ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် မောတောင်မြို့ကို အင်အားဖြည့်ပြီးနောက် စစ်ဘေးရှောင်နေရာများကို နယ်မြေရှင်း

August 18, 2026

ဓာတ်ပုံ - ပုံဟောင်းဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီးနောက် စစ်ဘေးရှောင်နေထိုင်ခဲ့သည့် နေရာများကို နယ်မြေရှင်းလင်းနေကြောင်း ‌ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ယမန်နေ့ သြဂုတ်လ ၁၇ ရက်တွင် စစ်အာဏာရှင်တပ်သည် မောတောင်မြို့အနီး အမှတ်-၁ နှင့် အမှတ်-၃ ရွာ အနီးဝန်းကျင်တောထဲရှိ စစ်ဘေးရှောင်စခန်းများနှင့် စစ်ဘေးရှောင် ကလေးငယ်များ စာသင်ခဲ့သည့် ကျောင်းများ ရှိသည့်နေရာများကို နယ်မြေရှင်းလင်းခဲ့ကြောင်း တော်လှန်‌ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

သြဂုတ်လ ၁၁ ရက်တွင် မြိတ်မှ ရိက္ခာ၊ လက်နက်နှင့် တပ်ဖွဲ့ဝင်များကို တင်ဆောင်လာသည့် စစ်အာဏာရှင်တပ်ကား ၁၀စီးသည် မောတောင်မြို့ဘက်သို့ တက်သွား‌ကြောင်း လယ်တောင်ယာရွာသားတစ်ဦးက ပြောဆိုသည်။

ယင်းသို့ အင်အားဖြည့်ပြီးနောက် စစ်အာဏာရှင်တပ်သည် အမှတ်-၁ ရွာမှ အမှတ်-၃ ရွာ ဝန်းကျင်ရှိ တောများကို နယ်မြေ ရှင်းလင်းခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“စာသင်ကျောင်းတွေက ကျောင်းသားတွေလည်းမရှိဘူး။ စစ်ရှောင်တွေလည်း မရှိဘူး။ တိုက်ပွဲဖြစ်ကတည်းက အကုန် ရှောင်ကုန်ပြီ။ သူတို့ (စစ်အာဏာရှင်တပ်) အခုက ဒုတိယအကြိမ်ရှင်းလင်းတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်သားများသည် သြဂုတ်လ ၁၇ ရက် ညနေတွင် အမှတ်-၃ ရွာအနီး ရွှေချောင်းလုပ်ကွက် (ဒေသအခေါ်) အထိ ရှင်းလင်းရေးလုပ်ပြီး ပြန်လှည့်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

မြိတ်မြို့မှ မောတောင်မြို့သို့ စစ်အာဏာရှင်တပ် အင်အားဖြည့်ရန်လာသည့် ၁၀ စီးသည် သြဂုတ်လ ၁၃ ရက်တွင် မြိတ်မြို့သို့ ပြန်စဥ် ကားပေါ်၌ အိမ်သုံးပစ္စည်းများနှင့် ပရိဘောဂများ ပြန်လည်တင်ဆောင်သွားကြောင်း ခရီးသွားမျက်မြင်များထံမှ သိရသည်။