စစ်ပွဲတွေ၊ တော်လှန်ရေးတွေ၊ အာဏာသိမ်းမှုတွေဆိုတာ လူ့သမိုင်းမှာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာ လူ့အဖွဲ့အစည်းတွေဟာ မေးခွန်းတစ်ခုတည်းကိုပဲ ပြန်လည်ရင်ဆိုင်လာကြရပါတယ်။ ဒါကတော့ “ငါတို့ ဘယ်လိုဆက်လက်ရှင်သန်ကြမလဲ” ဆိုတဲ့ မေးခွန်းပါပဲ။
အစိုးရတွေပြိုလဲနိုင်ပါတယ်။အာဏာရှင်တွေ ကျဆုံးနိုင်ပါတယ်။တော်လှန်ရေးတွေ အောင်မြင်နိုင်သလို ကျရှုံးသွားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေ၊ ခေတ်ကာလမှာဖြစ်စေ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အသက်သွေးကြောတွေဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေကိုတော့ ရေရှည်လုံးဝရပ်တန့်ထားလို့ မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူ့အဖွဲ့အစည်းဆိုတာ နိုင်ငံရေးသဘောတရားတစ်ခုတည်းနဲ့ ရှင်သန်နေတာမဟုတ်ဘဲ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်လက်အသက်ရှင်နိုင်ဖို့ ကြိုးစားနေတဲ့ သက်ရှိတွေရဲ့စုပေါင်းရှင်သန်လိုမှုဗီဇ (Collective Survival Instinct)တစ်ခုလည်း ဖြစ်နေလို့ဖြစ်ပါတယ်။
ဒီလိုနဲ့ “ကျောင်းတွေကိုတော့ ရေရှည်ပိတ်ထားလို့မရဘူး တနည်းနည်းနဲ့တော့ ပြန်လည်ပတ်နိုင်အောင်လုပ်ကြမှပဲ အဆင်ပြေမှာ”လို့ ကိုဗစ်ကာလ အချိန်တွေကြာလာတော့ ကျနော်သူငယ်ချင်းတွေကို ပြောဖြစ်ခဲ့ဖူးပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းတော့လည်း ရဲဘော်တွေကို ဒီသဘောတရားကိုပဲထပ်လောင်းပြောဖြစ် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ပညာရေး၊ ကျန်းမာရေးတို့ဆိုတာ ရေရှည်ဘယ်လိုမှရပ်နားထားလို့မရနိုင်ဘူး ဆိုတာပဲဖြစ်ပါတယ်။
ပညာရေးနဲ့ ကျန်းမာရေးတို့ဆိုတဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းတွေကို အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ ပိတ်ပင်တားဆီးတာ၊ နှောင့်ယှက်ကန့်သတ်တာတွေဟာ ဘယ်သူတွေက ဘယ်လိုအချိန်မှာ လုပ်သည်ဖြစ်စေ ဒီလုပ်ရပ်ကိုလုပ်တဲ့သူအနေနဲ့ ဒါဟာလူသားမျိုးနွယ်အပေါ်ကျူးလွန်လိုက်တဲ့ ရာဇဝတ်မှုတစ်ခုအသွင် သက်ရောက်မှုရှိပါတယ်။
ဒါဆိုရင် “ကျောင်းမတက်နဲ့ကျောင်းထွက်” ဆိုပြီး ဘာလို့လုပ်ခဲ့ကြသေးသလဲဆိုပြီး မေးခွန်းထုတ်ကောင်း ထုတ်နိုင်ပါတယ်။ ဒီမေးခွန်းကိုဖြေရရင် ဒါဟာစစ်အာဏာသိမ်းမှုကို မဟာဗျူဟာသဘောအရ ဆန့်ကျင်တုံ့ပြန်တဲ့ နိုင်ငံရေးအတွေးအခေါ်တစ်ရပ်ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း CDM လုပ်ခဲ့သလို အခြားသူတွေကိုလည်း တိုက်တွန်းခဲ့ပါတယ်။ ကြွေးကြော်ခဲ့ပါတယ်။ ဘယ်လိုအတွေးအခေါ်အပေါ်မှာအခြေခံပြီး ဒီလိုတိုက်တွန်းမှုတွေဖြစ်တည်လာတာလဲဆိုတာကို