အပိုင်း (၁)
တစ်နေ့သော နွေဦး၏ နံနက်ခင်းတွင် မြောက်ပြန်လေကလေးများ ခပ်အေးအေးကလေး တိုက်ခတ်နေသည်။ အိမ့်လက်ယာဘက်က ရွက်ဝါရင့်သော မန်ကျည်းရွက်ကလေးများသည် ပိတုန်းတောင်ပံခတ်သံကဲ့သို့ မြောက်ပြန်လေကြားမှာ တလူလူ လည်ပတ်ကာ ကြွေကျနေကြသည်။
အိမ့်လက်ဝဲဘက်မှ သရက်ပင်ကတော့ သရက်ပွင့်များ ကြွေကျပြီး အောက်တွင် သရက်ပွင့်လေးများ အပုံလိုက် ရှိနေသည်။ သရက်ပွင့်များပေါ်တွင် ဆီများ ဆွတ်ဖျန်းထားသည့်အလား ဆီရောင်တောက်ပနေကြသည်။
သရက်သီးလေးများကတော့ မီးခြစ်ဆံအရွယ်မျှသာ ရှိသေးသည်။
အိမ့်ရှေ့တွင်တော့ နွေမှာပွင့်သော သပြေဘူတ အဝါရောင်ပင်လေးသည် သေတော့မယောင် ရွက်ခြောက်များ ကြွေကုန်ပြီ။ ပြီးလျှင် ပုရစ်ဖူးလေးများထက်ဦးစွာ အပွင့်ခိုင်လေးများ အလျင်ထွက်လာပြီး အရွက်မရှိဘဲ ပင်လုံးကျွတ် အဆုပ်လိုက်၊ အခိုင်လိုက် ပွင့်တော့မည်။ သပြေဘူတ ပန်းခရမ်းရောင်ပင်ကြီးကတော့ တစ်ရွက်စ နှစ်ရွက်စ ကြွေနေပြီ။ ပန်းခရမ်းရောင် ပွင့်ကလေးများလည်း ဟိုနေရာတစ်ပွင့်၊ သည်နေရာတစ်ပွင့်စီ ပွင့်နေကြပြီ။ ပြီးလျှင် အရွက်များ ပင်လုံးကျွတ် ကြွေကျပြီးနောက် အရွက်မရှိသော အပင်အလား ပင်လုံးကျွတ် ပွင့်ဝေတော့မည်။
အိမ်ရှေ့ သလင်းပြင်တွင်တော့ လှည်းလက်စ မန်ကျည်းရွက်ခြောက်၊ သပြေဘူတရွက်ခြောက်ပုံလေး ရှိနေသည်။ ထိုရွက်ခြောက်ပုံများ လှည်းမပြီးသေးခင်၊ မကျုံးရသေးခင် ကြက် ခြောက်ကောင်၊ ခုနှစ်ကောင်ခန့်က ယက်ကာ အစာရှာနေကြသဖြင့် လှည်းထားသမျှ အလကားဖြစ်ကုန်သည်။
ထိုကြက်ကလေးများကတော့ သာယာကုန်းရွာမှာ ဘာဖြစ်နေသည်ကို ဘာမျှမသိကြ။ ပူပင်ကြောင့်ကြကင်းစွာ အစာရှာနေကြသည်။ တခါတခါဆို အဲသည်လို ဘာမျှ မသိသည့် တိရစ္ဆာန်ဘဝကမှ ခပ်ကောင်းကောင်း ရှိနေသေးသည်။
ရွာတွင် မိုးစင်စင် မလင်းခင်ကတည်း ရွာထဲက လူတွေ ခပ်သုတ်သုတ်ကလေးနှင့် ဟိုအိမ်ဝင် သည်အိမ်ဝင်ပြီး သတင်းပေးနေကြသည်။ လမ်းပေါ်တွင် ဆိုင်ကယ်သံများက သည်နေ့မနက်မှ ပိုပြီး ဆူညံနေသလို ဟိုအိမ်ကူး သည်အိမ်ကူးနှင့် ကူးလူးနေကြသည်။
အမှိုက်များကို လှည်းသူက မမြချစ်။ နံနက် မိုးမလင်းခင်ကတည်းက အိပ်ရာထပြီး ရေနွေးအိုး တည်၊ ထမင်း၊ ဟင်းချက်ပြီးနောက် အိမ်ကလူတွေ မထခင် အမှိုက်လှည်းနေခြင်း ဖြစ်သည်။ ထိုစဥ် ဘေးအိမ်က မပွေးစိန်က အိမ်ရှေ့ဝင်လာပြီး ”ခွေးတွေ အရှေ့မြို့ကို ရောက်နေပြီတဲ့တော်၊ စက်မှုကို ဝင်မလားမသိလို့ စစ်ရှောင်ရမတဲ့တော်” ဟု မတိုးမကျယ်၊ ကပျာကယာ ပြောသွားပြီး ခပ်သုတ်သုတ် လှည့်ပြန်သွားသည်။
သည်တော့ မမြချစ်လည်း လက်ထဲက ဆောင့်ကြောင့်ထိုင် အုန်းလက်တံမြက်စည်းလေးကို လွှတ်ချပြီး အိမ်အတွင်းဘက် လှည့်လိုက်သည်။ အိမ့်တံခါးပေါက်တွင် ရပ်နေသော ကိုအောင်သိန်းကို တွေ့ရသည်။
သူ့မျက်နှာမှာတော့ အိပ်ရာထထချင်း မပွေးစိန်ပြောသော သတင်းဆိုးကို ကြားလိုက်ရသောကြောင့် ကြောင်အမ်းအမ်းဖြစ်နေသော မျက်နှာကြီး။ သည့်ကြောင့် မမြချစ်က ”ကိုယ့် ကြားလိုက်တယ်မဟုတ်လား” ဟု မမေးလိုက်တော့။ ကိုအောင်သိန်းလည်း စစ်ရှောင်ရမလား၊ မရှောင်ရဘူးလား၊ ဘာဆက်လုပ်ရမလဲ မဆုံးဖြတ်နိုင်ဖြစ်နေသော မျက်နှာထားဖြင့် နောက်ဖေးသို့သွားကာ အပေါ့အပါးသွားသည်။ ပြီးလျှင် တင်းကုပ်မှ နွား လေးကောင်ကို ခေါင်းချ(နွားစာခွက်သို့ ချ)သည်။ ပြီးလျှင် နောက်ချေးကျုံးတော့သည်။
