မွန်ပြည်နယ်တွင် စက်သုံးဆီ ပြတ်လပ်နေဆဲဖြစ်ပြီး နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းဝယ်ယူနေရကြောင်း သုံးစွဲသူများထံမှ သိရသည်။
မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ သထုံ၊ ကျိုက်ထို၊ သံဖြူဇရပ် အစရှိသည့် မြို့နယ်များတွင် ဇူလိုင်လ ဒုတိယအပတ်ခန့်ကစပြီး စက်သုံးဆီ ပြတ်လပ်မှု တစ်ကျော့ပြန် ပြန်လည်ကြုံတွေ့ခဲ့ရသည်။
စက်သုံးဆီအရောင်းဆိုင်အများစု ပိတ်ထားကြပြီး အကန့်အသတ်ဖြင့် ရောင်းချပေးနေသည့် ဆိုင်အချို့တွင် ကား၊ ဆိုင်ကယ်များ နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းရကြောင်း သုံးစွဲသူများက ဆိုသည်။
“ဆီရတဲ့ဆိုင်တွေကလည်း အချိန်အကန့်အသတ်နဲ့ ရောင်းတယ်။ ဆီဝယ်ဖို့ စောင့်နေတဲ့ ကား၊ ဆိုင်ကယ်တွေ အများကြီးပါ။ နောက်ကျမှ ရောက်သွားရင် စောင့်ပေတော့ပဲ။ တစ်နာရီ၊ နှစ်နာရီ ဆီတန်းစီတဲ့နေရာမှာပဲ အချိန်ကုန်သွားတယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။
95၊ 92 ဓာတ်ဆီအပြင် ပရီမီယံဒီဇယ်ဆီများလည်း ပြတ်လပ်နေကြောင်း ဆိုသည်။
ဆီ ဝယ်ယူရခက်ခဲခြင်း၊ အရောင်းဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီးစောင့်ဆိုင်းဝယ်ယူရခြင်း စသည်တို့ကြောင့် ပြင်ပမှောင်ခိုစျေးကွက်ကို အားထားနေရပြီး ပြင်ပစျေးလည်း တဖြည်းဖြည်း မြင့်တက်လာကြောင်း သုံးစွဲသူများထံမှ သိရသည်။
“ဆိုင်မှာ သွားဝယ်လည်း ပိတ်ထားကြတယ်။ ရောင်းပေးတဲ့ ဆိုင်ကျတော့လည်း အချိန်အကြာကြီး တန်းစီ စောင့်ပြီး ဝယ်ရတယ်။ တစ်ခါတလေ ကိုယ့်အလှည့်မရောက်ဘူး၊ ဆီက ကုန်သွားတယ်ဆိုပြီး အရောင်းပိတ်လိုက်တယ်။ အဲဒီလိုဆို ရတဲ့နေရာမှာ စျေးကြီးလည်း ဝယ်ရတာမျိုးရှိတယ်” ဟု သံဖြူဇရပ်က သုံးစွဲသူအမျိုးသမီးတစ်ဦးက ပြောသည်။
စက်သုံးဆီ ရည်ညွှန်းစျေးအရ မွန်ပြည်နယ်တွင် 92၊ 95 တစ်လီတာ ၄၀၀၀ ကျော်၊ ဒီဇယ် ၅၀၀၀ နီးပါး ပေါက်စျေးရှိနေသည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က တင်ဒါအောင်ပြီး လုပ်ပိုင်ခွင့် ရရှိထားသည်။
မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမည့် စက်သုံးဆီများကို မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းမှတစ်ဆင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
ပုံစာ – သံဖြူဇရပ်မြို့ရှိ ဆီဆိုင်တွင် တန်းစီစောင့်ဆိုင်းနေကြသူများ။
Photo – ဒေသခံတစ်ဦး







