အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ လုပ်ဆောင်ခဲ့သည်။
ယင်းသဘောတူညီချက်များတွင် ဖူနမ်ရွန်-ထီးခီး-ထားဝယ် သယ်ယူပို့ဆောင်ရေး စင်္ကြံလမ်း စီမံကိန်းလည်း ပါဝင်လာသည်။
ဩဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ထိုင်းဝန်ကြီးချုပ်နှင့် အာဏာသိမ်းခေါင်းဆောင်တို့၏ ပူးတွဲကြေညာချက်ပါ ‘စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု’ ခေါင်းစဉ်အောက်တွင် အဆိုပါစင်္ကြံလမ်းကိစ္စကို ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
‘အဆင့်မြှင့်တင်ထားသည့် သယ်ယူပို့ဆောင်ရေးနှင့် အခြခံအဆောက်အအုံဆိုင်ရာ ချိတ်ဆက်မှုများမှတစ်ဆင့် လမ်းပန်းဆက်သွယ်ရေးကွန်ရက်များကို ခိုင်မာအားကောင်းစေရေး ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့ ကြသည်’ဟုသာ ဖော်ပြပြီး အသေးစိတ်ကို ထည့်သွင်းဖော်ပြခြင်းမရှိပေ။
သို့သော် လက်တွေတွင် ယင်းဖူနမ်ရွန်-ထီးခီး-ထားဝယ် လမ်းကြောင်းကို အကောင်အထည်ဖော်ရေးမှာ ဦးမင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်အုပ်စု၏ လုပ်နိုင်စွမ်း ဘောင်ထဲတွင်မရှိကြောင်း တွေ့ရသည်။
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်နှင့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ကို ဆက်သွယ်ထားသည့် ဖူနမ်ရွန်-ထီးခီး-ထားဝယ် လမ်းကြောင်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားသည်မှာ နှစ်ချီကြာနေပြီဖြစ်သည်။
မိုင် ၉၀ ခန့်ရှည်လျားသည့် ထီးခီး-ထားဝယ်လမ်းပိုင်းကို ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်များအပြင် နွေဦးတော်လှန်ရေးတပ်များက ပြီးခဲ့သည့်နှစ်များကတည်းက သိမ်းပိုက်ထိန်းချုပ်ထားသည်။
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ထီးခီးနယ်စပ်စခန်းနှင့် အနီးဝန်းကျင်ရှိ စစ်အာဏာရှင်တပ်စခန်းများကိုလည်း KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ်ကတည်းက တိုက်ခိုက်သိမ်းပိုက်ထားသည်။
ထိုင်း-မြန်မာ ထီးခီးနယ်စပ်တစ်လျှောက်ရှိ ထီးထဗျူဟာစခန်းကုန်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက်တွင် သိမ်းယူခဲ့ပြီးမေလ ၉ ရက်တွင် ထီးခီးနယ်စပ်စခန်း၊ ဇွန်လ ၁၀ ရက်တွင် ဗောဓိနယ်စပ်စခန်းကို KNU တပ်ဖွဲ့များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။
ဇွန်လ ၁၂ ရက်နေ့တွင် ငါးရံ့နီစခန်းက စစ်အာဏာရှင်တပ်သားများ ထိုင်းဘက်ကို စခန်းစွန့်ခွာထွက်ပြေးသွားသည်။
ထိုကြောင့် ထီးခီးနယ်စပ်နှင့် အနီးဝန်းကျင်နေရာအားလုံးကို တော်လှန်ရေးတပ်များက လက်ရှိအချိန်အထိ သိမ်းပိုက်ထိန်းချုပ်ထားသည်။
ယင်းသို့ပင် ထားဝယ်မှ ထီးခီးသွားသည့် လမ်းပိုင်းမှာလည်း စစ်အုပ်စုက စိုးမိုးထားနိုင်ခြင်း မရှိပေ။
