ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မော်လမြိုင် - ရန်ကုန်အမြန်ရထားပေါ် အော်ဟစ်ဆူညံခဲ့သူ ၅၀ ကျော်ကို ဒဏ်ငွေတစ်သိန်းစီ ပြစ်ဒဏ်ချ

July 29, 2026

မော်လမြိုင်-ရန်ကုန် အမြန်ရထားပေါ် ဝိုင်းဖွဲ့စားသောက်ပြီး ဆူညံစွာအော်ဟစ်ကခုန်ခဲ့သူ ၅၄ ဦး ပါဝင်သည့်အဖွဲ့ကို မော်လမြိုင်မြို့နယ်တရားရုံးက ငွေဒဏ်ကျပ်တစ်သိန်းစီချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ဒေါ်မြသန်းအပါအဝင် ၅၄ ဦးအဖွဲ့သည် ‌ဇူလိုင်လ ၂၃ ရက်က မော်လမြိုင်-ရန်ကုန် DEMU အမြန်ရထားပေါ် စီးနင်း လိုက်ပါချိန် ရထားပေါ်တွင် ဆူညံစွာအော်ဟစ် ကခုန်ခြင်း၊ ဝိုင်းဖွဲ့စားသောက်ခြင်း စသည်တို့ကြောင့် ခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း အမှုဖွင့်တိုင်ကြားရာတွင် ဖော်ပြသည်။

ရထားတာဝန်ရှိသူတို့က သတိပေးတားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း ဆိုသည်။

ထို့ကြောင့် ဒေါ်မြသန်းနှင့်အဖွဲ့ကို အရေးယူပေးရန် မော်လမြိုင်ဘူတာကြီး ရုံပိုင်ကြီးက ဇူလိုင်လ ၂၆ ရက်တွင် မော်လမြိုင်မြို့မရဲစခန်း၌ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည်။

ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈ (က) အရ ပြစ်မှုထင်ရှားလျှင် သုံးလထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်။

အဆိုပါအမှုကို ဇူလိုင်လ ၂၇ ရက်တွင် မော်လမြိုင်မြို့နယ်တရားရုံးက ငွေဒဏ် ကျပ်တစ်သိန်းစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

“တစ်သိန်းစီ ဒဏ်ငွေဆောင်ခိုင်းတဲ့ကိစ္စကလည်း ဝေဖန်ခံနေရတယ်။ ဒီကိစ္စ လူပြောများနေလို့ အရေးယူပြီး ဒဏ်ငွေ ဆောင်ခိုင်း သလိုပါပဲ။ ဖြစ်သင့်တာက နောက်တစ်ခါ ဒီလိုမျိုး စည်းမဲ့ကမ်းမဲ့ မလုပ်နိုင်အောင် မှတ်သားလောက်တဲ့ ပြစ်ဒဏ်မျိုး ဖြစ်သင့်တယ်လေ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်ကမူ ရန်ကုန်-မန္တလေး အမြန်ရထားပေါ်တွင် စည်းကမ်းမဲ့စွာလုပ်ဆာင်ခဲ့သည့် အမျိုးသမီး လေးဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်ကာ ထောင်ဒဏ် နှစ်လစီ အမိန့်ချမှတ်ခဲ့သည်။

အလားတူ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ရန်ကုန် – မန္တလေး အမြန်ရထားပေါ်တွင် ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်စေသည့် အမျိုးသား သုံးဦးကိုလည်း ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့် အရေးယူထားသည်။