ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖူးခက်တွင် မြန်မာကျောင်းသူက ထိုင်းကျောင်းသူကို ရိုက်နှက်ခဲ့၍ ထိုင်းမိခင်က အမှုဖွင့်

August 10, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာကျောင်းသူများက ထိုင်းကျောင်းသူကို ရိုက်နှက်ခဲ့သည်ဆိုကာ ထိုင်းမိခင်က ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာကျောင်းသူများက အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦးကို အိမ်သာထဲတွင် ရိုက်နှက်ကန်ကျောက်နေခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုကို ဖူးခက်သတင်းဌာနများက အွန်လိုင်းပေါ် တင်ခဲ့ပြီးနောက် ပြည်သူများအကြား ဝေဖန်မှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ယင်းရိုက်နှက်မှုသည် ဩဂုတ်လ ၅ ရက်နေ့က ဖူးခက်မြို့ ထလန်ဒေသ ချုံထလေရှိ စာသင်ကျောင်းတစ်ကျောင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာကျောင်းသူတစ်ဦးက ထိုင်းကျောင်းသူကို ပါးရိုက်၊ ထိုးကြိတ်၊ ဆံပင်ကို ဆွဲ၍ လှဲချခဲ့ပြီး မျက်နှာကိုလည်း ခြေထောက်ဖြင့် အကြိမ်ကြိမ် ကန်ခဲ့သည်ဟု ထိုင်းကျောင်းသူက ရဲစခန်းတွင် ထွက်ဆိုသည်။

ယင်းဒဏ်ရာများကြောင့် ထိုင်းကျောင်းသူသည် မျက်စိ၊ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံတွင် နှစ်ရက်ကြာ ဆေးကုသမှု ခံယူခဲ့ရကြောင်း ဖော်ပြထားသည်။

ကျောင်းမှ တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ပွဲထဲတွင် ကျောင်းသူ ၆ ဦးပါဝင်နေကြောင်း၊ ၎င်းတို့အနက် ၄ ဦးမှာ ယင်းကျောင်းထဲမှ ဖြစ်ပြီး နောက်ထပ် ၂ ဦးမှာ အပြင်က ဖြစ်ကြောင်း ပြောသည်။

ထိုင်းကျောင်းသူကို ရိုက်နှက်ခဲ့သူမှာ အသက် ၁၂ နှစ်အရွယ် ပန်းရောင်ဘတ်ကိုင်ဆောင်ထားသော မြန်မာကျောင်းသူဖြစ်ပြီး စကားများ ရန်ဖြစ်ခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဖော်ပြသည်။

ရန်ဖြစ်ရသည့် အသေးစိတ်အကြောင်းအရင်းကိုမူ ဖော်ပြထားခြင်းမရှိသလို မြန်မာကျောင်းသူ၏ ထွက်ဆိုချက်ကိုလည်း ဖော်ပြထားခြင်းမရှိပေ။

ကျောင်းတာဝန်ရှိသူက နှစ်ဖက်မိဘများနှင့် ရဲတပ်ဖွဲ့ကို ခေါ်၍ ညှိနှိုင်းပေးစဉ် မြန်မာမိဘများက ထိုင်းမိဘများထံ ဘတ် ၃၀၀၀ ပေးပြီး ကျေအေးပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြသည်။

ဘတ် ၃၀၀၀ ကိုလည်း လာမည့် ဩဂုတ်လ ၂၁ ရက်နေ့ပေးရန် နှစ်ဖက်မိဘများက သဘောတူညီခဲ့ပြီး ကျောင်းသားများ၏ မှတ်တမ်းများကို ရယူခဲ့ကာ ထိုင်းကျောင်းသူကို ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

သို့သော်လည်း ထိုင်းမိဘများက သတင်းဌာနများက တင်လာသော ဗီဒီယိုမှတ်တမ်းများကို မြင်ရပြီးသောအခါ အမှုကို ကျေအေးမပေးနိုင်တော့ဘဲ ဩဂုတ်လ ၆ ရက်နေ့က ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား၍ တရားဥပဒေအရ အရေးယူပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

Ref: Daily News, The Thaiger, MGR Online