မမြချစ်ကတော့ အိပ်နေဆဲဖြစ်သော သားနှစ်ယောက်ကို ခပ်ကြမ်းကြမ်း နှိုးသည်။
“ထတော့ ထတော့၊ ခွေးတွေ အရှေ့မြို့ ရောက်နေတယ်တဲ့၊ စက်မှုကို ဝင်မလားမသိရဘူးတဲ့၊ စစ်ရှောင်ရမှာ၊ မြန်မြန်ပြင်တော့”
သားဖြစ်သူ ထွန်းတောက်ထိန်နှင့် ဝင်းတောက်ထိန်တို့သည် အိပ်ရေးမဝသေးသော မျက်နှာထားနှင့် ခဏမှေးချင်ကြသေးသော်လည်း မိခင်ဖြစ်သူပြောသော သတင်းကြောင့် ငေါက်ကနဲ ထရသည်။
စိတ်ညစ်စရာပါလား။ မနက်စောစောစီးစီး သတင်းဆိုး ကြားရတယ်လို့။ သည်ခွေးတွေ အတော့်ကို ဒုက္ခပေးတယ်။
ထွန်းတောက်ထိန်လည်း အိပ်ယာခေါက်သိမ်းပြီး အမေ့ကို ရှာသည်။ အမေက နောက်ဖေးဘက်က ထွက်လာသည်။ အဖေနှင့် တိုင်ပင်ခဲ့ပုံရသည်။
“စစ်က ရှောင်ကို ရှောင်ရဦးမှာလားအမေ”
“အေးပေါ့ကွယ်”
“ရှောင်စရာ နေရာလည်း စုံနေပြီ၊ ဒီတစ်ခါ ဘယ်သွားရှောင်ရမှာတုန်း”
“မြောက်မြို့ကိုသွား၊ ကိုယ့်အမေကြီး(အဖွား) မဖွားစုံအိမ်သွားနေ၊ ကိုယ့်ညီရောခေါ်သွား၊ ဆိုင်ကယ်ဆီအပြည့်ဖြည့်သွားဦး၊ လမ်းမှာ ဆီပြတ်သွားစေရဲ့ကြောင့်”
“အဝေးကြီး မသွားချင်ပါဘူးအမေရဲ့”
“ဝေးတော့ ပိုကောင်းတာပေါ့တော်၊ ခွေးနဲ့ဝေးဝေးနေလေ အန္တရာယ် ကင်းလေပဲ၊ ကဲကဲ ပြောနေကြာတယ်၊ မြန်မြန်မျက်နှာသစ်ပြီး ထုပ်ပိုးချေ၊ ကျုပ်ထမင်းခူးထားလိုက်မယ်၊ ဟဲ့ ဟိုကောင်လေးက မထသေးတာလား၊ ခွေးတွေ လာနေပါတယ်ဆိုမှ နင်က ခွေးကိုက်ခံချင်နေတာလား”
ဆိုပြီး အိမ်ထဲ ဝင်သွားရင်း မှောက်လျက်အိပ်နေသော သားငယ်၏ တင်ပါးကို နှစ်ချက်ရိုက်ကာ စောင်ကို ဆောင့်ဆွဲလိုက်သည်။
“ခွေးတွေ လာတော့ ဘာဖြစ်လဲအမေရဲ့”
“ဟဲ့ ခွေးတွေလာရင် စစ်ရှောင်ရမှာပါ့ဟဲ့၊ ကိုယ့်လို အေးတိအေးစက်လုပ်နေရင် ခွေးတွေနဲ့ပက်ပင်းတိုးတော့မှာပေါ့တကတည်း”
“တိုးတိုးပေါ့၊ အမေရှိတာပဲလေ”
“အမယ် အရေးထဲ ကိုယ်က နောက်နေသေး၊ ကျုပ်ရှိတော့ကော ကျုပ်က ဘာကာကွယ်နိုင်မှာမို့တုန်း၊ မသကာ ကျုပ်ကိုရော ပစ်သတ်သွားရင် ဘယ့်နှယ်လုပ်မလဲ၊ သွားသွား၊ မျက်နှာသစ်ချေ” ပြောရင်း စောင်ကို ခေါက်ပေးပြီး မီးဖိုချောင်ဝင်ကာ ခူးခပ်နေတော့သည်။
“ဒါဆို အမေတို့က ဘယ်သွားမှာလဲ၊ တောင်မြို့က အဝေးကြီးဆိုတော့”
ထွန်းတောက်ထိန်က မျက်နှာသစ်ပြီး နံနက်စာစားရန် ဝင်လာရင်း မေးတော့ မမြချစ်က ဆန်၊ ဆီလေးများ ထုပ်ပိုးရင်း ဖြေလေသည်။
“ကျုပ်တို့က နွားတွေနဲ့ မဖြစ်ပါဘူး၊ ကိုယ့်ဖအေနဲ့ကျုပ် နေခဲ့ပါ့မယ်၊ ဘာမှမဖြစ်ပါဘူး၊ ခွေးတွေ စက်မှု ဝင်တယ်ကြားမှ ကျုပ်တို့ အနောက်ရွာကို ရှောင်ပါ့မယ်တော်၊ ဒါက ကိုယ်တို့ဖို့၊ ဆန်နဲ့ဆီပေါ့၊ တပတ်စာပေါ့နော်၊ ကိုယ့်အမေကြီးကို ပေးထားလိုက်၊ တပတ်ကျော်ရှောင်ရရင်တော့ ထပ်ဝယ်ပေးလိုက်ဦး”
ထွန်းထိန်သည် အထုပ်အပိုးများကို ဆိုင်ကယ်ပေါ်တွင် တင်ကာ မျှော့ကြိုးနှင့် ချည်နေသည်။ ဆိုင်ကယ်ဒူးခေါင်းကြားမှာ တစ်ထုပ်။ ဆိုင်ကယ်နောက်မြီးမှာတစ်ထုပ်။ ဆောင်းမကုန်သေးသဖြင့် ခေါင်းဦးနှင့် စောင်ထူထူများကိုလည်း ထည့်သွားရသေးသည်။
