(ထားဝယ်အမျိုးသားနိုင်ငံရေးကို ဆန်းစစ်ခြင်း)
“အမျိုးသားရေးသမားဆိုတာ ဒီလိုမျိုးလား၊ ဒီလိုပုံစံပါလား။ အနီးနားမှာတစ်ချိန်လုံးရှိနေပေမယ့် မင်းကိုအမျိုးသားရေးသမားတစ်ယောက်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူးကွာ” ဆိုပြီး မိတ်ဆွေတစ်ယောက်က ကျနော့်မျက်နှာကို စေ့စေ့ကြည့်ပြီး ခပ်ပြုံးပြုံးနဲ့ နောက်တောက်တောက် လုပ်ပါတယ်။
ကျနော့်မှာ ပြန်ပြုံးပြရုံကလွဲပြီး ဘာမှတော့ မတုံ့ပြန်ဖြစ်ခဲ့ပါဘူး။ ဒါက ပြောစရာ စကားလုံးပျောက်ဆုံးသွားလို့ မဟုတ်သလို မိတ်ဆွေဖြစ်သူရဲ့အမေးကို မဖြေတတ်တော့လို့လည်း မဟုတ်ပါဘူး။
ပြောစရာစကားလုံးတွေ ပြည့်သိပ်သွားတဲ့အခါ အပြင်ကိုထွက်မလာတော့ဘဲ ရင်ခေါင်းဝမှာပဲ တစ်ဆို့သွားတဲ့သဘောမျိုးပါ။ စကားလုံးတွေနဲ့ ထုတ်ပြောမယ့်အစား အတွေးတွေကသာ ဦးနှောက်နဲ့ရင်ဘတ်ထဲမှာ မွှေနှောက်သွားလို့ဖြစ်ပါတယ်။
အခုလည်း ဒီလိုသဘောမျိုးပဲဖြစ်ပါတယ်။
အမျိုးသားရေးအစ ဘယ်ဆီက
ရဲဘော်ကြီးဈာန်ဟိန်းကတော့ အခုတလော သူ့စကားတွေကို ခဏခဏ အကိုးအကားပြု(Quote) ပြုခံနေရလို့ အနေရခက်နေသလိုပုံစံနဲ့ ပြောဖူးပါတယ်။ အခုလည်း အားနာနာနဲ့ပဲ သူ့နဲ့ကျနော် ထိုင်းနယ်စပ်တစ်နေရာမှာဆုံတုန်းက ပြောခဲ့ဖူးတာလေးတစ်ခုကို ကိုးကားကြည့်ချင် ပါသေးတယ်။
သူကဘာပြောသလဲဆိုတော့ “လူတိုင်းမှာ အမျိုးသားရေးဓာတ်အခံဟာ ရှိကြပြီးသားပဲ။ ကိုယ့်ဆီမှာရှိတဲ့ အမျိုးသားရေးစိတ်က ဗမာလား၊ ထားဝယ်လား၊ ဒါမှမဟုတ် အခြားတစ်ခုခုလား ဘယ်ဘက်ကို ယိမ်းတာလဲ ဆိုတာပဲရှိတာ။ အမျိုးသားရေးခံယူချက် မရှိဘူးလို့ပြောတဲ့သူက အရူးပဲ”တဲ့။
ရဲဘော်ရဲ့ပြောစကားအပေါ်မှာ တွေးစရာ၊ ပြောစရာ၊ ဆွေးနွေးစရာတွေကတော့ များပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျနော်ပြောချင်တဲ့ ယူဆချက်ကလည်း လူတိုင်းမှာ အမျိုးသားရေးဓာတ်အခံဟာ ရှိပြီးသားဖြစ်တယ်ဆိုတာကို အလေးပေးပြီးပြောလိုတာ ဖြစ်ပါတယ်။ ဒီလိုပဲ ကျနော့်မှာလည်း ဟိုအရင် အာဏာမသိမ်းခင် ကာလတွေကတည်းက ထားဝယ်အမျိုးသားနိုင်ငံရေးဓာတ်အခံဟာ ရှိပြီးသားဖြစ်ပါတယ်။
ပြာဖုံးနေတဲ့ မီးခဲ
အာဏာမသိမ်းခင်ကတည်းက ထားဝယ်အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုတွေဟာ လူထုကြားထဲမှာ ရှိနှင့်နေပြီးသားဖြစ်ပါတယ်။ ဒီနေရာမှာ ထားဝယ်အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုဆိုတာကို ထားဝယ်တိုင်းရင်းသားများပါတီ (DNP) နဲ့ ၂၀၁၇ ခုနှစ်က ကျင်းပပြုလုပ်တဲ့ ထားဝယ်အမျိုးသားညီလာခံတွေကိုသာ ဆိုလိုတယ်လို့တော့ အထင်မှတ်မလွဲစေချင်ပါဘူး။
