ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဇနီးသည်နဲ့ ကွာရှင်းမှု ထုတ်ဖော်ဝန်ခံလိုက်တဲ့ ဂွါဒီယိုလာ

August 18, 2026

Prime Video ရဲ့ မှတ်တမ်းရုပ်ရှင်သစ် ‘A Beautiful Obsession’ ထဲမှာ မန်စီးတီးနည်းပြဟောင်း ဂွါဒီယိုလာက ကွာရှင်းလိုက်ရပြီဖြစ်တဲ့ သူ့ဇနီးသည် ခရစ္စတီနာဆာရာကို သူ ဘယ်လောက်အထိ ချစ်မြတ်နိုးတယ်ဆိုတာ ထုတ်ဖော်ဝန်ခံထားတဲ့ စကားလုံးတွေ ပါဝင်လာခဲ့ပါတယ်။

မန်စီးတီးအသင်းက ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကစားသမားတွေကို တွန်းအားပေးဖို့အတွက် ဂွါဒီယိုလာ ဟာ သူ့အသင်းတွေ ရှေ့မှောက်ဆီ သွားရောက်ပြီး သူနဲ့ သူ့အချစ်ရဆုံးဇနီးသည် ဆာရာတို့ တိတ်တဆိတ် ကွာရှင်းဖြစ်ခဲ့တဲ့ နာကျင်စရာအကြောင်းကို ထုတ်ပြောလိုက်တာပါ။

ပြိုင်ပွဲအရပ်ရပ် ပွဲစဉ် ၁၂ ပွဲမှာ မန်စီးတီးက ရှုံးပွဲ ကိုးပွဲတောင် ရှိသွားခဲ့ပြီးတဲ့နောက် ဂွါဒီယိုလာက သူ့ရဲ့ကိုယ်ရေးကိုယ်တာ နာကျင်ထိခိုက်ရမှုကို ထုတ်ဖော်ဖွင့်ဟပြီး အသင်းသားတွေရဲ့ စိတ်ဓာတ်ရေးရာကို မြှင့်တင်ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂျူဗင်တပ်နဲ့ ယှဉ်ပြိုင်ကစားရချိန်မှာ နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပြီးတဲ့နောက် မန်စီးတီး ကစားသမား တွေကို ဂွါဒီယိုလာက သူ့ဘဝရဲ့နာကျင်ခံစားနေရမှုတွေကို အသိပေးခဲ့တာ ဖြစ်တယ်လို့ Daily Sports က ရေးသားထား ပါတယ်။

“ငါ့လူတို့ရေ… ငါ တစ်ခုလောက် ဝန်ခံစရာရှိတယ်ကွာ။ ငါ့ရဲ့ ကမ္ဘာပေါ်က အလှဆုံးအမျိုးသမီးနဲ့ ငါ ကွာရှင်းလိုက်ပြီကွ။ ငါ့ဇနီးနဲ့ပေါ့လေ။ ငါ သူ့ကို အရူးအမူး ချစ်တာပေါ့ကွာ။ ဒါပေမဲ့ ငါတို့ကြားမှာ အရှိန်အဟုန်ပြင်းတဲ့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားခဲ့ပြီ။ မင်းတို့ ဘောလုံးကို ဘယ်လိုကစားနေကြတာလဲ။ သာမန်ပဲ ကစားနေတာလား ဒါမှမဟုတ် ရင်ထဲမှာ ဘာဆိုဘာမှ မရှိတော့ဘူးလား။ မင်းတို့ရဲ့ စိတ်အားထက်သန်မှုတွေ ဘယ်ရောက်ကုန်ကြပြီလဲ။ မင်းတို့ ဘဝမှာ ဘာပဲလုပ်လုပ် စိတ်အားထက်သန်မှုအပြည့်နဲ့ လုပ်ကြစမ်းပါကွာ။ ငါ့မှာ ကောင်းလှပါချည့်ရဲ့ဆိုတာ ကစားသမားတွေ ရှိတာမျိုးကို မလိုချင်ဘူး။ စိတ်အားထက်သန်မှုရှိတဲ့ ကစားသမားတွေကိုပဲ ငါ လိုချင်တယ်” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ မာနယ်လ် အက်စ်တိုင်ယာတီကလည်း အဲ့ဒီကာလတုန်းက ဂွါဒီယိုလာရဲ့ အခြေအနေကို အခုလို ပြောပြခဲ့ပါတယ်။

