ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖာနီနှင့် ဇဝဲရွာရှိ မူးယစ်ဆေးဝါး ရောင်း၊ဝယ်သူများကို တော်လှန်ရေးတပ်က ခေါ်ယူသတိပေး

August 15, 2026

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု ဇဝဲရွာနှင့် ဖာနီရွာရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ခေါ်ယူသတိပေးခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဩဂုတ်လ ဒုတိယပတ်အတွင်း ဇဝဲနှင့် ဖာနီရွာရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆ ဦးကို တော်လှန်ရေးတပ်များက နေအိမ်များတွင် သွားရောက်ဖမ်းဆီး၍ တစ်နေရာသို့ ခေါ်ဆောင်ကာ သတိပေးခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင် တာဝန်ရှိသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးပြီးနောက် အနီးအနားရှိ ရွာတစ်ရွာ၏ အိမ်တွင် နှုတ်ဖြင့် စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ရိုက်နှက်ခြင်းနှင့် ငွေတောင်းခြင်းမျိုး မလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

“သွားခေါ်ခိုင်းပြီး သတိပေးပြောဆိုပြီး ပြန်လွှတ်လိုက်တယ်။ နောက်တစ်ခါ အဲဒီလိုလုပ်ရင် တရားဥပဒေအရ ဆောင်ရွက်မယ်။ ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်ပြောပြီး ပြန်လွှတ်လိုက်တယ်။ သူတို့ဘက်ကနေ သုံးယောက်က သိန်းဆယ်ချီ ပြန်ပေးခဲ့တာမျိုးတော့ ရှိတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

ရွာထဲကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဝင်လာပြီး မူးယစ်ဆေးရောင်းသူများကို လိုက်လံဖမ်းဆီးကာ ပြန်လွှတ်လိုက်ကြောင်း ဖာနီရွာ ဒေသခံတစ်ဦးက ဆိုသည်။

“နေ့တော့ မကူးဘူး။ ပြန်လွှတ်ပေးလိုက်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ဇဝဲရွာတွင် စစ်ကောင်စီတပ် ခမရ (၅၅၆) ခြေမြန်တပ်ရင်းရှိပြီး တနင်္သာရီ-မြိတ် ပြည်ထောင်စုလမ်းရှိ ဇဝဲလမ်းခွဲမှ ဝင်ရောက်ပါက ဖာနီရွာသို့ ရောက်ရှိကာ တစ်ဆက်စပ်တည်းရှိသည့် ရွာများဖြစ်သည်။