အမျိုးသားတစ်ရပ်ရဲ့ အမျိုးသားနိုင်ငံရေးဆိုတာ အဲဒီအမျိုးသားတွေရဲ့ သမိုင်း၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာ အစသဖြင့် ဒီလူတွေရဲ့ ဘဝရှင်သန်ရပ်တည်မှုပုံစံတွေ၊ တွေးခေါ်စဉ်းစားမှုပုံစံတွေ အားလုံးနဲ့ဆက်နွယ်နေတဲ့ အရာဖြစ်ပါတယ်။ ထားဝယ်တွေအတွက် အဲဒီဓာတ်အခံဟာ ရှေးပဝေသဏီကတည်းက ရှိနှင့်နေပြီးသားဖြစ်ပါတယ်။
ဒါပေမယ့် အချို့တိုင်းရင်းသားလူမျိုးတွေမှာ ရှိခဲ့သလိုမျိုး ထားဝယ်တွေအတွက် အခိုင်အမာရပ်တည်ပေးနိုင်တဲ့ တော်လှန်ရေးဆန်တဲ့ နိုင်ငံရေးအင်စတီကျူးရှင်းတွေက ဒီနေ့ဒီချိန်အထိ ထားဝယ်လူထုကြားမှာ အလုံအလောက် မပေါ်ပေါက်ခဲ့ဖူးသေးပါဘူး။
ဒါကြောင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ ထားဝယ်အမျိုးသားနိုင်ငံရေးဟာ အချိန်ကာလတစ်ခုအထိ မှေးမှိန်သွားခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့အားလုံးရဲ့ အာရုံက အာဏာရှင်စနစ်ကို အမြန်ဆုံးချုပ်ငြိမ်းဖို့ဆိုတဲ့ ရည်မှန်းချက်ပေါ်မှာ စုစည်းသွားခဲ့ပါတယ်။ ဒါက “သစ်မရှိခင်စပ်ကြား ဝါးပေါင်းကွပ်” လိုက်တဲ့ သဘောဖြစ်ပါတယ်။
ဒါပေမယ့် ဝါးနဲ့ကွပ်ထားရတဲ့အိမ်ဟာ အမြဲတော့ မခိုင်မာနိုင်ပါဘူး။ တစ်ချိန်ချိန်မှာတော့ သစ်နဲ့ပိုမိုခိုင်မာလာအောင် ကိုယ့်အိမ်ကိုယ် ပြန်တည်ဆောက်ဖို့ လိုအပ်လာတာ ဓမ္မတာဖြစ်ပါတယ်။
ထားဝယ်တွေရဲ့ ငါးနှစ်ငါးမိုးအလွန်
အာဏာသိမ်းပြီးငါးနှစ်ငါးမိုးလွန်လို့ ခြောက်နှစ်နီးပါးကြာလာတဲ့အခါ ထားဝယ်လူထုရဲ့ရင်ထဲမှာ မေးခွန်းတွေဟာ အများကြီးရှိလာပါတယ်။ အဲဒီအထဲက မေးခွန်းတစ်ခုကတော့ လည်ချောင်းမှာ ပင့်ကူအိမ်လာဖွဲ့နေသလိုနဲ့ ထားဝယ်ပြည်သူတွေအားလုံးရင်ထဲမှာ အကြီးမားဆုံးရှိနေမှာပါ။
ဒါကတော့ “မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကိုဖြုတ်ချပြီးရင် ဘယ်လိုဖြစ်မှာလဲ၊ ဒီစစ်တပ် ပြုတ်ကျသွားရုံနဲ့ ပြဿနာအားလုံး ပြေလည်သွားမှာလား” ဆိုတာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းဟာ ရိုးရှင်းသလိုထင်ရပေမယ့် မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ အကြိမ်ကြိမ် မဖြေရှင်းနိုင်ခဲ့တဲ့ မေးခွန်းကြီးတစ်ခုလည်းဖြစ်ပါတယ်။
