ထိုင်းနိုင်ငံ သစ်တောကြိုးဝိုင်းများထဲတွင် အရွယ်ရှိ ကျားအကောင်ရေ ၂၁၀ ကျော်အထိ ရှိလာကြောင်း ထိုင်းအမျိုးသားဥယျာဉ်ဌာနက ထုတ်ပြန်သည်။
သစ်တောကြိုးဝိုင်းများတွင် အရွယ်ရှိ ကျားအကောင်ရေ ၂၁၀ ကောင်မှ ၂၅၇ ကောင်အထိ ရှိနေပြီး အရှေ့တောင်အာရှနိုင်ငံများအနက် ကျားအကောင်ရေတိုးလာသော တစ်ခုတည်းသော နိုင်ငံဖြစ်လာကြောင်း ဇူလိုင်လ ၂၉ရက် အပြည်ပြည်ဆိုင်ရာ ကျားများနေ့တွင် ထုတ်ပြန်သည်။
ထိုင်းနိုင်ငံသည် ကျားအကောင်ရေ ပိုများလာစေရေးအတွက် စိန့်ပီတာစဘတ် ကြေညာစာတမ်းတွင် ၂၀၁၀ ခုနှစ်က လက်မှတ်ထိုးထားခဲ့ပြီး ၂၀၃၄ ခုနှစ်အထိ ကျားအကောင်ရေ ပိုများလာစေရေး နိုင်ငံတော်စီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖော်ပြသည်။
၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ထိုင်းတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းပြီး သစ်တောကြိုးဝိုင်း ၃၀ နေရာကို လုံခြုံရေးကင်မရာများ တပ်ဆင်၍ ကျားအကောင်ရေများကို ရေတွက်ခဲ့ပြီး ထိန်းချုပ်ခဲ့ကြောင်း ဖော်ပြသည်။
လေ့လာချက်အရ သစ်တောကြိုးဝိုင်း ၂၆ နေရာတွင် ကျားများ ကျက်စားနေထိုင်နေသည်ကို တွေ့ရကြောင်း ဖော်ပြသည်။
အများစုသည် ထိုင်းနိုင်ငံ၏ အနောက်ဘက် သစ်တောကြီးထဲတွင် ရှိနေကြပြီး ကျားအကောင်ရေ ၁၈၂ ကောင်အထိ ကျင်လည်ကျက်စားနေကြောင်း ဖော်ပြသည်။
ထိုင်းနိုင်ငံ၏ အနောက်ဘက် သစ်တောကြီးသည် ကန်ချနဘူရီ၊ စူဖန်ဘူရီ၊ ဥထိုင်းဌာနီ၊ ကန်ဖမ်းဖက်၊ တာခ့် စသော ခရိုင်ငါးခုတွင် တည်ရှိပြီး ကြိုးဝိုင်း ၁၀ကျော်အထိ ရှိ၍ ဧရိယာ ၄ ဒသမ ၄ သန်းဧကခန့် ကျယ်ပြန့်ကာ မြန်မာနိုင်ငံနှင့် ထိစပ်နေသော နေရာဖြစ်သည်။
နောက်ထပ် ခေါင်ယိုင်နှင့် ထိုင်းတောင်ပိုင်း ပရာကျွန်ခီရီခန်၊ ချွန်ဖွန်ဒေသရှိ ကြိုးဝိုင်းများထဲတွင်လည်း ကျားများ ကျက်စားနေသည်ကို တွေ့ရကြောင်း ဖော်ပြသည်။
သစ်တောကြိုးဝိုင်းများထဲတွင် တရားမဝင် အမဲလိုက်မှုများ မရှိစေရေးအတွက်လည်း သစ်တောအမှုထမ်းများတွင် လုံခြုံရေး ကိရိယာများကို တပ်ဆင်ပေးထားကြောင်း ဖော်ပြသည်။
လက်ရှိတွင် ထိုင်းနိုင်ငံထဲ ကျားအကောင်ရေ ပိုများလာစေရေးအတွက် အပင်စားသတ္တဝါများကို ပိုမိုမွေးမြူ၍ အစာကွင်းဆက်တည်မြဲအောင် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ထိုင်းတောင်ပိုင်းရှိ ကျားများသည် ထိုင်းနှင့် မြန်မာနယ်စပ်များတွင် ကူးလူးသွားလာနေသည်ကို လုံခြုံရေးကင်မရာများတွင် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင်မူ ကျားအကောင်ရေ ၃၀ အောက်အထိ လျော့နည်းလာပြီဖြစ်ကြောင်း ၂၀၂၅ ခုနှစ်က WWF မြန်မာက ထုတ်ပြန်ချက်အရ သိရသည်။
Ref: Thai PBS, Matichon Online







