လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာရှိ နေအိမ်များကို စစ်အာဏာရှင်တပ်က ဖောက်ထွင်းကာ ပစ္စည်းများ ယူဆောင်နေပြီး မြို့ ဟောင်းကျေးရွာရှိ နေအိမ်များကိုမူ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်သည် ယနေ့ ဇူလိုင်လ ၂၉ ရက် မွန်းတည့်တွင် ခမောင်းတောင်ကျေးရွာမှ မြို့ဟောင်းရွာသို့ စစ်ကြောင်းထိုးဝင် ရောက်ရှိလာကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်အဏာရှင်တပ်သည် လူ အမည်စာရင်းအတိအကျဖြင့် မြို့ဟောင်းကျေးရွာတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးရှာဖွေခဲ့ပြီး မွန်းတည့်ပိုင်းတွင် နေအိမ်ခြောက်ဆောင်ထက်မနည်းကို မီးရှို့ခဲ့ကြောင်း ၎င်းက ဆိုသည်။
မြို့ဟောင်းကျေးရွာတွင် မီးရှို့ပြီးနောက် တောင်မင်းပြောင်ကျေးရွာသို့ ပြန်ဆုတ်လာပြီး နေအိမ်များကို ဖောက်ထွင်းကာ ဆိုင်ကယ်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်နေကြကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။
“တောင်မင်းပြောင်မှာ အိမ်တွေကို ဖောက်ပြီး ကားနဲ့ ပစ္စည်းသယ်နေတယ်။ မြို့ ဟောင်းကိုတော့ မွန်းတည့်ကတည်းက ခမောင်းတောင်ကနေ တစ်ခါတည်းသွားပြီး မီးသွားရှို့ တာ” ဟု ၎င်းက ပြောသည်။
ခမောင်းတောင်ကျေးရွာနှင့် မြို့ဟောင်းကျေးရွာကြားတွင် တောင်မင်းပြောင်ကျေးရွာရှိသည်။
“အိမ်မှာတော့ ဘာတွေပါသွားမှန်း မသိရသေးဘူး” ဟု တောင်မင်းပြောင်ကျေးရွာမှ စစ်ဘေးရှောင် ဒေသခံတစ်ဦးက ပြောဆိုသည်။
အဆိုပါစစ်ကြောင်းသည့် ဇူလိုင်လ ၂၈ရက်တွင် မြို့ ဟောင်းကျေးရွာ၌ လူငယ်အမျိုးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ယင်းနောက် မြို့ဟောင်း၊ စခန်းကြီးနှင့် ခမောင်းတောင်နှင့် တောင်မင်းပြောင်ကျေးရွာအုပ်စုများကို လှည့်လည် စစ်ကြောင်းထိုးနေသည်။
စစ်ကြောင်းသည် ယနေ့ ညနေပိုင်းတွင် တောင်မင်းပြောင်နှင့် ခမောင်းတောင်ကျေးရွာကြား လမ်းတစ်လျှောက်တွင် ရှိနေခြင်းကြောင့် ခမောင်းတောင်၊ ထိန်တွင်း၊ တောင်မင်းပြောင်၊ မြို့ဟောင်းကျေးရွာများက ဒေသခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအများက ဆိုသည်။
ယနေ့ နံနက် ၈နာရီတွင်လည်း အင်အားတစ်ရာကျော်ရှိသည့် ခြေလျင်စစ်ကြောင်းတစ်ကြောင်းသည် လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာသို့ ဝင်ရောက်လာပြီး နံနက် ၁၁နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။