ခေတ်အဆက်ဆက် အာဏာရှင်စနစ်တွေကို အကြိမ်ကြိမ်ဖြုတ်ချခဲ့ပေမယ့် အမျိုးသားရေးနဲ့ ဖက်ဒရယ်စနစ်အကြပ်အတည်းကို မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေးသမိုင်းက မဝေးသေးတဲ့ ကျွန်တော်တို့အရှေ့မှာတင် အနီးကပ်ရှိနေပါတယ်။
ဒါဆိုရင် အာဏာသိမ်းပြီး ခြောက်နှစ်နီးပါး ကြာမြင့်လာတဲ့အခါကျမှ ထားဝယ်တွေအတွက် အမျိုးသားနိုင်ငံရေးလမ်းစဉ်က ကိုင်စွဲရမယ့် နိုင်ငံရေးအတွေးအခေါ်တစ်ခုအဖြစ်နဲ့ ဘာဖြစ်လို့ နိုးထလာရတာလဲ။
ဒီမေးခွန်းအတွက် အဖြေဟာ ရှင်းပါတယ်။ အာဏာသိမ်းပြီး ခြောက်နှစ်နီးပါး ကြာမြင့်လာပြီးတဲ့အချိန်မှာ အာဏာရှင်စနစ်အပြင် မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ ဘယ်တုန်းကမှ မဖြေရှင်းနိုင်ခဲ့ကြတဲ့ “အမျိုးသားရေးနဲ့ ဖက်ဒရယ်စနစ်အကြပ်အတည်း” ကို ထားဝယ်လူထုကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခံစားလာကြရလို့ ဖြစ်ပါတယ်။ အဲဒီကနေ ထားဝယ်အမျိုးသားနိုင်ငံရေးဟာ ပြန်ပြီး အသက်ဝင်နိုးထလာခဲ့ရတာ ဖြစ်ပါတယ်။
အမျိုးသားနိုင်ငံရေးနဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး
ဒီလိုပြောလို့ “အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဆိုတဲ့ ရည်မှန်းချက်က ပျောက်ဆုံးသွားပြီလား” လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ တကယ်တော့ အဲဒီနှစ်ခုဟာ ဆန့်ကျင်ဘက်တွေ မဟုတ်ပါဘူး။ ထားဝယ်အမျိုးသားနိုင်ငံရေးဟာ အာဏာရှင်စနစ်ရဲ့ အရိပ်အောက်ကနေ လွတ်မြောက်ဖို့ ရှာဖွေတဲ့ ထွက်ရပ်လမ်းတစ်ခု ဖြစ်သလို၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆိုတာဟာလည်း ထားဝယ်အမျိုးသားနိုင်ငံရေးရဲ့ အသက်ရှူသံပဲ ဖြစ်ပါတယ်။
ထားဝယ်တွေအတွက်တော့ တစ်ခုကိုဖယ်ထားပြီး နောက်တစ်ခုကို အနှစ်သာရပြည့်ဝအောင် အဓိပ္ပာယ်ဖွင့်ဆိုလို့ မရနိုင်ပါဘူး။ ထားဝယ်အမျိုးသားနိုင်ငံရေးဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ရည်မှန်းတဲ့ နိုင်ငံရေးဖြစ်သလို၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဟာလည်း ထားဝယ်အမျိုးသားနိုင်ငံရေးရဲ့ အနှစ်သာရတစ်ရပ် ဖြစ်ပါတယ်။
ဒါကြောင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုတာ မတူညီတဲ့ လမ်းနှစ်သွယ် မဟုတ်ပါဘူး။ ထားဝယ်ဟာ လူသားတစ်ယောက်ဖြစ်တယ်ဆိုရင် ထားဝယ်တွေသွားလိုတဲ့ ခရီးကိုလျှောက်လှမ်းတဲ့လမ်းပေါ်မှာ ဘယ်ဘက်ခြေတောက်ဟာ အမျိုးသားနိုင်ငံရေးဖြစ်ပြီး ညာဘက်ခြေတောက်ဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးပဲ ဖြစ်ပါတယ်။ ဒီခြေနှစ်ချောင်းကို ဟန်ချက်ညီညီ လျှောက်လှမ်းနိုင်ပါမှ ထားဝယ်တွေဟာ လိုရာခရီးကိုရောက်နိုင်ရမှာ ဖြစ်ပါတယ်။
