လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာတွင် နေအိမ်တစ်ဆောင် ဓားပြတိုက်ခံရပြီး ရွှေနှင့်ငွေကြေးများ ပါသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားသုံးဦးက ဇူလိုင်လ ၃၀ ရက် ည ၈ နာရီဝန်းကျင်တွင် စမ်းလှမ်းရွာ ရွာလယ်ပိုင်းအစွန် (ကမ်းနားဘက်ခြမ်း) တွင်နေထိုင်သည့် ဦးဝင်းခိုင်၏ နေအိမ် ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“အိမ်ရှင်တွေကို အိမ်အပြင်ခေါ်ထုတ် ထိုင်ခိုင်းထားပြီး ပိုက်ဆံထားတဲ့နေရာကိုဝင်သွားပြီး ယူဆောင်သွားတယ်လို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အဆိုပါဓားပြတိုက်မှုကြောင့် ရွှေနှစ်ကျပ်သားနှင့် ခန့်မှန်းငွေကျပ်သိန်း ၄၀ မှ ၆၀ အကြား ပါသွားကြောင်း ဓားပြတိုက်ခံရသူနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။
ဓားပြတိုက်သူများမှာ စမ်းလှမ်းကျေးရွာ သို့မဟုတ် အနီးဝန်းကျင်ရှိ တီဇစ်ကျေးရွာမှ မူးယစ်ဆေး ရောင်းဝယ် သုံးစွဲနေသူများထဲကဖြစ်နိုင်ကြောင်း ဒေသခံများကခန့်မှန်းထားပြီး ဖမ်းဆီးနိုင်ရေး လုပ်ဆောင်နေကြသည်။
“ဒီမနက် (ဇူလိုင်လ ၃၁ ရက်) ကတောင် (ဓားပြတိုက်တဲ့) တရားခံကို သွားဖမ်းမယ်ဆိုပြီး ရွာမှာလူစုနေကြတာတော်တော်ကြာတယ်။ တိုက်တဲ့ကောင်တွေက လူစုနေတာ သိသွားတော့ ထွက်ပြေးသွားတာပေါ့” ဟု ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။
စမ်းလှမ်းကျေးရွာသည် ရေလုပ်ငန်းလုပ်ကိုင်သည့် ရွာဖြစ်သည့်အလျောက် ငွေရလွယ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များပြားသလို ခိုးဆိုးလုနှိုက်လည်း များပြားကြောင်း ဒေသခံတို့က ပြောဆိုသည်။
ပြီးခဲ့သည့် လအနည်းငယ်ခန့်ကလည်း စမ်းလှမ်းကျေးရွာတွင် လက်ပစ်ဗုံးဟုယူဆရသည့် အရာ နေအိမ်ထဲပစ်သွင်းသည့် ဖြစ်စဉ်နှစ်ခုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံတို့က ပြောသည်။
စမ်းလှမ်းကျေးရွာသည် လောင်းလုံးမြို့နှင့် ၅ မိုင်ခန့်သာကွာဝေးပြီး ရွာအဝင်လမ်းထိပ်ရှိ လတ်ခတ်တောင်တွင် စစ်အာဏာရှင်တပ်က တပ်စွဲထားပြီး ရွာထဲသို့ မကြာခဏ လာရောက်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
၂၀၂၂ ခုနှစ်က လောင်းလုံးမြို့နယ်အပါအဝင် ထားဝယ်ခရိုင်တွင် ဓားပြတိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ဖူးသော်လည်း ယင်းနောက်ပိုင်း ထပ်မကြားရတော့ပေ။ Dawei Watch ၏ မှတ်တမ်းများအရ ထိုအချိန်က လောင်းလုံးမြို့နယ်တစ်ခုတည်းတွင်ပင် ဓားပြတိုက်မှု အနည်းဆုံး ၆ ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။
ယခုတွင်မူ ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပျံ့နှံ့လာနေပြီး ဒေသခံ ပြည်သူများမှာ မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ခိုး၊ ဆိုး၊ လု၊ နှိုက် မှုဒဏ်ကို ပိုမိုခံစားနေကြရသည်။
လောင်းလုံးမြို့နယ် အခြေစိုက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် မတူညီသည့် တပ်ဖွဲ့များအားလုံးစုပေါင်းပြီး ဖမ်းဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တို့က ပြောဆိုသည်။







