခွဲစမ်းသပ်နေရသည်။ သည့်အတွက် နှမြောကောင်းသလို စစ်အာဏာရှင်ကို ဖိအားပေးရာလည်း ရောက်သည်။ ရေနံမြေနေရာတချို့တွင် စစ်ခွေးအထိုင်ချစခန်းများ ရှိနေသေးသည်။

ယခု မိုင်းခွဲစမ်းသပ်သံများမှာ စစ်ခွေးတို့အား ငါတို့သည် သွေးမအေးသေးကြောင်း မိုင်းသံဖြင့် အသိပေးလိုက်ခြင်းဖြစ်သည်။ ထိုဖိအားပေးသံကြောင့် စစ်ခွေးတို့သည် ခြေကုန်လက်ပန်းကျလိမ့်မည်။ ကြောက်ရွှံ့အားငယ်ကြလိမ့်မည်။

သည့်အပြင် ထွန်းတောက်ထိန်သည် စစ်မတိုက်ရသော်လည်း ပီဒီအက်ဖ်တစ်ယောက် ဖြစ်နေပြီမို့ သေနတ်ကို ပစ်တတ်အောင် သင်ယူလေ့လာထားသည်။ အလျင်ဆုံး ဟိန်းထက်က တူမီးသေနတ်နှင့် ပစ်တတ်အောင် သင်ပေးသည်။ သေနတ်နှင့် မည်သူ့ကိုမှ ဘာအကြောင်းကြောင့်မှ မချိန်ရွယ်ရ၊ မစနောက်ရဟု ပြောပြသည်။ ထိုင်လျှက်နှင့် လျှော်ဖြူကြီးကို ချိန်ခိုင်းထားသည်။ မျက်စိတစ်ဘက်ကို မှတ်ပြီး ပစ်မှတ်ကို ချိန်ရွယ်ရမည်။ သေနတ်ဒင်ကို ပုခုံးအတွင်းဘက်မှာ ခပ်တင်းတင်းလေး ဖိထားရမည်။

နို့မဟုတ်လျှင် ကျည်ဆန်၏ ပြင်းအားကြောင့် ပုခုံးကို နာကျင်စေနိုင်သည်တဲ့။ ထွန်းတောက်ထိန်လည်း ပထမဆုံးအကြိမ် သေနတ်ပစ်ရမည်မို့ အလွန်ကြောက်မိသည်။ တုန်နေသည်။ ပစ်မှတ်ကို ချိန်ရွယ်ပြီးသည့်တိုင် ခလုတ်ကို မနှိပ်ရဲသေး။ မတော်တဆ ကျည်ဆန်သည် Error ဖြစ်ကာ ပစ်မှတ်ဆီသို့ မသွားဘဲ ဘေးဘက်သို့ ထွက်စင်သွားလေမည်လား။

ထွန်းတောက်ထိန်၏ နားထင်တည့်တည့်ကို ဖောက်ဝင်သွားလေမည်လားဟု တွေးကြောက်နေမိသည်။ ပြီးမှ ဖြစ်ချင်ရာဖြစ်ဆိုပြီး ခလုတ်ကို နှိပ်ချလိုက်ရာ မိုးခြိမ်းသံထက် ကျယ်သော သေနတ်သံကြီးကို ကြားလိုက်ရတော့သည်။ တကယ်ပင် သေနတ်သံသည် မိုးခြိမ်းသံထက် ကျယ်သည်။ ကိုယ်တိုင်ပစ်သော အသံမို့ ကျယ်ခြင်းဖြစ်သည်။

နားများ ပင်းသွားတော့မတတ် အူကနဲ့ ဖြစ်ကျန်ခဲ့သည်။ လူသည်လည်း နောက်သို့ အနည်းငယ် လွင့်သွားသေးသည်။ သေနတ်ဒင်ထောက်ထားသော ပုခုံးနေရာသည် ကျည်ဆန်ပြင်းအားကြောင့် နာကျင်သွားသည်။ ကျည်ဆန်သည် ပစ်မှတ်ကို ထိမှန်သွားသည်လားပင် မသိလိုက်ရ။ မမြင်လိုက်ရ။

■ ထွင်

အပိုင်း ၅ ဆက်ရန်…