ကလိန်အောင်မြို့၊ ရာဖူးကျေးရွာအုပ်စု၊ မရမ်းချောင်းရွာ ဝန်းကျင်ရှိ ဥယျာဉ်ခြံ အချို့၌ သတ္တုတူးဖော်မှုများ လုပ်ကိုင်နေပြီး စက်ယန္တရား အဝင်အထွက် အသွားအလာများသဖြင့် ဥယျာဉ်ခြံသွားလမ်းများ ပျက်စီးကာ သွားလာရေး အခက်အခဲ ဖြစ်နေကြကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ သတ္တုလုပ်ကွက်များသည် ပြီးခဲ့သည့် ၁၅ နှစ်ဝန်းကျင်က မရမ်းချောင်းရွာ ဝန်းကျင်တွင် တစ်ကြိမ် လာရောက်လုပ်ကိုင်ခဲ့ဖူးပြီး တွက်ခြေမကိုက်သဖြင့် ပြန်သိမ်းသွားကာ ယခု တစ်ဖန် ပြန်လည်လာရောက် လုပ်ကိုင်နေကြကြောင်း ၎င်းတို့က ဆိုသည်။
ကျောက်ပုံနယ်စပ်လမ်း (နတ်အိမ်တောင်လမ်း) ကို ဖြတ်သန်းစီးဆင်းနေသည့် ထားဝယ်ချောင်းအနီးရှိ ဥယျာဉ်ခြံများတွင် သတ္တုလုပ်ကွက်များကို ယခုနှစ် မိုးဦးကျ ဇွန်လမှစ၍ အကောင်အထည်ဖော်လာနေကြောင်း သိရသည်။
ထားဝယ်ချောင်းက မွန်ပြည်နယ်ဘက်မှ မြစ်ဖျားခံလာပြီး မြောက်ဘက်မှတောင်ဘက်သို့စီးဆင်းကာ ကလိန်အောင်မြို့အနီးတွင် ဇင်းဘာချောင်းနှင့်ပေါင်းစည်းပြီး ထားဝယ်မြစ်အတွင်းသို့ စီးဝင်သည်။
ယင်း ဖော်ဆောင်လာသည့် လုပ်ကွက်များတွင် အသုံးပြုမည့် စက်ယန္တရားများနှင့် မြေသယ်ကားများက အဝင်အထွက် နေ့စဉ်နီးပါး ပြုလုပ်နေသည့်အပြင် ဝင်ထွက်သွားလာစဉ် ကား၊ စက်များနှင့် မလွတ်သည့် ဥယျာဉ်ခြံ သီးပင်စားပင်များလည်း ခုတ်ထွင်ရှင်းလင်းခံနေရကြောင်း ဒေသခံ ဥယျာဉ်ခြံရှင်များက ပြောသည်။
“လမ်းက ကိုယ်ထူကိုယ်ထ ပြန်ပြုပြင်ထားတာ။ မိုးရာသီမှာ အရမ်းဆိုးတဲ့ နေရာတွေကိုဆို ကွန်ကရစ်တွေ ခင်းထားတာ။ အဲဒီခင်းထားတဲ့ လမ်းတွေကိုလည်း အကုန် နင်းချေသွားတယ်။ မြေသားလမ်းဆိုလည်း မိုးရွာတဲ့ရက် သွားလို့မရဘူး။ အပင်တွေ ဖျက်ဆီးသွားတာလည်း ဘာမှ ညှိနှိုင်းတာမရှိ၊ လျော်ကြေးလည်း မရှိဘူး။ သွားပြောရင် အဖွဲ့အစည်းတွေ (အာဏာပိုင်) နဲ့ ပြောထားတယ်လို့ ပြန်ပြောတယ်” ဟု ဥယျာဉ်ခြံရှင် တစ်ဦးက ပြောပြသည်။
လမ်းပျက်စီးသည့် ကိစ္စနှင့် ပတ်သက်၍ ကျေးရွာတာဝန်ရှိသူမှတစ်ဆင့် သက်ဆိုင်ရာ အာဏာပိုင်နှင့် လုပ်ငန်းရှင်များထံ ပြောဆိုထားသော်လည်း အကြောင်းထူးမလာကြောင်း ဥယျာဉ်ခြံရှင်များက ဆိုသည်။
ယခု သတ္တုလုပ်ကွက်များ ဖော်ဆောင်နေသည့် နေရာသည် ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ထားသည့် နေရာအချို့ ပါဝင်သလို စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားနိုင်ဆဲ ဧရိယာအချို့လည်း ပါဝင်သည်။
တနင်္သာရီ သဘာဝသစ်တောကြိုးဝိုင်းအတွင်းရှိ ကလိန်အောင် ဇင်းဘာချောင်းတစ်လျှောက် သတ္တုလုပ်ငန်းများတွင် စစ်အာဏာရှင်တပ်အပြင် ကေအဲန်ယူလည်း ပါဝင်ပတ်သက်မှု ရှိနေကြောင်း ၂၀၂၃ ခုနှစ်တွင် “အာဏာသိမ်းပြီးနောက် ဆယ်ဆ၊ ဆယ်ဆ – ရွှေမုဆိုးတို့၏ အာခံတွင်းမှ ကြိုးဝိုင်းသစ်တော” အမည်ဖြင့် Dawei Watch က စုံစမ်းဖော်ထုတ် ရေးသားခဲ့သည်။







