ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အက်စတွန်ဗီလာ ခံစစ်မှူး အက်ဇ်ရီ ကွန်ဆာ ကို ပေါင် ၅၁ သန်းနဲ့ခေါ်ဖို့ အာဆင်နယ် သဘောတူညီမှုရ

August 20, 2026

ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ အာဆင်နယ်အသင်းဟာ ခံစစ်အခက်အခဲကို ဖြေရှင်းဖို့အတွက် အက်စတွန်ဗီလာ အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ဗဟိုခံစစ်မှူး အက်ဇ်ရီ ကွန်ဆာ ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးဆွေးနွေးမှု အဆင်ပြေသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ အာဆင်နယ်ဘက်က ကမ်းလှမ်းလိုက်တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းနဲ့ ကစားသမားရဲ့ စွမ်းဆောင်ရည်၊ အသင်းအောင်မြင်မှု ရရှိတာတွေအပေါ်မူတည်ပြီး ထပ်တိုးပေးမယ့်ဆုကြေးတွေကို လက်ခံလိုက်တာပါ။ ဒါ့ကြောင့် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုတွေ ခံယူပြီးစီးသွားရင် အက်ဇ်ရီ ကွန်ဆာ က အာဆင်နယ်ကစားသမားသစ် ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် အက်ဇ်ရီ ကွန်ဆာ ဟာ အက်စတွန်ဗီလာဝန်ထမ်းတွေနဲ့ အသင်းဖော်တွေကို နှုတ်ဆက်ပြီးတဲ့နောက် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုခံယူဖို့ အာဆင်နယ်အသင်းအခြေစိုက်ရာ လန်ဒန်မြို့ဆီကို ထွက်ခွာလာနေပြီလို့ ဆိုပါတယ်။

အာဆင်နယ်ဟာ ခံစစ်မှူး ဆလီဘား နောက်ကျောဒဏ်ရာပြဿနာကြောင့် ကာလရှည်ကြာအနားယူရဖို့ ရှိနေတာ၊ တင်မ်ဘား က ပေါင်ခြံဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရလို့ ခံစစ်အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် အက်ဇ်ရီ ကွန်ဆာ ကို အခုလို ခေါ်ယူလိုက်တာဖြစ်ပါတယ်။

အက်ဇ်ရီ ကွန်ဆာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အက်စတွန်ဗီလာအသင်းနဲ့အတူ ပြိုင်ပွဲအရပ်ရပ် ပွဲစဉ်ပေါင်း ၄၈ ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး သွင်းဂိုး နှစ်ဂိုး ရယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှုလည်း တစ်ကြိမ် ရှိခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်း ယူရိုပါလိဂ်ဖလား ဆွတ်ခူးရယူနိုင်ခဲ့တာနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၄ နေရာ ရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာမှာလည်း အက်ဇ်ရီ ကွန်ဆာ က အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ဂျွန်မက်ဂျင်း မပါဝင်တဲ့ပွဲစဉ်တွေမှာဆိုရင် အက်ဇ်ရီ ကွန်ဆာ က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခဲ့ပြီး အင်္ဂလန်အသင်း တတိယဆု ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အက်ဇ်ရီ ကွန်ဆာ က အင်္ဂလန်အသင်းအတွက် ပွဲစဉ်တိုင်းမှာ ပါဝင်ကစားပေးခွင့် ရရှိခဲ့ပါတယ်။

အက်ဇ်ရီ ကွန်ဆာ ဟာ ဗဟိုခံစစ်မှူးနေရာမှာသာမကဘဲ ညာနောက်ခံလူနေရာမှာလည်း ကစားနိုင်စွမ်း ရှိပါတယ်။ သူ့ကို အာဆင်နယ်က အပြောင်းအရွှေ့ အပြီးသတ်ဖို့အတွက် ဒီနေ့မှာ ဆေးစစ်လိမ့်မယ်လို့ Daily Sports က ဖော်ပြထားပါတယ်။