ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နီတိုရဲ့ တန်ကြေးကို ချယ်လ်ဆီးက ပေါင်သန်း ၁၀၀ သတ်မှတ်

August 18, 2026

ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်လ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိသွားပြီလို့ သတင်းထွက်ပေါ်လာခဲ့သူ နီတိုရဲ့ တန်ကြေးကို ချယ်လ်ဆီးအသင်းက ပေါင်သန်း ၁၀၀ သတ်မှတ်ဈေးခေါ်လိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ် တောင်ပံကစားသမား နီတိုကို အယ်လ်ဟီလယ်လ်က ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းသာ ပေးချေဖို့ ဆန္ဒရှိကြောင်း သတင်းတွေထွက်ပေါ်လာအပြီးမှာ ချယ်လ်ဆီးက အခုလို တန်ကြေးတစ်ရပ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့ ဆိုစီဒက်တို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ရာသီကြိုခြေစမ်းပွဲမှာ နီတိုက ညာခံစစ်မှူးအဖြစ် ပွဲထွက်ကစားသွားခဲ့ပြီး အဲဒီပွဲမှာ ၇၆ မိနစ် ထည့်သွင်းအသုံးပြုခဲ့တဲ့ နီတိုရဲ့ စွမ်းဆောင်ရည်ကို သူ့အနေနဲ့ အရမ်းပဲ သဘောကျမိကြောင်း ချယ်လ်ဆီးနည်းပြသစ် အလွန်ဆိုက ပြောသွားခဲ့ပါတယ်။

ကစားသမားအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းဖို့က နှစ်ပတ်လောက်သာ လိုတော့တဲ့အတွက် အခုအချိန်မှာ နီတို ကို ရောင်းချလိုက်ရင် ချယ်လ်ဆီးဟာ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ အခက်တွေ့သွားပါလိမ့်မယ်။

ဈေးကွက်ထဲမှာ ဒီယာမန်တီလို ကစားသမားရဲ့တန်ကြေးက ပေါင်သန်း ၁၂၀၊ ဘာကိုလာလို ကစားသမားကို ပေါင်သန်း ၁၀၀ သတ်မှတ်ထားလို့ နီတိုကိုလည်း အဲဒီလိုဈေးမျိုးရမှပဲ လက်လွှတ်နိုင်လိမ့်မယ်လို့ ချယ်လ်ဆီးဘက်က အသိပေးထားပါတယ်။

နီတိုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက ဝုလ်ဗာဟမ်တန်ကနေ ချယ်လ်ဆီးဆီကို ပြောင်းရွှေ့ကြေး ယူရို ၅၄ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးဘက်ကတော့ နီတိုကို ရောင်းထုတ်လိုက်ဖို့ထက် အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ကိုသာ လိုလားနေပါတယ်။