ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးမြောက်ပိုင်း တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံး

August 10, 2026

ပုံစာ - ရာမညမွန်တပ်တော် (RMA) တပ်ဖွဲ့ဝင်များ။Photo - ရာမညမွန်တပ်တော် (RMA)

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးကြောင်း ရာမညမွန်တပ်တော် (RMA) ထံမှ သိရသည်။

မော့ကနင်ကျေးရွာအခြေစိုက် စစ်အာဏာရှင် ခြေလျင်တပ်ရင်း ၁၀၆ တပ်ဖွဲ့ဝင်များ အောင်သပြေကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာစဉ်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နှင့် ဩဂုတ်လ ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲကို ရာမညမွန်တပ်တော် (RMA) တပ်ရင်း (၉၀၁)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဗျူဟာ (၃၃) ၈၀၀၁ တပ်ရင်း (YGF) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း RMA က ထုတ်ပြန်သည်။

တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က လက်ဦးမှု ရယူကာ စစ်အာဏာရှင်တပ် စစ်ကြောင်းကို ‌တိုက်ခိုက်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲတွင် ရာမညမွန်တပ်တော် (RMA) တပ်ရင်း-(၉၀၁) က ရဲဘော် ကျော်စွာဝင်း (ခ) ဂျေကြီးနှင့် ရဲဘော်သော်ဇင် (ခ) ဧရာတို့ သေဆုံးကြောင်း RMA ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင် စစ်ကြောင်းဘက်ကလည်း သုံးဦးထက်မနည်း ထိခိုက်သေဆုံးကြောင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။

လက်ရှိတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ပြန်လည်ဆုတ်ခွာသွားသော်လည်း စစ်အာဏာရှင်တပ် စစ်ကြောင်းများ ကျေးရွာအနီးအနားတဝိုက်တွင် စစ်ကြောင်းထိုးလျက်ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

ရေးမြောက်ပိုင်းဘက်ကို စစ်အာဏာရှင်တပ် ဆက်တိုက် စစ်ကြောင်းထိုးနေပြီး အထူးသဖြင့် အောင်သာယာ၊ လိမ္မော်ခြံ ကျေးရွာ အနီးအနားတစ်ဝိုက်တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလေ့ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည်။

ပုံစာ – ရာမညမွန်တပ်တော် (RMA) တပ်ဖွဲ့ဝင်များ။

Photo – ရာမညမွန်တပ်တော် (RMA)