သူအနေနဲ့ အဝတ်လဲခန်းထဲမှာ ကစားသမားတွေနဲ့ သီးသန့်စကားပြောတာမျိုး မရှိပေမဲ့ အခုတစ်ကြိမ်ပဲ ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“ဘာကြောင့်လဲဆိုတော့ ကစားသမားတွေက ပက်(ဂွါဒီယိုလာ) ဖြစ်ပျက်နေတာတွေကို အရမ်း စိတ်ပူနေကြလို့ပါပဲ။ သူ ဝမ်းနည်းနေခဲ့တယ်၊ ပုံမှန်နဲ့ လုံးဝ မတူတော့ဘူး။ အဲ့ဒီအကြောင်းရင်းကို ကျွန်တော် တစ်ယောက်တည်းပဲ သိခဲ့တာပါ

ဒါကြောင့် ကျွန်တော် ကစားသမားတွေကို ပြောပြခဲ့တယ်… ‘ကျေးဇူးပြုပြီး နားလည်ပေးကြပါ။ မင်းတို့ အခု ရင်ဆိုင်နေရတာက စိတ်ခံစားချက်အလွန်ပြင်းထန်တဲ့ နည်းပြတစ်ယောက် မဟုတ်တော့ဘူး၊ လူသားတစ်ယောက်ရဲ့ အစစ်အမှန်ဘဝကို မြင်နေရတာပါ။ သူသိပ်ချစ်ရတဲ့ဇနီးနဲ့ ကွာရှင်းလိုက်ရလို့ပါ’ လို့ အက်စ်တိုင်ယာတီ က ရှင်းပြခဲ့ပါတယ်။

ဆာရာဟာ မန်စီးတီးဆီကို ဂွါဒီယိုလာ ရောက်ရှိလာပြီးတဲ့နောက် ပထမ သုံးနှစ်မှာ အတူနေထိုင်ခဲ့ပေမဲ့ ၂၀၁၉ ခုနှစ် အရောက်မှာတော့ အငယ်ဆုံးသမီးလေး ဗလင်တီနာနဲ့အတူ ဘာစီလိုနာမြို့ကို ပြန်သွား ခဲ့ပါတယ်။ အဲဒီနောက် ငါးနှစ်တိုင်တိုင် သီးခြားစီ နေထိုင်ခဲ့ကြပြီးမှ သူတို့နှစ်ယောက်ဟာ တရားဝင် ကွာရှင်းလိုက်ကြတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်ကို ရှုံးနိမ့်ပြီးတဲ့နောက် တစ်နှစ်အကြာမှာ လေဗာကူဆင်ကို ရှုံးနိမ့်တော့လည်း ဂွါဒီယိုလာက အသင်းသားတွေကို ဒေါသထွက်ခဲ့ပါသေးတယ်။

အဲဒီပွဲအပြီးမှာ ဂွါဒီယိုလာက “ငါ့ဘဝ၊ ငါ့ရဲ့ ကွာရှင်းမှု… မင်းတို့အားလုံးအတွက် ငါ့မိသားစုနဲ့တောင် ဝေးကွာနေခဲ့ရတယ်။ အဲဒီအတွက် မင်းတို့ ဘာတွေ ပြန်ပေးဆပ်ခဲ့ကြလဲ။ မင်းတို့လုပ်ပြလိုက်တဲ့ သုံးစားမရတဲ့စွမ်းဆောင်ရည်က တကယ့်ကို အမှိုက်ပဲကွ”လို့ အသင်းသားတွေကို ကြိမ်းမောင်းခဲ့သေးတာပါ။