သည့်ကြောင့် အထုပ်အပိုးက ကြီးသည်။ ဆိုင်ကယ်ပေါ်တွင် အထုပ်အပိုး ဆံ့စေရန် ဆိုင်ကယ်နောက်မြီးတွင် ဝါးခြမ်းပြားလေးနှစ်ခုကို ပူးချည်ကာ ဆိုင်ကယ်နောက်မြီးနှင့် ဆက်ရသည်။ ထိုနောက်မြီးတွင် ပေါ့ပေါ့ပါးပါးရှိသော စောင်ထုပ်ကို တင်ရသည်။ အားလုံး ပြီးသွားပြီးနောက် ထွန်းတောက်ထိန်က မောင်းရန် ဆိုင်ကယ်ပေါ် တက်သည်။ ဝင်းတောက်ထိန်ကတော့ ထွန်းတောက်ထိန်နှင့် ဆိုင်ကယ်နောက်မြီးမှ စောင်ထုပ်ကြားတွင် ကားယားခွ ထိုင်သည်။
ထွန်းတောက်ထိန်၏ ဆိုင်ကယ် အိမ်ကနေ ရွာလယ်လမ်းမသို့အထွက် လမ်းပေါ်တွင် ထွန်းတောက်ထိန်တို့ကဲ့သို့ ဆိုင်ကယ်ပေါ်မှ အထုပ်အပိုးအပြည့်နှင့်ဆိုင်ကယ်များ ကူးလူးဖြတ်သန်းနေသည်။ ဖုန်များ တသောသော ထနေပြီ။ စစ်မရှောင်သေးသူများကတော့ လမ်းဘေးတွင် လက်ကလေးပိုက်ကာရပ်ရင်း စစ်ရှောင်များကို ကြည့်နေသည်။ မှာစရာရှိသည်များကို မှာကြားနေကြသည်။ နွားရှိသော တောင်သူများကတော့ စစ်မရှောင်နိုင်ကြသေး။ အခြေအနေအရ စောင့်ကြည့်ပြီးမှ စစ်ရှောင်ကြမည်ဖြစ်သည်။
ထွန်းတောက်ထိန်တို့ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ အာဏာသိမ်းမှုကြီး ဖြစ်ခဲ့သည်။ စစ်တပ်မတော်က အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။ ယခု ၂၀၂၂ ခုနှစ်။ အာဏာသိမ်းမှုသက်တမ်း တစ်နှစ်သာ ရှိသေးသည်။
အာဏာသိမ်းမှုကြီးဖြစ်တော့ နိုင်ငံအနှံ့အပြားတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သော လမ်းပေါ်ထွက် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ ထွန်းတောက်ထိန်တို့ ရွာ၏ အရှေ့ဘက် ရှစ်မိုင်အကွာတွင်ရှိသော နယ်မြို့ဖြစ်သည့် အရှေ့မြို့နယ်တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ သည်မျှမက ရွာတကာလှည့်ပြီးတော့လည်း အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
ထွန်းတောက်ထိန်တို့၏ နယ်မြို့ဖြစ်သော အရှေ့မြို့တွင် အရှေ့မြို့နယ်သူနယ်သားများ စုပေါင်းကာ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပြည်သူအုပ်ကြီးမှာ မြို့လုံးကျွတ် ပြည့်လျှံခဲ့သည်။ ဆန္ဒပြသူထဲတွင် ထွန်းတောက်ထိန်လည်း ပါသည်။
နိုင်ငံအနှံ့အပြားဆီမှ အစိုးရဝန်ထမ်းများလည်း CDM ဝင်ကာ ဆန္ဒပြခဲ့ကြသည်။ ကျောင်းသားကျောင်းသူများလည်း CDM ဝင်ကာ ကျောင်းမတက်ကြတော့။ ထိုအထဲတွင် တက္ကသိုလ် နောက်ဆုံးနှစ် တက်ရမည်ဖြစ်သော ထွန်းတောက်ထိန်လည်း ပါသည်။
အာဏာသိမ်းစစ်တပ်သည် နိုင်ငံအနှံ့အပြားဆီမှ ပြည်သူများက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြသော်လည်း အာဏာကို ငမ်းငမ်းတက် လိုချင်သူပီပီ ပြည်သူ့ဆန္ဒကို လျစ်လျူရှူကာ ဆန္ဒပြပြည်သူအုပ်ကြီးထံ ကျည်ဆံမိုး၊ ဗုံးမိုး၊ မျက်ရည်ယိုမီးခိုးဗုံးမိုးများ ရွာသွန်းခဲ့သည်။
နိုင်ငံအနှံ့အပြားတွင် သွေးစွန်းခဲ့သည်။ ထွန်းတောက်ထိန်တို့ အရှေ့မြို့တွင်လည်း သွေးစွန်းခဲ့သည်။ ပြည်သူများစွာ သေကြေဒဏ်ရာရခဲ့ကြသည်။ ထိုစဥ်က အဖြစ်အပျက်များသည်။ သွေးလန့်ဖွယ် ကောင်းလှသည်။ ကျည်ခသူများသည် အူများ အလိပ်လိုက်၊ အခွေလိုက် ထွက်ကျလာသည်။ ဦးနှောက်များ အပုံလိုက် ပွင့်ထွက်လာခဲ့သည်။