မိုင် ၉၀ နီးပါး ရှည်လျားသည့် အဆိုပါလမ်းနှင့် အနီးဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့အများစု အခြေစိုက်ထားသည့် နယ်မြေဖြစ်ပြီး စစ်အုပ်စုက လုံးဝလက်လွှတ်ထားရသည့် ဒေသလည်းဖြစ်သည်။
ထားဝယ်မြို့အထွက် ဗျောတောဝစစ်ဆေးရေးဂိတ်မှစ၍ ထီးခီးနယ်စပ်အထိ စစ်အာဏာရှင်တပ်စခန်း ၄ ခုသာရှိပြီး ကျန်သည့်နေရာအားလုံးကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။
အဆိုပါလမ်းပိုင်းရှိ ရှစ်မိုင်၊ ပကာရီရွာ၊ ကျောက်မဲတောင်ရွာ၊ မေတ္တာမြို့တွင်သာ စစ်အာဏာရှင်တပ်က အခြေချတပ်စွဲထားသည်။
ထားဝယ်မြို့မှ ၃၇ မိုင် ခန့်ကွာဝေးသည့် ကျောက်မဲတောင်ရွာရဲစခန်းနှင့် မိုင် ၄၀ ကျော်ကွာဝေးသည့် မေတ္တာမြို့တွင်သာ စစ်အာဏာရှင်တပ်က အခိုင်အမာဘန်ကာများ တည်ဆောက်ပြီး တပ်စွဲထားသည်။
မေတ္တာမြို့တွင် စစ်အာဏာရှင်တပ်၏ စစ်ဗျူဟာတစ်ခုရှိသည်။
ထိုကြောင့် စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးချိန်တိုင်းနှင့် အင်အားဖြည့်တင်းရန် သွားသည့်အချိန်တိုင်း တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခြင်းကို ခံရပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုများသည့် နယ်မြေလည်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် ထီးခီးနှင့် ထားဝယ်ကိုဆက်သွယ်ထားသည့် မြေသားလမ်းမှာ မိုးရာသီရောက်တိုင်း လမ်းပျက်စီးလေ့ရှိပြီး ယာဉ်များသွားလာရေး နှစ်တိုင်းအခက်အခဲဖြစ်လျက်ရှိသည်။
လက်ရှိတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား စစ်ဆိုင်ထားခြင်းနှင့် အချို့နေရာများတွင် တိုက်ပွဲများဖြစ်နေသည့်အတွက် လမ်းပိုင်းပြုပြင်မှုမရှိဘဲ ပစ်ထားရသည့်အခြေအနေရှိသည်။
လမ်းပိုင်းဆိုးဆိုးရွားရွားပျက်စီးနေသဖြင့် ထီးခီးမှ အိုင်ဝိုင်းရွာအထိသာ သွားလာနေကြပြီး ကျန်သည့်လမ်းခရီးကို လှေငယ်များဖြင့် သွားလာနေရကြောင်း အဆိုပါလမ်းပိုင်းကို သွားလာနေသည့် အမျိုးသားတစ်ဦးက ဆိုသည်။
“လမ်းတွေပျက်နေလို့ သွားလို့မရတာခင်ဗျား။ လှေနဲ့သွားနေရတာပေါ့။ လမ်းပျက်နေတာက တော်တော်ကိုကြာသွားပြီ။ နှစ် နှစ်လောက်တောင်ဖြစ်သွားပြီ။အခုမှစပြီး ပြန်သွားနေတာ အိုင်ဝိုင်းအထိ ရနေတာပေါ့”ဟု ၎င်းက ပြောသည်။
အိုင်ဝိုင်းရွာက ထီးခီးနယ်စပ်မှ ၃၅ မိုင်ခန့်အကွာတွင်တည်ရှိပြီး မေတ္တာမြို့နှင့် ထီးခီးကြား တည်ရှိသည်။
ထိုကြောင့် အဆိုပါလမ်းမှာ ကုန်သွယ်ရေးရပ်နားထားရပြီး ဒေသတွင်းတူးဖော်ထုတ်လုပ်ထားသည့် ခဲမဖြူသတ္တုတင်ပို့ခြင်းနှင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက် တရားမဝင် သွားရောက်ရာတွင် အဓိက အသုံးပြုနေကြသည်။
ယင်းအခြေအနေများကြောင့် ဖူနမ်ရွန်-ထီးခီး-ထားