ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် စစ်အာဏာရှင်တပ်က ဒေသခံများကို ဖမ်းဆီးငွေညှစ်

August 6, 2026

ပုံစာ - သထုံမြို့လယ်နေရာတစ်ခု (ပုံဟောင်း)

မွန်ပြည်နယ်တွင် စစ်အာဏာရှင်တပ်သည် ဒေသခံများကို ဖမ်းဆီးပြီး ငွေကြေးအဆမတန် တောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် ဒေသန္တရအမိန့်အကြောင်းပြချက်ဖြင့် စစ်အုပ်စု လက်အောက်ခံ စစ်အာဏာရှင်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ပျူစောထီးပူးပေါင်းအဖွဲ့တို့က ညပိုင်း လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ယင်းသို့ဖမ်းဆီးရာတွင် အထူးသဖြင့် စစ်မှုထမ်း အကျုံးဝင်သည့် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေကြောင်း ၎င်းတို့က ပြောဆိုသည်။

“ညပိုင်းဆိုရင် သူတို့ (စစ်တပ်) တွေ ကားနဲ့ လှည့်လေ့ရှိတယ်။ အဲဒီလိုလှည့်တဲ့အချိန် တွေ့သမျှကို ဖမ်းတယ်။ ဖမ်းပြီးရင် ငွေညှစ်တယ်။ သူတို့တောင်းသလောက် မပေးနိုင်ရင် စစ်မှုထမ်းပို့မယ် ဘာညာဆိုတော့ မရှိလည်း တချို့က ကြံဖန်ပြီး ပေးရတယ်” ဟု ဘီးလင်း ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများ ပြန်လွှတ်မည်ဆိုကာ စစ်အာဏာရှင်တပ်က ငွေကြေးတောင်းခံရာ ငွေကြေး တတ်နိုင်သူများ ပြန်လွတ် နိုင်သော်လည်း မပေးနိုင်သူများကိုမူ စစ်မှုထမ်းစုဆောင်းကြောင်း ဒေသခံများက ဆိုသည်။

စစ်အာဏာရှင်တပ်နှင့် လက်အောက်ခံအဖွဲ့များသည် ဖမ်းဆီးထားသည့် ဒေသခံတစ်ဦးစီအတွက် ငွေကျပ် သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ တောင်းခံလေ့ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း သထုံမြို့တွင် လူငယ် ၁၀ ဦးကို ပြန်လွှတ်ပေးမည်ဆိုကာ စစ်အာဏာရှင်တပ်နှင့် ပျူစောထီးအဖွဲ့တို့က တစ်ဦးစီအတွက် ကျပ်သိန်း နှစ်ရာစီတောင်းခံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျပ်သိန်း ဆယ်ဂဏန်းဖြင့် ပြန်လည်လွတ်မြောက်လာသူအချို့ရှိသော်လည်း ငွေကြေး မတတ်နိုင်သူများဆိုလျှင် မိသားစုနှင့် တွေ့ခွင့်ပင် မပြုခဲ့သလို အချို့မှာ စစ်မှုထမ်းစစ်ဆောင်းခံခဲ့ရကြောင်း ၎င်းတို့က ပြောသည်။

“အဖမ်းခံရရင် သူတို့တောင်းသလောက် ပေးနိုင်ရင် ပြန်လွတ်တယ်။ မပေးနိုင်ရင် စစ်မှုထမ်းသင်တန်းရောက်မယ်။ တချို့ဆို ဘာသတင်းမှလည်း မရ၊ ဘယ်ရောက်နေမှန်း မသိတာတွေလည်း ရှိတယ်” ဟု သထုံဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မော်လမြိုင်မြို့ပေါ်တွင်လည်း ညပိုင်းသွားလာနေသည့် လူငယ်များကို အကြောင်းအမျိုးမျိုးပြပြီး စစ်အာဏာရှင်တပ်က ဖမ်းဆီးနေကြောင်း မြို့ခံများထံမှ သိရသည်။

မွန်တွင် အရပ်သားပြည်သူများကို အကြောင်းအမျိုးမျိုးပြပြီး စစ်အာဏာရှင်တပ်က ဖမ်းဆီးလေ့ရှိပြီး စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်တွင်အတင်းအဓမ္မဖမ်းဆီးမှု ပိုများလာသည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ၏ အချက်အလက်များအရ စစ်မှုထမ်း အမှတ်စဉ် (၁) မှ အမှတ်စဉ် (၂၇) အထိ မွန်ပြည်နယ်တွင် လူငယ် ၅,၈၀၀ ထက်မနည်း စစ်မှုထမ်းစုဆောင်းခံရကြောင်း သိရသည်။

ပုံစာ – သထုံမြို့လယ်နေရာတစ်ခု (ပုံဟောင်း)