ဒုက္ခတောထဲက ပေါက်ဖွားလာတဲ့ အတွေးအခေါ်
နွေဦးတော်လှန်ရေးအတွင်းမှာ ထားဝယ်အမျိုးသားနိုင်ငံရေးအတွေးအခေါ် ပိုမိုအားကောင်းလာတာဟာ အဆင်ပြေချောမွေ့တဲ့ နိုင်ငံရေးဖြတ်သန်းမှုတစ်ခုတော့ မဟုတ်ပါဘူး။ လူထုရဲ့ဒုက္ခသုက္ခ ဝေဒနာတွေကြားထဲက ပေါက်ဖွားလာတာဖြစ်ပါတယ်။
ဖိနှိပ်ခံရတဲ့ ပြည်သူတွေ၊ ကြပ်တည်းလာတဲ့ လူမှုစီးပွားရေးဘဝတွေ၊ ပျက်စီးလာတဲ့ တောတောင်ရေမြေ၊ အိုးအိမ်ရပ်ရွာတွေနဲ့ လက်လွှတ်ဆုံးရှုံးနေရတဲ့ သယံဇာတတွေကို ဒီလိုပဲလိုက်ပိုက်ကြည့်နေရတော့မှာလား။ ဘာမှမတတ်နိုင်ကြတော့ဘူးလားဆိုပြီး ပြည်သူတွေမှာ ခံစားပေါက်ကွဲထွက်လာကြပါတော့တယ်။
အဲဒီမေးခွန်းရဲ့အဖြေကို ရှာရင်းနဲ့ပဲ ထားဝယ်လူထုဟာ ကိုယ့်အနာဂတ်အတွက် ကိုယ်တိုင်စဉ်းစားလာကြပါတယ်။ အဲဒီအခါမှာ နဂိုကတည်းကရှိနေခဲ့တဲ့ အမျိုးသားရေးဓာတ်အခံဟာ မီးစာရလာပါတယ်။ ပြာဖုံးနေခဲ့တဲ့ ထားဝယ်အမျိုးသားနိုင်ငံရေးမီးခဲဟာ မီးစာရလာတဲ့အခါ ပြန်ပြီးတောက်လျှမ်းလာပါတော့တယ်။
ဘယ်သူက ဖန်တီးခဲ့တာလဲ
ဒါကြောင့် ထားဝယ်အမျိုးသားနိုင်ငံရေးဆိုတာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ စားပွဲပေါ်မှာ အခန့်သားထိုင်ပြီး ပုံဆွဲဖန်တီးထားတဲ့ နိုင်ငံရေးအယူအဆ မဟုတ်သလို လက်နက်နဲ့ခြိမ်းခြောက်လို့ ထွက်ပေါ်လာတာလည်း မဟုတ်ပါဘူး။ ပြီးတော့ ဘယ်အဖွဲ့အစည်းတစ်ခုရဲ့ ကြိုးကိုင်ချယ်လှယ်မှုကြောင့်မှ ပေါ်ထွက်လာတာလည်း မဟုတ်ပါဘူး။
ထားဝယ်အမျိုးသားနိုင်ငံရေးဟာ
လူထုရဲ့ဘဝထဲမှာ ပဋိသန္ဓေတည်ခဲ့တာ။
လူထုရဲ့ရင်ထဲမှာ အမြစ်တွယ်ခဲ့တာ။
လူထုရဲ့ နာကျင်မှုတွေကနေပြီး ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီအတွက် ထားဝယ်အမျိုးသားနိုင်ငံရေးဟာ လူတစ်ဦးရဲ့ ပိုင်ဆိုင်မှုလည်း မဟုတ်သလို အဖွဲ့အစည်းတစ်ခုက မူပိုင်ခွင့်ရရှိထားတာလည်း မဟုတ်ပါဘူး။ ဒါဟာ ထားဝယ်လူထုရဲ့ နိုင်ငံရေးအသိနဲ့ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပုံဖော်လိုတဲ့ လူထုရဲ့ရင်ထဲကပေါက်ဖွားလာတဲ့ နိုင်ငံရေးအယူဆန္ဒတစ်ခုသာ ဖြစ်ပါတယ်။
အကြောင်းရှိလို့ အကျိုးဖြစ်တာ
