ထိုင်းနိုင်ငံ လွှတ်တော်သို့ ရောက်ရှိလာသော မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ဘန်ကောက်လွှတ်တော်အမတ်တစ်ဦးက အော်ဟစ်ဆန္ဒပြ၍ ရှုတ်ချခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ ဖိတ်ကြားမှုအရ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ဘန်ကောက်မြို့သို့ နှစ်ရက်ကြာ ခရီးစဉ် ရောက်ရှိနေခြင်းဖြစ်သည်။
ယနေ့ ဒုတိယနေ့ နံနက် ၁၁ နာရီခန့်တွင် ဦးမင်းအောင်လှိုင်သည် လွှတ်တော်သို့ စတင်ရောက်ရှိလာစဉ် ကြိုဆိုသောနေရာတွင် ဘန်ကောက်လွှတ်တော်အမတ် Anusorn Thamjai က အော်ဟစ်၍ မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း ဆန္ဒပြခဲ့သည်။
“For Peace, For Humanity” ဟုဆိုကာ ငြိမ်းချမ်းရေးနှင့် လူသားစာနာရေးအတွက် အော်ဟစ်ပြီး ဆန္ဒပြခဲ့သဖြင့် လွှတ်တော်လုံခြုံရေးက ၎င်းကို လာရောက်ဆွဲထုတ်သွားသည်ကို ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။



ဘန်ကောက်လွှတ်တော်အမတ်သည် လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ဦးမင်းအောင်လှိုင်ထံ အိတ်ဖွင့်ပေးစာ ပေးအပ်ရန် ရည်ရွယ်ထားပြီး စာထဲတွင် နယ်စပ်ဖြတ်ကျော်အခြေအနေနှင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြန်လည်အသက်သွင်းပေးရန် ရေးသားထားကြောင်း ဖော်ပြသည်။
ဦးမင်းအောင်လှိုင်အား ထိုင်းအစိုးရက လက်ခံတွေ့ဆုံခြင်းသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ ခံစားနေရသော ဒုက္ခများကို လျစ်လျူရှုရာ ရောက်သည်ဆိုကာ ထိုင်းအရပ်ဘက် အဖွဲ့အစည်းများကလည်း ရှုတ်ချကန့်ကွက်ထားသည်။
Ref: Khaosod English, Thai PBS