ပြန်သုံးသပ်ကြည့်ရင် စစ်အာဏာသိမ်းမှုကြီး ကျရှုံးသွားအောင် ကဏ္ဍပေါင်းစုံကနေပြီး ဆန့်ကျင်ရမယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ဘာသာရေး၊ လူမှုစီးပွားရေး စတဲ့ကဏ္ဍပေါင်းစုံကနေပြီးတော့ ဆန့်ကျင်မယ်၊ ပူးပေါင်းပါဝင်ခြင်းမလုပ်ဘဲနေမယ်၊ ဖိအားပေးမယ်ဆိုရင် စစ်ကောင်စီဟာ အစိုးရယန္တရားကိုဆက်လက်မလည်ပတ်နိုင်တော့ဘဲနဲ့ ပြိုလဲသွားလိမ့်မယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ စစ်အုပ်စုကို တရားဝင်မှု (Legitimacy) မပေးဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။
“ကျောင်းမတက်နဲ့ ကျောင်းထွက်” ဆိုတဲ့လှုပ်ရှားမှုဟာ အချိန်ကာလတစ်ခုတုန်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တုံ့ပြန်ခဲ့တဲ့ လူထုရဲ့နိုင်ငံရေးလှုပ်ရှားမှုပုံစံတစ်ရပ်ဖြစ်ပါတယ်။ အဲဒီအချိန်အခါမှာတော့ ဒီလှုပ်ရှားမှုဟာ စစ်အုပ်စုရဲ့အုပ်ချုပ်ရေးယန္တရားကို ရပ်တန့်စေဖို့အတွက် အရှိုက်ကိုထိုးနှက်နိုင်ခဲ့တဲ့ အရေးပါတဲ့ နိုင်ငံရေးဖိအားတစ်ခုအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။
ဒီအယူအဆဟာ အချိန်ကာလာတစ်ခုအထိတော့ အလုံးအစုံမှန်ကန်တယ်လို့ ဆိုနိုင်စရာရှိပေမယ့် အမြဲတမ်းမှန်ကန်နေလိမ့်မယ်ဆိုတဲ့ သဘောတော့မရှိပါဘူး။
နိုင်ငံရေးမဟာဗျူဟာတွေဆိုတာ အချိန်အခါ၊ အခြေအနေနဲ့ လူထုရဲ့ အသက်ရှင်ရပ်တည်မှု လိုအပ်ချက်တွေနဲ့အတူ ပြန်လည်သုံးသပ်ရတာတွေရှိလာပါတယ်။ အထူးသဖြင့် ပညာရေးနဲ့ ကျန်းမာရေးတို့လို လူ့အဖွဲ့အစည်းရဲ့ အခြေခံအသက်ရှင်သန်မှုအတွက် မဖြစ်မနေလိုအပ်တဲ့စနစ်တွေကို ရေရှည်လုံးဝရပ်တန့်ထားဖို့ဆိုတာ မဖြစ်နိုင်သလို ဖြစ်လည်းမဖြစ်သင့်ပါဘူး။ အနည်းဆုံးတော့ အခြေခံပညာလောက်ကို ကျနော်တို့ ရာနှုန်းပြည့်လွတ်လပ်ခွင့်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။
ဒါဟာ စစ်အုပ်စုကို အလျှော့ပေးလိုက်တာမဟုတ်ဘဲ၊ တရားဝင်မှုပေးလိုက်တာမဟုတ်ဘဲ တော်လှန်ရေးကာလရဲ့ ရေရှည်ကြပ်တည်းလာတဲ့ကာလတွေမှာ အသက်ရှင်သန်နိုင်ဖို့ လိုအပ်လာတဲ့ လူမှုစနစ်တည်ဆောက်ရေး ရှင်သန်ရပ်တည်ရေးကို ရှာဖွေလာတာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာဖြစ်ပျက်ခဲ့ကြတဲ့၊ ဖြစ်ပျက်နေကြဆဲရှိတဲ့ ဘယ်တော်လှန်ရေးကိုမဆို သေချာပြန်လည်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် တော်လှန်ရေးတစ်ခုရဲ့ ကနဦးအဆင့်မှာ “ဖြိုချဖျက်ဆီးခြင်းနဲ့ ငြင်းဆန်ခြင်း” ဟာ အထိရောက်ဆုံး လက်နက်ဖြစ်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးသက်တမ်း ရှည်ကြာလာတာနဲ့အမျှ ကျနော်တို့ရဲ့ တွေးခေါ်ပုံရှုထောင့်ကို ပြောင်းလဲဖို့ လိုအပ်လာပါတယ်။ ကျနော်တို့ဟာ “ဖြိုချသူ” အဆင့်ကနေပြီး ပိုမိုကောင်းမွန်တဲ့ စနစ်ကို ဖန်တီးပြမယ့် “တည်ဆောက်သူ” အဆင့်ကို ကူးပြောင်းကြရတော့မှာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာလည်း ဒီအချက်ကို နားလည်လာပုံရပါတယ်။ ကျနော်သတိထားမိသလောက် စစ်အုပ်စုအနေနဲ့ ၂၀၂၄-၂၅ ကာလတွေကတည်းကစပြီး ဒီသဘောတရားအတွေးအခေါ်ကို အသုံးချပြီး ပါးပါးနပ်နပ်နဲ့ သဘောတရားရေးရာအရ တန်ပြန်ထိုးစစ်ဆင်လာတာကိုတွေ့ရပါတယ်။ စစ်အုပ်စုဟာ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ လူငယ်ရေးရာ၊ ဘာသာရေး၊ အနုပညာ စတဲ့စတဲ့ ရသမျှကဏ္ဍတွေကနေပြီးတဆင့် တိုးတိုးတဖုံ ကျယ်ကျယ်တစ်မျိုး၊ ပါးပါးတစ်လွှာ ထူထူတစ်ထည်နဲ့ နိုင်ငံရေးအရ ပါဝင်အမြတ်ထုတ်ဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ ဒါကိုလိုရင်းတိုရှင်းနဲ့ နားလည်လွယ်အောင်နာမည်တပ်ရရင် စစ်အုပ်စုဟာ “စနစ်ကို စနစ်နဲ့တိုက်” ဆိုတဲ့ပုံစံကို နားလည်လက်ခံပြီး လက်တွေ့ကျကျအသုံးချနေတာဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။
ဒါကြောင့် ကျနော့်အနေနဲ့ ရဲဘော်ရဲဘက်တွေကိုရော၊ မိဘပြည်သူတွေကိုပါ အကြံပြုတိုက်တွန်းလိုတာ ရှိပါတယ်။ ကျနော်တို့ဟာ စနစ်တစ်ခုကိုအဆုံးသတ်ပစ်ချင်တယ်ဆိုရင် စနစ်ကိုစနစ်နဲ့ တိုက်မှသာလျှင် အလုပ်ဖြစ်ပါလိမ့်မယ်။ ရန်သူစစ်အုပ်စုရဲ့ ယန္တရားကို ကန့်ကွက်မယ်၊ လက်မခံဘူး၊ ဖျက်ဆီးပစ်မယ်ဆိုတဲ့ သဘောတင်မဟုတ်ဘဲ ဒီနေရာတွေမှာ စနစ်အသစ်တစ်ခုနဲ့ အစားထိုးတည်ဆောက်နိုင်ဖို့လည်း လိုအပ်ပါတယ်။
အာဏာရှင်စနစ်တစ်ခုကို အမှန်တကယ်အနိုင်ယူနိုင်တယ်ဆိုတာ သူတို့ရဲ့အဆောက်အအုံတွေကို ဖြိုချနိုင်လို့မဟုတ်ဘဲ၊ သူတို့ထက် ပိုကောင်းတဲ့စနစ်တစ်ခုကို လူထုရှေ့မှာ တည်ဆောက်ပြနိုင်တဲ့အခါမှသာ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ပညာရေး၊ ပိုမိုယုံကြည်ရတဲ့ကျန်းမာရေး၊ ပိုမိုမျှတတဲ့အုပ်ချုပ်ရေးနဲ့ လူထုဘဝကို ပိုမိုလုံခြုံစေနိုင်တဲ့ ဖွဲ့စည်းပုံတွေကိုတည်ဆောက်နိုင်မှသာ လူထုဟာ ကြောက်ရွံ့မှုနဲ့အသားကျနေတဲ့ စနစ်ဟောင်းထဲကနေပြီး ထွက်လာရဲကြမှာဖြစ်ပါတယ်။
တစ်ခါတလေ ကျနော်တို့ဟာ တရားတဲ့သူသာနိုင်လိမ့်မယ်၊ ဓမ္မဘက်ကသာ နိုင်လိမ့်မယ်လို့ ထင်ယောင်ထင်မှား ဖြစ်တတ်ကြပါတယ်။ ဒီယုံကြည်ချက်ဟာ လူသားဆန်တဲ့ မျှော်လင့်ချက်တစ်ခုဖြစ်ပေမယ့် သမိုင်းကိုပြန်ကြည့်လိုက်ရင် အောင်ပွဲဆိုတာ သဘောတရားမှန်ကန်မှု တစ်ခုတည်းနဲ့ မလုံလောက်ခဲ့တာကို တွေ့ကြရပါလိမ့်မယ်။
တော်လှန်ရေးကိုရေရှည်ဆင်နွှဲလာရတဲ့အခါ ခါးသီးစွာနဲ့ပဲ လက်ခံရမှာသည် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ စနစ်ရှိပြီး ဒီစနစ်ကိုကောင်းကောင်းလည်ပတ်နေနိုင်အောင် စီမံထားနိုင်တဲ့ သူကသာလျှင် အောင်ပွဲခံမှာဖြစ်တယ်။ သက်လုံကောင်းကောင်းနဲ့ ရေရှည်တောင့်ခံနိုင်လိမ့်မယ် ဆိုတာပဲဖြစ်ပါတယ်။
