ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလော အောက်ပေါင်းရွာသား ဇနီးမောင်နှံ မိုင်းနင်းမိ၊ ခင်ပွန်းသေဆုံးပြီး ဇနီးဒဏ်ရာရ

August 18, 2026

ပုလောမြို့မြင်ကွင်း

ပုလောမြို့နယ်၊ အောက်ပေါင်းရွာသား ဇနီးမောင်နှံနှစ်ဦးသည် ပုလောမြို့မှ ရွာရှိ နေအိမ်သို့ ပြန်စဥ် မိုင်းနင်းမိပြီး ခင်ပွန်းသေဆုံးကာ ဇနီးဒဏ်ရာရကြောင်း ‌ဒေသခံများက ပြောသည်။

သြဂုတ်လ ၁၅ ရက် နံနက် ၁၁ နာရီတွင် အောက်ပေါင်းရွာနှင့် တောင်ယာကမ်းရွာကြား တောလမ်းအတိုင်းလာပြီး ချောင်းကို ဖြတ်ကာ အောက်ပေါင်းရွာရှိ နေအိမ်သို့ ပြန်စဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဖြစ်တာက လင်မယားနှစ်ဦး အိမ်ကိုခဏပြန်တာ ထိသွားတယ်။ ချောင်းကနေ ကုန်းပေါ်ပြန်အတက်မှာ ထိတယ်လို့ ပြောတယ်။ သူတို့က ပုလောမှာ ပြောင်းနေတာကြာပြီ။ ရွာမှာက လူနည်းနည်းပဲ နေကြတယ်” ဟု ၎င်းက ပြောဆိုသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းကို စစ်အာဏာရှင်တပ်သားများရှိနေသည့် နေရာနှင့် နီးနေသဖြင့် ယ‌နေ့ (နေ့လည်၃နာရီ) အထိ သွားမယူရဲသေးကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“ယောင်္ကျားက ဖြစ်တဲ့နေရာမှာပဲ သေသွားတယ်။ အလောင်းက အခုထိမရသေးဘူး။ မိန်းမက ဆေးရုံရောက်ပြီ။ မိန်းမမှာက အစတွေ စင်သွားတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

မိုင်းပေါက်ကွဲသည့်နေရာသည် ပုလောမြို့မ ရဲစခန်းနှင့် မလှမ်းမကမ်းတွင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အောက်ပေါင်းရွာအနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်သားများ နေထိုင်သွားလာနေသဖြင့် ရွာသားအချို့သာ ရွာတွင် နေထိုင်ကြကြောင်း ဒေသခံများက ဆိုသည်။

အောက်ပေါင်းရွာသည် တောင်ယာကမ်းရွာ၊ ပု‌လောမြို့တို့နှင့် တစ်ဆက်စပ်တည်းရှိသည့် ရွာဖြစ်သည်။

ဇူလိုင်လ ၂၃ ရက်ကလည်း တောင်ယာကမ်းရွာတွင် ပလုံကောက်သွားသည့် ပုလောမြို့ခံ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့သေးသည်။