ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနဲ့ သက်ဆိုင်တဲ့ ရှယ်ယာပမာဏ ၂၀ ရာခိုင်နှုန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သားမက် ပါဝင်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းစုဆီ လက်လွှဲရောင်းချဖို့ စီစဉ်လိုက်တာကြောင့် ပြဿနာ ကြီးထွားနေပြီပဲဖြစ်ပါတယ်။
အဆိုးဆုံးကတော့ ဒီလိုရှယ်ယာရောင်းမယ့်ကိစ္စကို အင်ဖန်တီနိုက ဖီဖာဘုတ်အဖွဲ့နဲ့တောင် တိုင်ပင်ဆွေးနွေးတာမျိုး မလုပ်ဘဲ တစ်ကိုယ်တော် ဆုံးဖြတ်ခဲ့တာဖြစ်လို့ ဖီဖာအတွင်းစည်းထဲမှာပါ ဂယက်ရိုက်ခတ်မှု ပြင်းထန်နေပါတယ်။
ဖီဖာကို ဘောလုံးအဖွဲ့ချုပ်ဆိုတာထက် ငွေရှာတဲ့ ကုမ္ပဏီကြီးတစ်ခုလို ပီပီပြင်ပြင် ပြောင်းလဲပစ်နေတဲ့ အင်ဖန်တီနို ကို ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က လုံးဝကို မထောက်ခံတော့ဘဲ အတိအလင်း ဝေဖန်ပြစ်တင်လာခဲ့ပြီပဲဖြစ်ပါတယ်။
တချို့သော သတင်းရင်းမြစ်တွေက ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ရဲ့ နောက်ဆုံးနေ့ရက်တွေ ရောက်လာပြီလားလို့တောင် ခေါင်းစဉ်တပ်ပြီး မေးခွန်းထုတ်လာခဲ့ပါတယ်။
ယူအီးအက်ဖ်အေ ဘက်ကတော့ “The Last Battle (နောက်ဆုံးတိုက်ပွဲ)”လို့ကို နာမည်ပေးပြီး အင်ဖန်တီနို ကို ထိပ်တိုက်တွေ့လာခဲ့တာပါ။
အင်ဖန်တီနိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရှယ်ယာတွေကို အခုလိုသာ ရောင်းစားလိုက်မယ်ဆိုရင် ဖီဖာရဲ့ ပြိုင်ပွဲအားလုံးကို လုံးဝ (လုံးဝ) ဝင်မပြိုင်ဘဲ ဥရောနိုင်ငံတွေဘက်က သပိတ်မှောက်မယ်လို့ ယူအီးအက်ဖ်အေ က ရာဇသံလည်း ပေးလိုက်ပါတယ်။
ဒီစီမံကိန်းကို လက်ရှိမှာ ဥရောပတင်မကဘဲ အဖွဲ့ဝင် ၄၁ နိုင်ငံပါဝင်တဲ့ ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ်ကလည်း ကန့်ကွက်ထားပြီဖြစ်ပါတယ်။
လာမယ့် မတ်လကိုရောက်ရင် အင်ဖန်တီနိုက စတုတ္ထအကြိမ်မြောက် သက်တမ်းအတွက် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲ ဝင်ရတော့မှာပါ။
အရင်တုန်းကတော့ သူ့အတွက် စိတ်ပူစရာ သိပ်မရှိပေမဲ့ အခုအချိန်မှာတော့ သူ့ကို ထောက်ခံမယ့်သူ အရေအတွက်က အတော့်ကိုပဲ ကျဆင်းသွားခဲ့ပါပြီ။
ဖီဖာဥက္ကဋ္ဌသစ်ရာထူးအတွက် ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခါလီဖိုင် ရေပန်းစားလာခဲ့ပေမယ့် ကာယကံရှင်ဘက်ကတော့ ရေငုံနှုတ်ပိတ်နေဆဲပါပဲ။
ဖီဖာသမိုင်းမှာ လက်ရှိဥက္ကဋ္ဌ တစ်ယောက် မဲရှုံးပြီး ရာထူးကနေ ထွက်ရတာ တစ်ခါပဲ ရှိဖူးသေးတာမို့ အင်ဖန်တီနိုက ဒုတိယမြောက်လူ ဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။
ကန့်ကွက်မှုတွေရှိနေပေမယ့် အင်ဖန်တီနိုကတော့ ထရမ့်ရဲ့သားမက်ကို ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရှယ်ယာတွေ ရောင်းချနိုင်ဖို့ကို ဆက်လက် ကြိုးစားနေဆဲပါပဲ။ ဒီရှယ်ယာရောင်းချမှုကို ထောက်ခံပေးမယ့် နိုင်ငံတစ်နိုင်ငံချင်းစီကို ပေါင် ၁၅ သန်း (အမေရိကန်ဒေါ်လာသန်း ၂၀ ကျော်) ထောက်ပံ့ကြေးပေးမယ်ဆိုပြီး အသင်းဝင်နိုင်ငံငယ်တွေကို သူက မဲဆွယ်စည်းရုံးနေပါတယ်။
ဘောလုံးလောကမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ဥရောပအသင်းတွေသာ တကယ်သပိတ်မှောက်လိုက်မယ်ဆိုရင် ဖီဖာအတွက် စီးပွားရေးအရရော သမိုင်းကြောင်းအရပါ အကြီးအကျယ် နာမည်ပျက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။