ရေရှည်မှာတော့ ကိုယ်ယုံကြည်တဲ့ တန်ဖိုးတွေကို စနစ်တကျတည်ဆောက်နိုင်တဲ့သူ၊ လူ့အဖွဲ့အစည်းကို ပိုမိုကောင်းမွန်တဲ့ ဖွဲ့စည်းပုံတစ်ခုနဲ့ စုစည်းနိုင်တဲ့သူ၊ အခက်အခဲတွေကြားမှာတောင် ကိုယ့်စနစ်ကို မပြိုကွဲအောင်ထိန်းထားနိုင်တဲ့သူကသာ သက်လုံကောင်းကောင်းနဲ့ ရှေ့ဆက်နိုင်တာ ဖြစ်ပါတယ်။
နိုင်ငံရေးသုခမိန်ကြီး ဒေါက်တာမောင်မောင်ကြီးရဲ့အတွေးအခေါ်ကို ကိုးကားပြီး ထပ်လောင်းဖြည့်ဆွက် တင်ပြရမယ်ဆိုရင် “စစ်အာဏာသိမ်းမှုတွေအောင်မြင်တာဟာ ဒီလိုအောင်မြင်ဖို့အတွက် အထောက်အပံ့ဖြစ်နေတဲ့ ရေခံမြေခံတွေရှိနေလို့ဖြစ်ပြီး၊ အာဏာရှင်စနစ်ကို ဒီနေ့အထိ အဆုံးမသတ်နိုင်သေးတာကတော့ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့စနစ်တွေဟာ အာဏာရှင်စနစ်ကို ဖြိုချနိုင်လောက်တဲ့အထိ ခိုင်မာအားမကောင်းသေးလို့ဖြစ်ပါတယ်။”
ဒါကြောင့် ကျနော်တို့အနေနဲ့ စစ်အုပ်စုရဲ့ပညာရေးစနစ်ကို ကျရှုံးစေချင်တယ်ဆိုရင် ကျနော်တို့တော်လှန်ရေးရဲ့ ပညာရေးစနစ်ကို သူတို့ထက်ပိုမိုသာလွန်ကောင်းမွန်အောင် တည်ဆောက်ဖို့သာလျှင် တစ်ခုတည်းသောအဖြေဖြစ်ပါတယ်။
ဒါပေမယ့် တော်လှန်ရေးဒေသတွေမှာကတော့ လုံခြုံရေး၊ လူစွမ်းအားအရင်းအမြစ်မလုံလောက်မှု၊ နည်းပညာအကန့်အသတ်နဲ့ ဘဏ္ဍာရေးလိုအပ်ချက်တို့လို အခက်အခဲနဲ့ စိန်ခေါ်ချက်တွေအများကြီး ရှိနေတာဟာလည်း တော်လှန်ရေးရဲ့ပေးထားချက်တစ်ခုဖြစ်ပါတယ်။
ဒီလိုအခက်အခဲတွေရှိနေလို့ ဘာမှတော့ဆက်လုပ်လို့အဆင်မပြေဘူး၊ မဖြစ်နိုင်ဘူးဆိုပြီး ဘာမှမလုပ်ဘဲ နေလိုက်လို့တော့မရပါဘူး။ ပေးထားချက်ကိုလက်ခံ၊ အရှိတရားကိုနားလည်ပြီး ဖောက်ထွက်နိုင်အောင် ရုန်းကန်ဖို့သာ တစ်ခုတည်းသော လွတ်မြောက်ရာလမ်းဖြစ်ပါတယ်။
ဒီနေ့အချိန်အခါမှာ ကျနော်တို့ဟာ တော်လှန်ရေးအပေါ်ကို စိတ်ရှည်ရှည်နဲ့ တစ်ဆင့်ချင်းတက်လှမ်းနိုင်အောင်၊ တည်ဆောက်နိုင်အောင် အောင့်အီးသည်းခံပြီး ပြင်ဆင်စရာရှိတာကိုပြင်ဆင်၊ လုပ်စရာရှိတာကို နိုင်ငံရေးတော်လှန်ရေးအရ ရင့်ရင့်ကျက်ကျက်နဲ့ ဆက်လုပ်သွားကြဖို့ အချိန်အခါဖြစ်ပါတယ်။
တော်လှန်ရေးရဲ့ သဘာဝကိုက အနာဂတ်မနက်ဖြန်တွေကို တစ်လှမ်းချင်း တည်ဆောက်ယူရတဲ့ ရေဆန်ခရီးဖြစ်ပါတယ်။ အဆုံးမှာတော့ စနစ်တစ်ခုကို အနိုင်ယူတယ်ဆိုတာ စစ်ရေးအရ အသာစီးရယူနိုင်တာမျိုးသာလျှင် မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းကို ဘယ်သူကပိုပြီး တည်ဆောက်နိုင်သလဲဆိုတာကသာ သမိုင်းရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ တင်ပြလိုက်ရပါတယ်။
- ယောနသံ