သို့သော်လည်း ပြည်သူများသည် မကြောက်။ သွေး မဆုတ်။ အားမလျော့။ အရှေ့မြို့တွင် ဆန္ဒပြလို့ မရလျှင် အရှေ့မြို့နယ်မှ ရွာတကာတွင် လှည့်လည် ဆန္ဒပြကြသေးသည်။
အာဏာသိမ်းစစ်တပ်သည် ဆန္ဒပြ ပြည်သူအုပ်ကြီးအား ထိုမျှသာ ရက်စက်စွာ သတ်ဖြတ်ပြီး တားဆီးသည်မကပေ။ ရွာတကာလှည့်ပြီးတော့လည်း ဝင်မွှေပြီး တားဆီး တတ်သည်။ ပြည်သူကို အကြောက်တရားဇာတ် သွင်းတတ်သည်။
ဒလန်၊ သူလျှို၊ သတင်းပေးများနှင့် ဆက်သွယ်ပြီး ဆန္ဒပြခေါင်းဆောင်များ၊ CDM ဝန်ထမ်းများကို ဖမ်းဆီးသတ်ဖြတ်သည်။ သံသယရှိသော အိမ်များကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးပစ်တတ်သည်။ တချို့အိမ်များကို သူပုန်၊ အကြမ်းဖက်၊ အဖျက်အမှောင့်သမားများ၏ အိမ်ဆိုပြီး ချိတ်ပိတ်ပစ်ကြသည်။
(အာဏာသိမ်းစစ်တပ်က သူတို့အား ဆန့်ကျင်သူများကို သူပုန်ဟု ခေါင်းစဥ်တပ်သည်မှာ အင်မတန် ရယ်ဖွယ်ဖြစ်သည်။ အာဏာသိမ်းစစ်တပ်၏ အသိဉာဏ် နုံနည်းမှု ဖြစ်သည်။ သူပုန်၏ အဓိပ္ပါယ်ကို အာဏာသိမ်းစစ်တပ်သည် မသိပေ။ သူပုန်ဆိုသည်မှာ မတရားမှုကို ဆန့်ကျင်တိုက်ဖျက်သူများကို ခေါ်ခြင်းဖြစ်သည်။ ဆိုတော့ဖြင့် အာဏာသိမ်းစစ်တပ်က သူတို့အား ဆန့်ကျင်သူများကို သူပုန်ဟု ပြောဆိုခြင်းမှာ ကိုယ့်ရှူး ကိုယ့်ပန်း သဘော သက်ရောက်သည်။ မိမိတို့အာဏာသိမ်းစစ်တပ်သည်သာ မတရားမှုကို ကျူးလွန်နေကြောင်း ပြောဆိုနေသည့် အဓိပ္ပါယ် သက်ရောက်နေပေသည်။)
အာဏာသိမ်းစစ်တပ်သည် ဆန့်ကျင်ဆန္ဒပြသည်ကို လက်မခံ သွေဖည်ရုံမက ဆန္ဒပြပြည်သူကို လက်နက်ဖြင့် ပစ်ခတ်သတ်ဖြတ်ပစ်ရုံမက ဆန္ဒပြခေါင်းဆောင်များ၊ CDM ဝန်ထမ်းများ၊ ဆန္ဒပြခေါင်းဆောင်ဟု သံသယရှိသော အိမ်များကို ဝင်ရောက်မွှေနှောက် ဖျက်ဆီး၊ ဖမ်းဆီး၊ သတ်ဖြတ်နေသောအခါ ပြည်သူများသည် သည်အတိုင်းသာဆိုလျှင် အာဏာသိမ်းစစ်တပ်က အာဏာပြန်အပ်လိမ့်မည်မဟုတ်ကြောင်း၊ ပြန်လည်တိုက်ခိုက် သိမ်းယူမှသာ ပြည်သူ့အာဏာကို ပြန်ရလိမ့်မည်ဖြစ်ကြောင်း သိရှိနားလည်သွားခဲ့သည်။
သည့်ကြောင့် နိုင်ငံအနှံ့အပြားဆီမှ အမြို့မြို့၊ အရွာရွာများတွင် အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်တိုက်ထုတ်မည့် အဖွဲ့အစည်းများစွာ အမည်အမျိုးမျိုးနှင့် ပေါ်ပေါက်လာကြသည်။ မြို့အရပ်တွင် အမည်အမျိုးမျိုးနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့များစွာ၊ ကျေးလက်ဒေသများတွင်တော့ ပကဖ၊ ပအဖ၊ ပလဖ ဆိုသော အမည်အမျိုးမျိုးနှင့် PDF အဖွဲ့အစည်းများစွာ ပေါ်ပေါက်လာကြသည်။
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ထုတ်မည့် ထိုအဖွဲ့အစည်းပေါင်းစုံမှ အဖွဲ့ဝင်များသည် ဘယ်သူ့ဘယ်သူ၏ အဓမ္မခိုင်းစေချက်၊ တိုက်တွန်းချက်မှ မဟုတ်ဘဲ ကိုယ့်အသိစိတ်ဓာတ်၊ ကိုယ့်ခံယူချက်သက်သက်နှင့် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ကြသူများဖြစ်သည်။
