ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မော်လမြိုင်တွင် လူသတ်ပြီး ဆိုင်ကယ်ယူသွားသူများကို ဖမ်းမိ

August 4, 2026

ပုံစာ - လုယက်လူသတ်မှု ကျူးလွန်သူများ ဓာတ်ပုံ - ရဲတပ်ဖွဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆိုင်ကယ် Taxi သမားကို သတ်ဖြတ်ပြီး ဆိုင်ကယ်လုယူသွားသူ သုံးဦးအား ဖမ်းဆီးရမိခဲ့သည်ဟု စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် ဆိုင်ကယ် Taxi သမား ဦးအောင်ဟိန်းဦးသည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က တောင်ပေါ်တန်း View Point အောက်ဘက် ခြုံအတွင်း သတ်ဖြတ်ခံခဲ့ရပြီး ၎င်းမောင်းနှင်သည့် ဆိုင်ကယ်လည်း ပျောက်ဆုံးသွားခဲ့သည်။

ဦးအောင်ဟိန်းဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ကျူးလွန်သည်ဟု ယူဆရသူများကို CCTV မှတ်တမ်းမှတစ်ဆင့် ခြေရာခံရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့က ဆိုသည်။

“CCTV မှတ်တမ်းကနေ လိုက်ရင်း ဖမ်းမိကြတယ်။ ရဲတွေအဆိုအရ သူတို့ သုံးဦးစလုံးက မော်လမြိုင်မှာ အလုပ်လာလုပ်ကြတဲ့သူတွေဖြစ်တယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကျူးလွန်သူများသည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှ အသက် ၂၀ နှစ်အရွယ် တိုးချစ်လင်း (ခ) မွန်လေး၊ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှ အသက် ၁၉ နှစ်အရွယ် ဖြိုးဝေကျော် (ခ) ဂျွန်ကိုထက်နှင့် ကြံခင်းမြို့နယ်မှ အသက် ၁၉ နှစ်အရွယ် လရောင်ခန့် (ခ) ဝတုတ်တို့ဖြစ်ပြီး ၎င်းတို့ကို မြဝတီ၊ ကြံခင်းနှင့် ဇင်းကျိုက်မြို့တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

၎င်းတို့ သုံးဦးသည် KTV သွားရန် ပိုက်ဆံလိုအပ်သောကြောင့် လူသတ်ပြီး ဆိုင်ကယ်လုယူမှု ကျူးလွန်ခဲ့ကြောင်း၊ ဆိုင်ကယ်ကို ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် ၁၄ သိန်း ၇ သောင်းကျပ်ဖြင့် ရောင်းချသွားခဲ့ကြောင်း ဝန်ခံထားသည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ဖမ်းဆီးရမိထားသူများသည် မော်လမြိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်များတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။

ဆိုင်ကယ် Taxi သမား ဦးအောင်ဟိန်းဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး မော်လမြိုင်မြို့၊ စစ်ကဲကုန်းနယ်မြေရဲစခန်းတွင် အမှုကြီးအမှတ်စဉ် (၁/၂၀၂၆)၊ (ပ) ၇၇/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ အရ ပြစ်မှုထင်ရှားလျှင် အနည်းဆုံး ထောင်ဒဏ် နှစ် ၂၀ မှ သေဒဏ်အထိ ချမှတ်ခံရနိုင်သည်။

ပုံစာ – လုယက်လူသတ်မှု ကျူးလွန်သူများ
ဓာတ်ပုံ – ရဲတပ်ဖွဲ့