ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် လူငယ်တစ်ဦးကို စစ်အာဏာရှင်တပ် ပစ်သတ်

July 29, 2026

လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် လူငယ်အမျိုးသားတစ်ဦးကို စစ်အာဏာရှင်တပ် စစ်ကြောင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ပစ်သတ်ခံရသည့် လူငယ်မှာ မြို့ဟောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ ဘိုဖြူ (ခေါ်) မောင်ဝေယံဖြိုး ဆိုသည့် လူငယ်အမျိုးသားဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ရွာထဲဝင်လာသည့် စစ်ကြောင်းနှင့်တိုးကာ ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကြောင်းက ဘူချိုင်းရွာဘက်ဝင်ပြီး မြို့ဟောင်းဘက် ပြန်ထွက်လာချိန်မှာ စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံလိုက်ရတာ။ ဆိုင်ကယ်ပေါ်မှာပဲ သေဆုံးတာ” ဟု ၎င်းက ပြောသည်။

မောင်ဝေယံဖြိုးမှာ ဆိုင်ကယ်မောင်းလာချိန် စစ်ကြောင်းနှင့်တွေ့၍ နောက်ပြန်လှည့်ချိန် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းစစ်ကြောင်းမှာ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရေဖြူမြို့ဘက်မှ ကျခတ္တပင်အင်းကျေးရွာသို့ ထွက်လာပြီး ယင်းမှ ကားငယ်သုံးစီးကိုချောဆွဲကာ ဆင်ပုနစ်ကျေးရွာသို့ ရောက်ရှိလာသည်ဟု ဆိုသည်။

ဆင်ပုနစ်ကျေးရွာတွင် တစ်ညအိပ်ပြီးနောက် ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် သုံးကျင်းမြေတင်ကားတစ်စီးကို ထပ်မံချောဆွဲလာပြီး မြို့ဟောင်းကျေးရွာဘက် ထွက်သွားကြောင်း မြို့ဟောင်းကျေးရွာရှိ နေအိမ်များကို ထပ်မံမွှေနှောက်ရှာဖွေပြီး ညနေပိုင်းတွင် မောင်ဝေယံဖြိုးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းစစ်ကြောင်းမှာ ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် တောင်မင်းပြောင်ကျေးရွာသို့ ရောက်ရှိလာ၍ တောင်မင်းပြောင်ကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် မြို့ဟောင်းကျေးရွာဒေသခံများ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းမှာ ဇွန်လမှစ၍ လောင်းလုံးမြို့နယ်အတွင်း လှည်လည်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပေါ်လိုက်ပျောက်လိုက်ဖြင့် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။