ထို့ကြောင့် ထင်သည်။ ထွန်းတောက်ထိန်တို့ သာယာကုန်းရွာတွင်လည်း ပီဒီအက်ဖ်တပ်ဖွဲ့ စုစည်းမည့်သတင်း တစွန်းတစ ကြားရသည်။ သို့သော်လည်း ဘယ်သူကမျှ ထွန်းတောက်ထိန်အား အဖွဲ့ဝင်မလားဟု မေးမလာခဲ့ပေ။ တပ်ဖွဲ့စုစည်းသူတို့သည် အချင်းချင်း ယုံကြည်ရသူ၊ ရပ်တည်ချက် ခိုင်မာမည့်သူ၊ ရင်ဘတ်တူသူချင်းသာ တပ် ဖွဲ့ကြမည်၊ မယုံကြည်ရသူ၊ ရင်ဘတ်မတူသူ၊ ရပ်တည်ချက် ခိုင်မာမည်မဟုတ်သူတို့ကို တပ် ဖွဲ့စည်းဖို့ မတိုင်ပင်ကြဘူး ထင်ပါသည်။ ထိုအထဲတွင် ထွန်းတောက်ထိန်သည် တပ် ဖွဲ့စည်းသူတို့အတွက် မယုံကြည်ရသူ၊ ရပ်တည်ချက် ခိုင်မာမည်မဟုတ်သူ၊ ရင်ဘတ်တူမည်မထင်ရသူစာရင်းထဲ ပါဝင်ခဲ့သည်များလား။ အာဏာသိမ်းအပြီး တစ်နှစ်ခန့် ကြာသည်အထိ ထွန်းတောက်ထိန်အား ဘယ်သူကမျှ ပီဒီအက်ဖ်ထဲ ဝင်မည်လားဟု မေးမလာခဲ့။ ယခု ထွန်းတောက်ထိန်၏ အသက်က ၂၄ နှစ်ရှိပြီ။ တော်လှန်ရေးထဲ ဝင်ဖို့ အကောင်းဆုံးအရွယ်။
သို့သော်လည်း ကိစ္စမရှိပေ။ စောဒကလည်း မတက်ပေ။ ယခုအချိန် ထွန်းတောက်ထိန်၏ စိတ်ထဲ တော်လှန်ရေးထဲ ဝင်လိုစိတ် တစိုးတစိမျှ မရှိ။ ထွန်းတောက်ထိန်သည် တော်လှန်ရေးနှင့်ပတ်သက်လျှင် CDM တက္ကသိုလ်ကျောင်းသားတစ်ယောက်မျှသာ ဖြစ်သည်။ သို့တိုင် အသက်ကို ရန်ရှာလာမည်ကို ထွန်းတောက်ထိန် ကြောက်နေမိသေးသည်။ အကြောင်းကား ရွာထဲမှာ သူလျှိုက ပေါပါဘိသနှင့်။
အာဏာမသိမ်းခင်က ရွေးကောက်ပွဲမှာ အာဏာသိမ်းစစ်တပ်နှင့် နှီးနွှယ်သော ပါတီဖြစ်သည့် ကြံ့ဖွံ့ပါတီအား ထောက်ခံမဲပေးသူအရေအတွက် ၆၀ ကျော် ရှိခဲ့သည်မဟုတ်လား။ သည်တော့ ရွာထဲတွင် သူလျှိုတွေရှိသည်။
သူလျှိုတို့၏ သတင်းပေးမှုကြောင့်ပဲ အာဏာသိမ်းအပြီး သုံးလခန့်အကြာ၌ ရွာ၏ တောင်ဘက် တောတွင်းတစ်နေရာတွင် ရွာသားငါးဦး မိုင်း၊ လက်နက်ထုတ်လုပ်နေသည်ကို စစ်ခွေး၊ ရဲခွေးများကိုယ်တိုင် နေရာအတိအကျ ဝင်စီးခံရသည်။ ထိုငါးဦးသည် ယခုထိ မလွတ်မြောက်သေး။
ထိုငါးဦးကလည်း အတော်ကလေးကို သိုသိပ်ခဲ့ပါသည်။ ထို မိုင်း၊ လက်နက်လုပ်ငန်းခွင် ရှိနေသည့်အကြောင်း ထွန်းတောက်ထိန်တို့အပါအဝင် ရွာသူရွာသားများ မသိကြ။ ဝင်ရောက်ဖမ်းဆီးခံရမှသာ သိကြသည်။ ဤသည်မှာ သူလျှိုကြောင့်ပင်။
သည့်အပြင် ရွာသားနှစ်ဦးအားလည်း ပီဒီအက်ဖ်နှင့် ဆက်နွှယ်သည်ဆိုပြီး စစ်ခွေး၊ ရဲခွေးများကိုယ်တိုင် အိမ်တိုင်ရာရောက် ဖမ်းဆီးခေါ်ဆောင်သွားခံရသည်။ ရွာ၏ အရှေ့ဘက် နှစ်မိုင်ခန့်သာ ဝေးသော စက်မှုဝန်ကြီးဋ္ဌာနတစ်ခုဆီသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်တဲ့။ ထိုစက်မှုဝန်ကြီးဋ္ဌာနသည် စက်တပ်လက်အောက်ခံ စက်ရုံတစ်ရုံဖြစ်သည်။
ထိုစက်ရုံထဲတွင် စစ်သားအများအပြားရှိသည်။ အရှေ့မြို့တစ်နယ်လုံးကတော့ စက်မှုဟု ခေါ်ကြသည်။ ထိုစက်မှုသည် သာယာကုန်းရွာနှင့် အရှေ့မြို့ကြား အလယ်တည့်တည့်တွင် ရှိသည်။ အရှေ့မြို့သို့ ခရိုင်မြို့ကြီးဆီမှ စစ်ခွေးများစွာ အင်အားအလုံးလိုက် အရင်းလိုက် ဝင်ရောက်လာတိုင်း စက်မှုသို့လည်း ဝင်ရောက်လေ့ရှိသည်။
