ပါကစ္စတန်နိုင်ငံ၊ ကဘဲလ်မြို့တွင် အကြမ်းဖက်ဆန့်ကျင်ရေးဆန္ဒပြသူများကို အသေခံဗုံးခွဲသမားတစ်ဦးက ပစ်မှတ်ထားတိုက်ခိုက်မှု ဩဂုတ်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့ရာ လူ ၁၄ ဦး သေဆုံးပြီး လူနှစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များလည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။
အဆိုပါ အသေခံဗုံးခွဲတိုက်ခိုက်မှုသည် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပါတွန်ခွာပြည်နယ် ၊ စဝတ်တောင်ကြားဒေသရှိ ကဘဲလ်မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြသူများက ဒေသန္တရရဲစခန်းအနီးတွင် စုဝေး၍ အကြမ်းဖက်မှု ဆန့်ကျင်ရေး ကြွေးကြော်သံများကို ဟစ်အော်ကာ ငြိမ်းချမ်းရေးကို တောင်းဆိုဆန္ဒပြနေကြစဉ် အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ပြည်သူများအတွက် လုံခြုံရေး အာမခံချက်ပေးခြင်းနှင့် အကြမ်းဖက်သောင်းကျန်းမှုများကို အမြစ်ဖြတ်ချေမှုန်းခြင်းမှာ နိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်ကြောင်း အဆိုပါ တိုက်ခိုက်မှု မဖြစ်ပွားမီ ခဏအလိုတွင် ဆန္ဒပြပွဲ၌ ဟောပြောသူများက ပြောဆိုခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။
ယင်းအပြင် ၎င်းတို့က သက်ဆိုင်ရာ အာဏာပိုင်များသည် အကြမ်းဖက်သောင်းကျန်းသူများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။
ယင်းဒေသကို ပျက်စီးစေခဲ့သည့် နှစ်ပေါင်းများစွာကြာမြင့်သည့် အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ရအပြီးတွင် ဒေသခံများအနေနှင့် အကြောက်တရားမရှိဘဲ နေထိုင်လိုကြကြောင်းလည်း အဆိုပါ ဟောပြောသူများက ပြောဆိုခဲ့သည်။
သေဆုံးသူများထဲတွင် အနည်းဆုံး အရပ်သား ကိုးဦးနှင့် ရဲအရာရှိ ငါးဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
အဆိုပါ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ စဝတ်တောင်ကြားဒေသသည် တချိန်က အစ္စလာမ္မစ်ရှာရီယာဥပဒေကို တင်းတင်းကျပ်ကျပ် ပြဌာန်းကျင့်သုံးခဲ့သည့် စစ်သွေးကြွများ၏ အဓိကခြေကုပ်ယူရာ ဒေသ ဖြစ်ခဲ့ဖူးသည်။
၂၀၀၇ ခုနှစ်တွင် ပါကစ္စတန်စစ်တပ်က စစ်ဆင်ရေးကြီးတစ်ရပ် ဆင်နွှဲ၍ ယင်းစစ်သွေးကြွများကို မောင်းထုတ်ခဲ့သည်။
သို့ရာတွင် မကြာသေးမီ လများအတွင်း ယင်းတောင်ကြားဒေသသို့ စစ်သွေးကြွများ ပြန်လည်ဝင်ရောက်လာခဲ့ရာ ယင်းဒေသတွင် ပါကစ္စတန်တာလီဘန်များ ပြန်လည်ခြေကုပ်ယူလာမည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာသည်။
ယင်းကြောင့် ဒေသခံပြည်သူများက အဆိုပါ တောင်ကြားဒေသတစ်လျှောက် စစ်သွေးကြွများ ရှိနေခြင်းကို ကန့်ကွက်ဆန့်ကျင်သည့်အနေဖြင့် တာလီဘန်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အကြိမ်ကြိမ် ပြုလုပ်လာခဲ့ရာ တနင်္ဂနွေနေ့က အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Source: Associated Press







