မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာနေ မဖူးပွင့်ဝေ (ခ) သမီးပု ဆိုသည့် အမျိုးသမီးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အသက် ၂၉ နှစ်အရွယ် မဖူးပွင့်ဝေ (ခ) သမီးပုသည် ရေးဘီလူးအဖွဲ့၏ ဖေ့စ်ဘွတ်ခ် (Facebook) လူမှုကွန်ရက် စာမျက်နှာအောက်တွင် မှတ်ချက်ဝင်ရေးခဲ့သည် ဆိုသည့် အကြောင်းပြချက်ဖြင့် ဩဂုတ်လ ၈ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မဖူးပွင့်ဝေ (ခ) သမီးပုသည် ရေးဘီလူးအဖွဲ့၏ Facebook လူမှုကွန်ရက် စာမျက်နှာအောက်တွင် “အားလုံး ဘေးကင်းကြပါစေ”၊ “အားလုံး အသက်ရှည် ကျန်းမာကြပါစေ၊ တိုက်ပွဲတိုင်းလည်း အောင်မြင်ပါစေ” စသည့် မှတ်ချက်များ ရေးသားခဲ့မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
“ရေးဘီလူး Facebook ပေ့ချ်မှာ ကွန်မန့် ဝင်ရေးလို့ဆိုပြီး ဖမ်းတာ။ အခု အကြမ်းဖက် ဥပဒေပုဒ်မ – ၅၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်” ဟု နီးစပ်သည့် သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် မဖူးပွင့်ဝေ (ခ) သမီးပုကို သံဖြူဇရပ် မြို့မရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်ကလည်း လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်သည့် TikTok ပေါ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့အတွက် လှုံ့ဆော် ဝါဒဖြန့်သည်ဟု စွပ်စွဲချက်ဖြင့် ရေးမြို့ခံ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
မွန်ပြည်နယ်တွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက် စာမျက်နှာပေါ် စစ်အုပ်စုကို ဝေဖန်ရေးသားသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF နှင့် တော်လှန်ရေး အင်အားစုများကို အားပေးထောက်ခံသည့် စာရေးသားသူများကို စစ်အုပ်စုက ဆက်တိုက် ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရမိသူများကို ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅ ဖြင့် အမှုဖွင့် အရေးယူထားသူများ ရှိသလို အချို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်လေ့ရှိသည်။