စစ်ခွေးတွေ အရှေ့မြို့သို့ အင်အားအလုံးလိုက် အရင်းလိုက် ဝင်လာသံကြားတိုင်း သာယာကုန်းရွာတစ်ရွာလုံး ထိတ်လန့်တုန်လှုပ်ကြရကာ စစ်ရှောင်ရန် တပြင်ပြင်ဖြစ်ကြရသည်။ တစ်ယောက်ကတော့ ဖမ်းဆီးထားစဥ် ကြောက်လန့်တကြား ထွက်ပြေးသဖြင့် အသေပစ်သတ်ခံရသည်။ နောက်တစ်ယောက်ကိုကျတော့ မသေရုံတမယ် ရိုက်နှက်ပြီး လာခေါ်ခိုင်းသည်။ ထိုသူမှာ မြို့ကြီးသို့သွားကာ လပေါင်းများစွာကြာအောင် ဆေးကုသခဲ့ရသည်။
ဤသည်မှာလည်း သူလျှိုကြောင့်ပင်။ သူလျှိုမှာ မပေါ်သေး။ သူလျှိုပေါ်ရင်တောင် သူလျှိုအား ဖမ်းဆီးမည့်အင်အားအစုအဖွဲ့ ရွာမှာ မရှိသေး။ အာဏာသိမ်းလိုက်သဖြင့် ရွာမှာ ဥက္ကဋ္ဌလည်း မရှိတော့။ NLD ပါတီ အုပ်ချုပ်စဥ်က ရွာမှာ ရှိခဲ့သော ဥက္ကဋ္ဌသည်လည်း အာဏာသိမ်းပြီးနောက် CDM များကို ဖမ်းဆီးနေပါတယ်ဆိုကတည်းက ထွက်ပြးတိမ်းရှောင်သွားပြီ။
သည့်ကြောင့် ထွန်းတောက်ထိန်တို့ သာယာကုန်းရွာမှာ နိုင်ငံရေးအကြောင်းကို တွေ့ကရာလူနှင့် မပြောရဲ။ စစ်ခွေး၊ ရဲခွေးဟု လူတိုင်းရှေ့မှာ မသုံးနှုန်းဝံ့။ သို့မဟုတ်လျှင် သူလျှိုက သူဟာ ပီဒီအက်ဖ်ပါဟု ခေါင်းစဥ်တပ်ပြီး စစ်ခွေးတို့ကို လှမ်းခါ်ကာ ဖမ်းဆီးခိုင်းလိမ့်မည်။
သည့်ကြောင့်လည်း စစ်ခွေးလာသည့် သတင်းကို ကြားပြီဆိုလျှင် ဘယ်အရပ် ဘယ်ဒေသဆီသို့ စစ်ရှောင်သွားကြမည့်အကြောင်း ဘယ်သူ့ကိုမျှ အသိမပေးရဲ။ ကိုယ့်သဘောနှင့်ကိုယ်၊ ကိုယ့်အားကိုယ်ကိုးပြီး လုံခြုံမည်ထင်ရသော အရပ်ဘက်ဆီသို့ စစ်ပြေးရှောင်ရသည်။ ဘယ်အရပ်ဘက်သို့ သွားပါ၊ ညာအရပ်ဘက်သို့ သွားပါဆိုပြီး ဦးစီးဦးဆောင်မည့် ရွာလူကြီးလည်း မရှိ။ ရွာ့ခေါင်းဆောင်လည်း မရှိ။ မင်းမဲ့တိုင်းပြည် ဖြစ်နေပြီ။
အုပ်ချုပ်သူ ကင်းမဲ့သော ရွာကလေးဖြစ်နေပြီ။ အရေးအကြောင်းဆို အားကိုးရာ ရွာလူကြီးမရှိ။ တိုင်တောစရာ အထက်လူကြီးမရှိ။ ကိုယ်ယုံကြည်ရသူ၊ ကိုယ်နှင့် ရင်းနှီးသူနှင့် တိုင်ပင်ဆွေးနွေး ပြောဆိုရသည်။
သည့်ကြောင့်လည်း ထွန်းတောက်ထိန်တို့ ညီအစ်ကိုနှစ်ယောက်လည်း ဘယ်အရပ်ဘက်သို့ စစ်ရှောင်သွားမည်ကို ဘယ်သူမျှ မပြော။ လမ်းတွင် စစ်ရှောင်ဖော်များစွာနှင့် တွေ့သော်လည်း ဘယ်သွားရှောင်မှာလဲဟု သူကလည်း မမေးသလို ကိုယ်ကလည်း မမေးဖြစ်။ မသကာ မယုံရသူကို ကိုယ် ဘယ်အရပ်သို့ ေရှာင်မည်ကို ဖွင့်ပြောမိလျှင် အဲ့တစ်ယောက်က ဟိုအရပ်ဘက်မှာ စစ်ရှောင်နေတယ်ဟု တိုင်တောလိုက်လျှင် ဘယ့်နှယ်။
ထွန်းတောက်ထိန်တို့ ညီအစ်ကိုနှစ်ယောက်လည်း အာဏာသိမ်းသက် တစ်နှစ်အတွင်း စစ်ရှောင်ရာ နေရာ စုံလေပြီ။ ဟိုဘက်ရွာက ဆွေမျိုးများ၏အိမ်။ သည်ဘက်ရွာက သူငယ်ချင်း၏အိမ် စသဖြင့် နေရာစုံနေပြီဖြစ်တော့ စစ်ရှောင်ပြီးသားအိမ်ကို ထပ်ပြီး စစ်ရှောင်ရလျှင် သိပ်ပြီး အားနာရသည်။ သည့်ကြောင့် မြောက်မြို့က အမေကြီးဆီသို့ စစ်ရှောင်သွားဖို့ အမေက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
မြောက်မြို့သည် သာယာကုန်းရွာ၏ မြောက်အရပ်တွင် ရှိသည်။
သာယာကုန်းရွာ၏ နယ်မြို့မဟုတ်။ နယ်မြို့ကား အရှေ့မြို့ဖြစ်သည်။ သာယာကုန်းရွာနှင့် မြောက်မြို့သည် ၁၂ မိုင် ဝေးသဖြင့် အရှေ့မြို့ထက် လေးမိုင် ပိုဝေးလေသည်။ မြောက်မြို့မှာ ထွန်းတောက်ထိန်တို့ အမေ မမြချစ်ဘက်က အမေကြီး၏ မိသားစုရှိသည်။
