ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း တိုက်ပွဲနှစ်ရက်ဆက်ဖြစ်

August 22, 2026

ပုံစာ - ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ လမ်း။(ပုံဟောင်း)ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဩဂုတ်လ ၂၁ ရက်နေ့ကစပြီး ယနေ့နံနက်ပိုင်းအထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲနှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေဖြူမြို့ဘက်မှ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့က ပြန်ရောက်လာတာ သုံးရက်လောက်ပဲ ရှိသေးတယ်။ တိုက်ပွဲဖြစ်မှန်းမသိဘူး၊ ထမင်းချက်နေတာ။ ဝက်ချောင်းဘက်ကလူတွေ ထွက်ပြေးလာမှ တိုက်ပွဲဖြစ်နေမှန်း သိရတာ” ဟု ယင်းဒေသခံအမျိုးသမီးက ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များ ပြန်ဆုတ်ချိန်တွင် စစ်ကောင်စီတပ်မှာ ရှေ့ဆက်တိုးမလာဘဲ ဝက်ချောင်းကျေးရွာတွင် ဩဂုတ်လ ၂၁ ရက်နေ့ညက ညအိပ်တပ်စွဲခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဝက်ချောင်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက ယနေ့နံနက်ပိုင်းတွင် ဆက်လက်တိုက်ခိုက်ရာမှ ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်ကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမနက်ကတော့ လက်နက်ကြီးအသံတွေပဲ ဆက်တိုက်ကြားနေရတယ်။ ဝက်ချောင်းရွာမှာပဲ တိုက်ပွဲထပ်ဖြစ်တာ” ဟု စစ်ဘေးရှောင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၉ ရက်နေ့ကစပြီး အင်အားအများအပြားဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဝင်လိုက်ထွက်လိုက် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့က ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ လေးကြိမ်မြောက် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့သည် ဩဂုတ်လဒုတိယပတ်ကစပြီး ယနေ့အထိ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း သုံးကြိမ်ခန့်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုသို့ဖြစ်ပွားခြင်းကြောင့် ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ ရက်ပေါင်း ၃၀ ကျော်လာပြီဖြစ်ကြောင်း စစ်ဘေးရှောင်ဒေသခံများထံမှ သိရသည်။