မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ “ထက်” စက်သုံးဆီအရောင်းဆိုင်ကို ပြည်နယ် စစ်အစိုးရအဖွဲ့က ပိတ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။
“ထက်” စက်သုံးဆီအရောင်းဆိုင်ကို ပြည်နယ် စစ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ် ပူးပေါင်းအဖွဲ့တို့က ဇူလိုင်လ တတိယအပတ်အတွင်းက ဆိုင်ပိတ်ကြောင်း စာလာကပ်သွားခြင်းဖြစ်သည်။
စက်သုံးဆီအရောင်းဆိုင်ကို ပိတ်လိုက်သည့်အပြင် အရောင်းဆိုင် တာဝန်ရှိသူကိုလည်း အရေးယူထားကြောင်း သိရသည်။
“ဆိုင်မှာ ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ဆိုင်ပိတ်ထားကြောင်းဆိုပြီးတော့ စာလာကပ်ထားပါတယ်။ သိရသလောက်က ဆိုင်ပိုင်ရှင်ကိုလည်း အရေးယူထားတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။
“ထက်” စက်သုံးဆီအရောင်းဆိုင်က လိုင်စင်မဲ့ယာဉ်များကို ဆီဖြည့်ပေးခြင်း၊ အထောက်အထားမပါဘဲ ပုံးများဖြင့် ရောင်းချနေသည်ဆိုပြီး စစ်အစိုးရက ဆိုင်ကို ပိတ်လိုက်ခြင်းဖြစ်သည်။
မွန်ပြည်နယ်တွင် ဇူလိုင်လ ဒုတိယအပတ်ခန့်ကစပြီး တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှု ပြန်လည်ကြုံတွေ့နေကြရသည်။
စက်သုံးဆီ ပြတ်လပ်ခြင်းကြောင့် အရောင်းဆိုင်များတွင် အကန့်အသတ်ဖြင့် ဆီပြန်လည် ရောင်းချနေပြီး ပြည်သူများ တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရသည်။
ပြီးခဲ့သည့် မတ်လအတွင်း စက်သုံးဆီပြဿနာ ကြုံတွေ့ခဲ့ရစဉ်ကလည်း မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင် လေးဆိုင်ကို ဆိုင်ပိတ်ထားခြင်း၊ QR Code/Scan မဖတ်ဘဲ ရောင်းချခြင်း၊ ဈေးတင်ရောင်းချခြင်း၊ တရားမဝင် ရောင်းချခြင်းတို့ လုပ်ဆောင်သည်ဆိုပြီး စစ်အစိုးရက ယာယီပိတ်သိမ်းခဲ့သည်။e







