ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြစ်ရေခမ်းခြောက်မှုကြောင့် နာဇီစစ်သင်္ဘောပျက်များ ပေါ်လာ

August 6, 2026

ဥရောပ၏ ဒုတိယအရှည်ဆုံးမြစ်ဖြစ်သည့် ဒန်းညုမြစ်ရေ အလွန်အမင်းကျဆင်းကာ ရေခမ်းခြောက်ပြီး မြစ်ကြမ်းပြင်တွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်စစ်သင်္ဘောအပျက်များ ပေါ်လာကြောင်း DW News သတင်းတွင် ဩဂုတ်လ ၅ ရက်နေ့က ဖော်ပြသည်။

ဆားဘီးယားနိုင်ငံနှင့် ရိုမေးနီးယားနိုင်ငံတို့ကို ပိုင်းခြားထားသည့် ဆားဘီးယားဆိပ်ကမ်းမြို့ ပရာဟိုဗိုအနီးတွင် နာဇီဂျာမန်တို့က ၎င်းတို့၏ သင်္ဘောများကို ရှရှားတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ရှောင်ရှားနိုင်ရန် ရည်ရွယ်ချက်ရှိရှိ နှစ်မြှုပ်ပစ်ခဲ့ကြပြီး ယင်းနေရာ၌ သံချေးတက်နေသည့် သင်္ဘောဝမ်းဗိုက်နှင့် ကျိုးပဲ့နေသည့် ရွက်တိုင်တစ်ခု ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့သည်။

အချို့နေရာတွင် လက်နက်များ တင်ဆောင်ထားဆဲဟု ယူဆရသည့် သင်္ဘောရာပေါင်းများစွာကို မြစ်ကြမ်းပြင်မှ ဖယ်ရှားနိုင်ရေး ဆားဘီးယားအစိုးရက ဥရောပသမဂ္ဂထံမှ အကူအညီရရန် ကာလရှည်ကြာ တောင်းခံလာခဲ့သည်။

သို့ရာတွင် သင်္ဘောပေါ်တွင် ကျန်ရှိနေသေးသည့် ပေါက်ကွဲပစ္စည်းများ မတော်တဆ ထိခိုက်မှုမရှိဘဲ ယင်းတို့ တည်ရှိရာ နေရာများကို အတိအကျ ဖော်ထုတ်ရန်မှာ အခက်အခဲတစ်ခု ဖြစ်နေခဲ့သည်။

ဥရောပအလယ်ပိုင်းနှင့် အရှေ့ဥရောပ အချို့ဒေသများရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အချို့မှာလည်း ဒန်းညုမြစ်ရေ လျော့နည်းသွားမှုကြောင့် ပိတ်သိမ်းရတော့မည့် အခြေအနေသို့ ရောက်ရှိနေကြောင်း DW News သတင်းတွင် ဖော်ပြသည်။

မိုးခေါင်ရေရှားမှုကြောင့် မကြာသေးမီ သီတင်းပတ်များအတွင်း ဒန်းညုမြစ်နှင့် ရိုင်းမြစ်အတွင်း ကူးတို့သင်္ဘောများ၊ ကမ္ဘာလှည့်ခရီးသွား သင်္ဘောများနှင့် ကုန်စည်ပို့ဆောင်ရေးသင်္ဘောပြေးဆွဲမှုများကို ကြီးကြီးမားမား လျှော့ချထားရကြောင်း သိရသည်။

ရာသီဥတုဖောက်ပြန်မှုကြောင့် ဥရောပ၏ အဓိက ရေလမ်းကြောင်းများတွင် ရေထုပမာဏ လျော့နည်းသွားခြင်းမှာ မကြာသေးမီ နှစ်များအတွင်း ထပ်တလဲလဲကြုံရသည့် ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။

Source: DW News