ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြစ်၀တွင် စပိဘုတ်တစ်စီး ရေဝင်ပြီး အရေးပေါ်ကမ်းကပ်၊ ကမ်းအနီးနစ်မြုပ်

August 20, 2026

ထားဝယ်မြစ်၀တွင် ခရီးသည်တင် စပိဘုတ်အမြန်ရေယာဉ်တစ်စီးသည် ရေဝင်သဖြင့် အရေးပေါ် ကမ်းကပ်ခဲ့ပြီး ကမ်းအနီးနစ်မြုပ်ကြောင်း အမြန်ရေယာဉ်လုပ်ငန်းလုပ်ကိုင်သူအသိုင်းဝိုင်းထံမှ သိရသည်။

Tri Star Speed Boart –SMG ခရီးသွားလုပ်ငန်းက Tri Star 3 စပိဘုတ် အမြန်ရေယာဉ်ငယ်တစ်စီးသည် ဇူလိုင်လ ၁၉ ရက် နံနက်က ခရီးသည်အမျိုးသား ၁၄ဦး၊ အမျိုးသမီး ၅ ဦး မြိတ်မြို့မှ ထားဝယ်မြို့သို့ထွက်ခွာ လာကြောင်း အမြန်ရေယာဉ်လုပ်ငန်းနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

နေ့လယ် ၁၂နာရီဝန်းကျင်တွင် လောင်းလုံးမြိုနယ် ကျောက်နီးမော်ကျေးရွာ၏ အရှေ့ တောက်ဘက် ပင်လယ်ပြင်တွင် ရေဝင်၍ အရေးပေါ်ကမ်းကပ် ခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ထားဝယ် ရောက်ခါနီးနေပြီ။ သန့်စင်ခန်းပိုက်ကနေ ရေဝင်တယ်ပြောတယ်။ လှေက လေးလာလို့ သတိထားမိမှ နီးတဲ့ကမ်းကို ဝင်ကပ်ခဲ့တာ။ ရေတပ်ကလည်း လာကူပေးခဲ့တယ်။ ခရီးသည်တွေ အားလုံး ဘာမှ မဖြစ်ကြဘူး” ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။

ခရီးသည်များကိုမူ ထားဝယ်မြို့ရှိ ရတနာဖြိုး စပိဘုတ် အမြန်ရေယာဉ်ဖြင့်သွားရောက် ခေါ် ဆောင်ပြီး ထားဝယ်မြိုသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အမြန်ရေယာဉ်လုပ်ငန်းလုပ်ကိုင်သူအသိုင်းဝိုင်းထံမှ သိရသည်။

Tri Star 3 စပိဘုတ်မှာ ကမ်းသို့ ရောက်ရှိချိန် ရေဝင်များ၍ နစ်သွားပြီး လက်ရှိ အင်ဂျင်များဖြုတ်သိမ်းကာ ပြန်လည်ပြုပြင်နေကြောင်း ဆိုသည်။

မြိတ်-ထားဝယ် အမြန်ရေယာဉ်ခရီးစဉ်များကိပုံမှန် ပြေးဆွဲနေကြောင်း အထက်ပါခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။