ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တောထဲတိမ်းရှောင်နေသည့် မောတောင်ဒေသခံ ၂၅၀၀ ကျော် စားနပ်ရိက္ခာအခက်အခဲကြုံ

August 10, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့က ဒေသခံ ၂၅၀၀ ကျော်သည့် မြို့နှင့်‌ဝေးလံသော တောနက်ထဲတွင် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်ကူညီနေသည့်အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလမှစ၍ သဲဖြူရွာနှင့် မောတောင်မြို့သို့ သွားသည့်လမ်းပိုင်းတစ်လျှောက်တွင် တော်လှန်ရေးတပ်နှင့် စစ်အာဏာရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားကြရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ မောတောင်ကို စစ်အာဏာရှင်တပ် ပြန်လည်ထိန်းချုပ်ပြီးနောက်တွင်လည်း ဒေသခံများ နေရပ် မပြန်ရဲသဖြင့် ဆက်လက် တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ယခုတိမ်းရှောင်နေရသည့်နေရာသည် သွားလာရေးခက်ခဲသဖြင့် ရွာသို့ပြန်လာကာ စားနပ်ရိက္ခာ ယူဆောင်ရန် ခက်ခဲသလို စားနပ်ရိက္ခာများလည်း ဝယ်၍ မရသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ၎င်းတို့က ဆိုသည်။

စစ်အာဏာရှင်တပ်က ပစ်မိန့်ထုတ်ထားသည်ဟု သတင်းထွက်နေသဖြင့် သွားလာရန်လည်း စိုးရိမ်ကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောဆိုသည်။

“သွားလို့လည်း မရဲဘူး။ (ရိက္ခာဝယ်မယ့်နေရာ) သွားရင်လည်း သုံးလေးရက်လောက် (ခြေလျင်) ကြာမယ်။ ရွာထဲမှာလည်း စျေးဆိုင်တွေ မရှိတော့ဘူး။ ကြေးပြား (ငွေ) ရှိလည်း ဝယ်လို့ မရဘူးပေါ့” ဟု ၎င်းက ပြောသည်။

ရွာနှင့်နီးသည့် ဥယျာဥ်ခြံများထဲတွင် တိမ်းရှောင်ပါက စစ်အာဏာရှင်စစ်ကြောင်းရောက်လာမည်ကို စိုးရိမ်သဖြင့် ဝေးလံသည့် နေရာတွင် တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

ဝယ်ယူ စားသောက်ရန်နေရာ မရှိသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းနှင့် စစ်ဘေးရှောင်ကူနေသည့်အဖွဲ့များ ထောက်ပံသည့် ရိက္ခာများကို အားကိုး၍ စားသောက်နေရသဖြင့် ထောက်ပံ့မှုများ ဆက်လက်၍ လိုအပ်နေကြောင်း ၎င်းတို့က ပြောဆိုသည်။

လက်ရှိတွင် ထောက်ပံ့မှုရရှိထားသည့် စားနပ်ရိက္ခာများ၊ တိမ်းရှောင်နေသည့် နေရာများတွင် စိုက်ပျိုးထားသည့် အသီးအနှံ များကိုသာ စားသုံးနေကြကြောင်း စစ်ဘေးရှောင်ကူနေသည့် ခုနစ်စင်ကြယ် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သားကောင် ဖမ်းယူခွင့်ပြုသည့် ရက်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက သတ်မှတ်ထားကြောင်း ၎င်းဆိုသည်။

“ရှောင်လာလူတိုင်းကလည်း အဲဒီအလုပ်ကို မကျွမ်းကျင်ကြတော့ အသားငါးတွေက ရှားတယ်။ မွေးထားတဲ့ အကောင်တွေ ရှိလည်း ငယ်သေးတယ်။ စားနပ်ရိက္ခာက သူတို့အတွက် လိုအပ်နေဆဲဖြစ်တယ်” ဟု အထက်ပါအဖွဲ့ဝင်က ပြောဆိုသည်။

စားနပ်ရိက္ခာနှင့် ဆေးဝါးများအပြင် မိုးရာသီဖြစ်သဖြင့် အမိုးကာများလည်း လိုအပ်နေသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ရှောင်များရှောင်နေသည့် နေရာတွင် အမိုးလုပ်ရန် တောထန်းဖက်အပင်များလည်း မရှိသဖြင့် ရှိနေသည့် အမိုးကာ များလည်း ပေါက်ပြဲကုန်သဖြင့် အမိုးကာများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။