ပြင်သစ် စာရေးဆရာ ဗစ်တာဟျူဂိုး (Victor Hugo) က “Nothing is more powerful than an idea whose time has come” လို့ ပြောခဲ့ဖူးပါတယ်။ “အချိန်တန်လို့ထွက်ပေါ်လာတဲ့အတွေးအခေါ်ကို ဘယ်လိုအင်အားမျိုးကမှ မတားဆီးနိုင်ပါဘူး” ဆိုတဲ့သဘောပါ။
တကယ်တော့ အတွေးအခေါ်တစ်ခုဟာ လူတစ်ယောက်က ဖန်တီးလိုက်ရုံနဲ့ လူထုရဲ့ နိုင်ငံရေးအင်အားတစ်ခု ဖြစ်မလာပါဘူး။ လူထုရဲ့ဘဝက အဲဒီအတွေးအခေါ်ကို လိုအပ်လာတဲ့အခါမှသာ အဲဒီအတွေးအခေါ်ဟာ လူထုအတွက် အင်အားဖြစ်လာတာပါ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စတဲ့နိုင်ငံရေးအတွေးအခေါ်တွေအားလုံးဟာလည်း ဒီလိုပုံစံမျိုးနဲ့ လူထုကြားထဲက ပေါက်ဖွားလာခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့ ထားဝယ်အမျိုးသားနိုင်ငံရေးအတွက် ဒီလိုအချိန်ကာလကို ရောက်လာပြီလို့ ကျနော်ကတော့ ယုံကြည်ယူဆမိပါတယ်။ အဲဒီအတွက်ကြောင့်လည်းပဲ ထားဝယ်တွေဟာအရင်က မမြင်ခဲ့မိတဲ့ အရာတွေကို မြင်လာကြတယ်။ အရင်က မမေးခဲ့ဖူးတဲ့မေးခွန်းတွေကို မေးလာကြတယ်။ အရင်က ပြာဖုံးနေခဲ့တဲ့ မီးခဲကိုလည်း ပြန်ပြီး မီးစာထိုးလာကြပါတယ်။
အဲဒီမီးဟာ တစ်စုံတစ်ယောက်က ထွန်းညှိပေးလိုက်တဲ့ မီးမဟုတ်ပါဘူး။ အချိန်က ထွန်းညှိပေးလိုက်လို့ တောက်လျှမ်းလာတဲ့ မီးလျှံသာဖြစ်ပါတယ်။
အဲဒီမီးလျှံရဲ့အလင်းကြောင့် ကျနော်မြင်လာရတဲ့ ရှင်းလင်းပြတ်သားတဲ့ အမြင်တစ်ခုကတော့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ထားဝယ်အမျိုးသားနိုင်ငံရေးဆိုတာဟာ တစ်ခုမဟုတ်တစ်ခုကို ရွေးချယ်ရမယ့် နိုင်ငံရေးလမ်းနှစ်သွယ် မဟုတ်ဘူးဆိုတာပါ။ တစ်ခုဟာ လွတ်မြောက်ရေးရဲ့ တံခါးဖြစ်ပြီး နောက်တစ်ခုကတော့ အဲဒီတံခါးကို ဖွင့်မယ့်လက်ဖြစ်ပါတယ်။
ဒါကြောင့် အမျိုးသားရေးဆိုတာ ဒီလိုပုံစံလားလို့မေးလာရင် ကျနော်ကလည်း အရင်လိုပြုံးပြမိဦးမှာပါပဲ။ အမျိုးသားရေးဆိုတာ ကိုယ့်ပြည်သူလူထုကို ချစ်တာ၊ ကိုယ့်ဒေသကို ခင်တွယ်တာတစ်ခုတည်းတင် မဟုတ်ပါဘူး။ ကိုယ့်ပြည်သူတွေဟာ အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မလဲဆိုတာကို ကိုယ်တိုင်စဉ်းစားပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကိုယ်နိုင်ရာ အခန်းကဏ္ဍက ပခုံးထမ်းတာဝန်ယူဖို့ ကြိုးစားတာကလည်း အမျိုးသားရေးဖြစ်တယ်လို့ပဲ အဖြေပြန်ကြားလိုပါတယ်။
အချိန်တန်လို့ထွက်ပေါ်လာတဲ့အတွေးအခေါ်ကို ဘယ်လိုအင်အားမျိုးကမှ မတားဆီးနိုင်ပါဘူး။
ယောနသံ
၃၀ ဩဂုတ်၊ ၂၀၂၆