အမေကြီးအရင်းတော့ မဟုတ်ပေ။ အမေကြီးအရင်း၏ ညီမအရင်းဖြစ်သည်။ အမေကြီးအရင်း၏ အမည်က ဒေါ်အိုစာ။ ဒေါ်အိုစာ၏ ညီမက ဒေါ်တောစာ။ အမေကြီးဒေါ်တောစာက သမီး၏ မိသားစုနှင့်အတူ မြောက်မြို့မှာ နေထိုင်သည်။
အမေကြီးအရင်းကတော့ လက်ရှိ သာယာကုန်းရွာက ထွန်းတောက်ထိန်တို့၏ အိမ်မှာ နေထိုင်ရင်း ကွယ်လွန်သွားပြီ။ လက်ရှိအိမ်သည် အမေကြီး ဒေါ်အိုစာ ထံမှ အမွေရထားခြင်း ဖြစ်သည်။
မြောက်မြို့မှာ စစ်ရှောင်ရလျှင် လုံခြုံမည်လားဆိုလျှင်လည်း ရာနှုန်းပြည့်တော့ မလုံခြုံပါပေ။ မြောက်မြို့မှာလည်း စစ်တပ်မရှိတောင် ရဲစခန်းရှိသည်။ ရဲစခန်းမှာ ရဲခွေး၊ စစ်ခွေး အစုံရှိသည်။
သို့သော်လည်း မြောက်မြို့သူမြို့သားများ၊ မြောက်မြို့မှ ဝန်ထမ်းများကလည်း တော်လှန်ရေးအပေါ် တာဝန်ကျေကြပါ၏။ မြောက်မြို့ဆေးရုံကြီးဆို CDM ဝင်ကြလို့ ပိတ်သွားပြီ။ စာသင်ကျောင်းတွေလည်း ပိတ်ကုန်ပြီ။ ဘာအစိုးရရုံးမှ မရှိတော့။
ရှိတာဆိုလို့ ရဲစခန်းတစ်ခုတည်းသာ။ သည်လို ပြည်သူ့ဘက်က တာဝန်ကျေပါသော်လည်း ပြည်သူများသည် ငြိမ်သက်စွာ နေကြရသည်။ ရဲစခန်းမှာက လက်နက်များ ရှိကြသည်ကိုး။ ပြည်သူတွေက လက်နက်မဲ့။ တော်လှန်ရေးသမား ပီဒီအက်ဖ်တွေ ပေါ်နေပြီဟု ကြားသိရပါသော်လည်း အင်အားက မကြီးမားကြသေးပါ။ သည်တော့လည်း ပြည်သူတွေသည် ဆူဆူညံညံမနေရဲ။
နိုင်ငံရေးအကြောင်း တွေ့ကရာလူနှင့် မပြောရဲ။ ပီဒီအက်ဖ်အကြောင်းဆိုလည်း ပါးစပ်ကမဟရဲ။ မြောက်မြို့ထဲက ပြည်သူတွေကြားမှာလည်း သူလျှိုရှိသေးသည်။ သည်တော့ ထွန်းတောက်ထိန်တို့ စစ်ရှောင်လာသည်ကို သူလျှိုတွေမြင်လျှင် သတင်းပေးခံရနိုင်သည်။ သည့်ကြောင့် တိုးတိုးတိတ်တိတ်လေး လာရသည်။ စစ်ရှောင်လာတုန်း ဘေးအိမ်နီးချင်းတွေ ရောက်လာလျှင် စစ်ရှောင်လာတာပါဟု မပြောရဲ။ အလည်လာတာပါဟုသာ ပြောရသည်။ အိမ်ထဲကနေ အိမ်ပြင် လုံးဝမထွက်ဝံ့။
အိမ်ထဲမှာ နေလျှင်တောင် အိမ်အတွင်းထဲမှာ ငြိမ်ငြိမ်ကုတ်ကုတ် နေရသည်။ တီဗီကြည့်လျှင် ကြည့်။ မကြည့်လျှင် စာအုပ်ကလေး ဖတ်။ ဖုန်းကလေးပွတ်၊ ဂိမ်းဆော့။ အင်တာနက်တော့ လုံးဝမရ။
အာဏာသိမ်းစစ်တပ်က တော်လှန်ရေးသမားများ ဆက်သွယ်ရေး ခက်ခဲစရန်၊ တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေရန် အင်တာနက်ကို ပိတ်ထားသည်။ သည်တော့ တော်လှန်ရေးသမားများက အင်တာနက်ကို ချက်ချင်း ဖွင့်ပေးပါဆိုပြီး ဆက်သွယ်ရေးကွန်ရက်များကို တောင်းဆိုသည်။
သို့တိုင် ဆက်သွယ်ရေးကွန်ရက်များကိုလည်း အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားပြန်ရာ တော်လှန်ရေးသမားများသည် သည်းမခံနိုင်တော့သည့်အဆုံး ဆက်သွယ်ရေးတာဝါတိုင်များကို တစ်တိုင်ပြီးတစ်တိုင် မိုင်းဆင်ကာ ဖောက်ခွဲဖျက်ဆီးပစ်သည်။
ထိုတာဝါတိုင်မှ အပိုင်းအစများစွာဖြင့် အာဏာသိမ်းစစ်တပ်အား တိုက်ထုတ်ရာမှာ သုံးစွဲမည့် မိုင်းလက်နက်များကို ထုတ်လုပ်ကြသည်။ တော်လှန်ရေးသမားများအတွက် အာဏာသိမ်းစစ်တပ်လို လက်နက်မရှိ။ လက်နက်မဲ့ဖြင့် ခုခံတွန်းလှန်ရာကနေ တူမီးသေနတ်များဖြင့် တိုက်ခိုက်ရသည်။
ထွန်းတောက်ထိန်တို့ နယ်ဘက်မှာတော့ တူမီးလည်း မရှိကြ။ သေနတ်ဆို ဝေလာဝေး။ သည့်ကြောင့် မိုင်းလုံးများကိုသာ ဆင်ရသည်။ ထုတ်လုပ်ရသည်။ ယမ်းချက်ရသည်။
