ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လုခ်ရှောရဲ့ နေရာနဲ့ ကွင်းလယ်ကို အားမဖြည့်ရင် မန်ယူ ဒုက္ခများလိမ့်မယ်လို့ ရူနီပြော

August 19, 2026

မန်ယူ တိုက်စစ်မှူးဟောင်း ဝိန်းရူနီက လုခ်ရှောရဲ့ နေရာနဲ့ ကွင်းလယ်ကို အားမဖြည့်နိုင်ရင် အခုလာမယ့်ရာသီသစ်မှာ မန်ယူ ဒုက္ခများရလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

နည်းပြ ကာရစ် အတွက်လည်း လုခ်ရှောဟာ တသမတ်တည်း အားကိုးလို့ရနိုင်လောက်တဲ့ ကစားသမားမျိုး မဟုတ်တော့လို့ လုခ်ရှောရဲ့နေရာအတွက် ကစားသမားသစ် ရှာမထားရင် မန်ယူဟာ မလွယ်လောက်ဘူးလို့ ဆိုပါတယ်။

မန်ယူရဲ့ လက်ရှိလူစာရင်းဟာ တောင့်တင်းတဲ့အနေအထားမျိုး ရှိမနေသေးဘဲ ပွဲဆက်များလာတာနဲ့အမျှ နည်းပြ ကာရစ်ကို ခေါင်းခဲစေလိမ့်မယ်လို့ ရူနီက မှတ်ချက်ပေးသွားခဲ့ပါတယ်။

မန်ယူနည်းပြဟောင်း အေမိုရင် တာဝန်ယူထားတဲ့ အေစီမီလန်ကို လေးဂိုး နှစ်ဂိုးနဲ့ ရှုံးခဲ့ရတဲ့ပွဲမှာ ပေးလိုက်ရတဲ့ ဂိုးအားလုံးက လုခ်ရှောရဲ့ အမှားတွေဖြစ်တယ်လို့ ရူနီက မှတ်ချက်ပေးထားပါတယ်။

“အေစီမီလန်ကို ပေးလိုက်ရတဲ့ ဂိုးလေးဂိုးအတွက် လုခ်ရှောမှာ တာဝန်ရှိပါတယ်။ သူ့ဆီမှာ တစ်ပတ်ကို နှစ်ပွဲလောက် ကစားနိုင်တဲ့ခွန်အားမျိုး ရှိမနေတော့ပါဘူး။ ဒါက အသင်းအတွက် ပြဿနာကြီးဖြစ်လာပါလိမ့်မယ်။ သူ့ခြေစွမ်းက ကောင်းပါတယ်။ ဒါပေမဲ့ တသမတ်တည်း အားကိုးလို့ရနိုင်လောက်တဲ့ ကစားသမားထဲမှာ လုခ်ရှော မပါတော့ပါဘူး”လို့ ရူနီက ပြောသွားခဲ့ပါတယ်။

ကာရစ်အတွက် ဘယ်နောက်ခံလူနဲ့ ကွင်းလယ်ပိုင်း အင်အားနည်းပါးနေမှုကို ဖြေရှင်းဖို့ ရူနီက အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား မိုင်လ်စ် လူးဝစ်-စကယ်လီ ကို ခေါ်ယူသင့်တယ်လို့လည်း အကြံပြုသွားခဲ့ပါတယ်။

“သူ့ကို ငွေအများကြီး ပေးစရာမလိုဘဲ ရနိုင်လောက်ပါတယ်။ ဒါက စဉ်းစားနေစရာတောင် မလိုလောက်ပါဘူး။ ဘယ်နောက်ခံလူရော ဗဟိုကွင်းလယ်မှာပါ ကစားနိုင်တဲ့ ဒီလူငယ်လေးကို ခေါ်ယူသင့်ပါတယ်” လို့ ရူနီက ပြောပြခဲ့ပါတယ်။

မန်ယူနည်းပြ မိုက်ကယ် ကာရစ်ကလည်း သူ့အနေနဲ့ ကစားသမားသစ် ထပ်ခေါ်ခွင့်ရဖို့ တောင်းဆိုထားတဲ့အကြောင်း အသိပေးသွားခဲ့ပါတယ်။

“ကျွန်တော်တို့ ကစားသမားသစ်တွေ ထပ်ခေါ်ချင်ပါတယ်လို့ အတိအလင်း ပြောထားပြီးသားပါ။ အသင်းကို တည်ဆောက်ဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းအားလုံးကို ကျွန်တော် တွေးဆထားပါတယ်။ ရေတိုအတွက် ဘယ်လိုအဆင်ပြေမလဲ၊ ရေရှည်အတွက် ဘယ်အရာက ပိုကောင်းမလဲကို ကျွန်တော် အဖြေရှာနေပါတယ်”လို့ ကာရစ်က ပြောပါတယ်။