ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ စစ်ရှောင်ဒေသခံများ အကူအညီလို

August 10, 2026

ပုံစာ - ထားဝယ်အထူးစီးပွားရေးဇုန်တစ်နေရာ Photo - Dawei Watch

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ဒေသခံများ စစ်ဘေးရှောင်နေရသည်မှာ တစ်လကျော်ကြာမြင့်လာပြီဖြစ်ပြီး စားနပ်ရိက္ခာနှင့် အရေးပေါ်ဆေးဝါးအခက်အခဲဖြစ်ကာ အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ဒေသခံများက ပြောသည်။

ဇူလိုင်လ ပထမပတ်ကစပြီး စစ်အာဏာရှင်တပ် စစ်‌ကြောင်းများခွဲ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကျေးရွာအုပ်စုနှစ်ခုမှ လူဦးရေ လေးထောင်ထက်မနည်း စစ်ဘေးရှောင်နေကြရခြင်း ဖြစ်‌သည်။

ဒေသခံများမှာ တောတောင်များနှင့် ဆွေမျိုးနီးစပ်သူများထံ သွားရောက်တိမ်းရှောင်နေကြရသည်အတွက် ရက်ကြာလာသည်နှင့်အမျှ စားဝတ်နေရေး၊ကျန်းမာရေးများ အခက်အခဲ ကြုံလာကြောင်း စစ်ရှောင်နေကြရသူများက ဆိုသည်။

“အခုမိုးက သဲသဲမဲမဲရွာနေတယ်။ ကြားထဲ ကလေးတွေကလည်း ဖျားနာလာတယ်။ ဆေးကမရှိ၊ ပါလာတဲ့ ပိုက်ဆံတွေ ကလည်း စားရေးသောက်ရေး ဝယ်ရခြမ်းရတာနဲ့ ကုန်သလောက်ဖြစ်နေပြီ။ (ငွေကြေးမတတ်နိုင်) မရှိတဲ့သူတွေ အကုန်ဒုက္ခ‌ ရောက်ပြီး ခက်ခက်ခဲခဲဖြစ်‌နေကြတယ်” ဟု ကိုယ်တိုင်စစ်ဘေးရှောင်နေရသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်နေရသည့် ဒေသခံအများစုမှာ ဥယျာဉ်ခြံလုပ်ငန်း၊ မီးသွေးဖုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို အများစုလုပ်ကိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စွန့်၍ ထွက်ပြေးနေရခြင်းကြောင့် လုပ်ငန်းများ ဆုံးရှုံးကာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများလည်းခံစားနေကြရသလို ဝင်ငွေ မရှိတော့သဖြင့် မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်နေရကြောင်း စစ်ဘေးရှောင်ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။

“ကြက်ခြံ၊ ဘဲခြံရှိသမျှကုန်ပြီ။ စစ်ကြောင်းဝင်လို့ ထားပစ်ခဲ့တော့ သူတို့က အကုန်ပစ်(ခတ်) စားထားတယ်။ ရွာပြန်လို့လည်း လုပ်ငန်းမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်သည် အင်အား တစ်ထောင်နီးပါး အသုံးပြုပြီး ထားဝယ်အထူးစီးပွားရေးဇုန်ဒေသအတွင်းရှိ ဧကနိအုပ်စုနှင့် ရလိုင် ကျေးရွာအုပ်စုတို့ကို ဇူလိုင်လ ၉ ရက်မှစ၍ ဝင်လိုက် ထွက်လိုက်ဖြင့် စစ်ကြောင်းထိုးနေသည်။

ဧကနိကျေးရွာအုပ်စုတွင် ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်သာယာအင်းတို့ ပါဝင်ပြီး ဝက်ချောင်းနှင့် ခမောင်းချောင်းရွာတို့မှာ ရလိုင်ကျေးရွာအုပ်စုတွင် ပါဝင်သည်။

ဇူလိုင်လ ၉ ရက်မှ ၁၈ ရက်အထိ ပထမအကြိမ်၊ ဇူလိုင်လ ၂၆ ရက်မှ ဩဂုတ်လ ၂ ရက်အထိ ဒုတိယအကြိမ်နှင့် ဩဂုတ်လ ၅ ရက်မှစ၍ လက်ရှိအထိ တတိယအကြိမ် စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကြောင်းသည် နေအိမ် ၂၀ကျော်နှင့် ဆေးပေးခန်းတစ်ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ဘေးရှောင်များ၏ ပညာရေး၊ ကျန်းမာရေး ကူညီနေသည့် လူငယ်သုံးဦးနှင့် ဒေသခံ နှစ်ဦးတို့ကို သတ်ဖြတ်ခဲ့သည်။ ယင်းအပြင် ဒေသခံပြည်သူများ၏ ကား၊ ဆိုင်ကယ်နှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း အဓမ္မယူဆောင်သွားခဲ့သည်။

အင်းအားသုံးရာခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းမှာ ယနေ့ ဩဂုတ်လ ၁၀ ရက်တွင် ခမောင်းချောင်းကျေးရွာ၌ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ပုံစာ – ထားဝယ်အထူးစီးပွားရေးဇုန်တစ်နေရာ
Photo – Dawei Watch