အမေကြီး ဒေါ်တောစာအိမ်သို့ ထွန်းတောက်ထိန်တို့ ညီအစ်ကို ရောက်တော့ ရွာကနေ ကြိုရောက်နေသူတွေကို တွေ့ရသည်။ ထိုသူတွေကတော့ ထွန်းတောက်ထိန်တို့အမေကြီး ဒေါ်အိုစာ၏သားကြီး ဦးလူဆန်း၏ သား ကိုမျိုးနိုင်တို့ မိသားစု။ ကိုမျိုးနိုင်၊ ကိုမျိုးနိုင်၏ ဇနီးရယ် ကိုမျိုးနိုင်၏ ၁၆ နှစ်အရွယ် သမီးလေးရယ်နှင့် ဖြစ်သည်။ သားတစ်ယောက်ဖြစ်သည့် ဟိန်းထက်ကတော့ မပါဘူးထင်သည်။ ဟိန်းထက်က ထွန်းတောက်ထိန်ထက် ငါးနှစ်ငယ်သည်။ ထွန်းတောက်ထိန်၏ တူ တော်စပ်၏။
သို့သော်လည်း ဟိန်းထက်ကတော့ ဦးလေးဖြစ်သော ထွန်းတောက်ထိန်အပေါ် ရိုသေဖို့ဝေးစွ မင်း ငါ ဟုသာ သုံးနှုန်းသည်။ အခု သည်ကောင်က ဘယ်ကိုစစ်ရှောင်သွားနေပါလိမ့်။ လူက အပေအတေဆိုတော့ မိဘတွေနှင့် ကျဥ်းကျဥ်းကြပ်ကြပ် စစ်ရှောင်ချင်မည်မဟုတ်။
သူနှင့်ရွယ်တူ သူငယ်ချင်းတွေနှင့် ခြေဦးတည့်ရာ စစ်ရှောင်လိမ့်မည်ထင်သည်။ အစ်ကိုမျိုးနိုင်ကိုလည်း ဟိန်းထက်ဘယ်သွားရှောင်နေလဲဟု မမေးဖြစ်လိုက်တော့။ အခုကာလက ဆွေမျိုးရင်းချာတောင် မယုံချင်ကြ။ တစ်ယောက်ယောက် ဘယ်ကို စစ်ရှောင်နေသည်ကို စပ်စုလျှင် ဒလန်လုပ်ဖို့လားဟု ထင်တတ်သည်။ သည်တော့ သိတာများလျှင် အန္တရာယ်များ၏။ မသိချင်တော့။
နောက် ၁၁ နှစ်အရွယ်သမီးလေးကတော့ ဘယ်သူ့သမီးလေးပါလိမ့်။ မြင်ဖူးသလိုလိုတော့ ရှိ၏။ ဦးလူဆန်းမှာ ထွန်းတောက်ထိန့်အမေ မမြချစ်၏ အစ်ကိုအရင်း ဖြစ်သည်။ ကိုမျိုးနိုင်ကတော့ ထွန်းတောက်ထိန်၏ အစ်ကိုတစ်ဝမ်းကွဲဖြစ်သည်။ သူ၏ သမီးလေးကတော့ ထွန်းတောက်ထိန်၏ တူမကလေးပေါ့။ ထွန်းတောက်ထိန်လည်း အစ်ကိုမျိုးနိုင့်ကို မြင်မြင်ချင်း ဝမ်းသာအားရ ပြောလိုက်သည်။
“ဟာ အစ်ကိုတို့ရော ရောက်နေပါလား၊ ဘယ်တုန်းက ရောက်နေတာလဲဟင်”
“အခုလေးတင်ပဲလေ”
“ဟင် ဒါဆိုလည်း ကျုပ်တို့ကို လာပြောမှပေါ့၊ အတူတူသွားရအောင်လို့”
ထွန်းတောက်ထိန်က ဆိုင်ကယ်ပေါ်က အထုပ်တွေ ချရင်း ပြောသည်။
“မင်းတို့ မင်းဘယ်သွားမယ်ဆိုတာ သိမှမသိဘဲ၊ ငါတို့လည်း ခွေးသံကြားကြားချင်း ဇွတ်ကို ထွက်လာတာပဲကွာ”
ထိုစဥ် အိမ်ထဲကနေ အမျိုးသမီးတစ်ဦး မျက်နှာချိုပြုံးစွာနှင့် ထွက်လာတာမြင်တော့ ထွန်းတောက်ထိန် အံ့သြရသည်။ တစ်ရွာတည်းသူ မဖြူပြာ။ ဟင် သည်မိန်းမက ဘာကိစ္စ သည်ရောက်နေပါလိမ့်။ ဪ လက်စသတ်တော့ ၁၁ အရွယ်သမီးလေးက သူ့သမီးလေးကိုး။
နေစမ်းပါဦး သည်မိန်းမနဲ့ သည်အိမ်နဲ့က ဘယ်လိုပတ်သက်..။ တွေးနေရင်း နားလည်ခြင်းများက ဇွတ်ဝင်လာတော့သည်။ ဪ ဟုတ်ပေသားပဲ။ မဖြူပြာဟာ ဦးလူဆန်း၏ ချွေးမ။ ဦးလူဆန်း၏ သားငယ် ကိုမျိုးခိုင်၏ ဇနီး။
ဆိုတော့ဖြင့် မဖြူပြာသည် လင်ယောကျ်ား ကိုမျိုးခိုင်နှင့် စပ်လျဥ်းပြီး အမေကြီးဒေါ်တောစာနှင့် ဆွေမျိုးတော်စပ်သွားသည်။ သူလည်း စစ်ရှောင်စရာ နေရာစုံနေပြီဖြစ်သဖြင့် လင်ယောကျ်ားဘက်က ဆွေမျိုးတွေထံ လာရှောင်ပုံရသည်။
မဖြူပြာ့မှာ သူ့အဖေ့ဘက်က ဆွေမျိုးများနှင့် အမေ့ဘက်က ဆွေမျိုးများစွာ ပတ်ဝန်းကျင်ရွာတဝိုက်မှာ ရှိကြသည်ကို သိထားပါသေးသည်။
■ ထွင်
အပိုင်း ၂ ဆက်ရန် >






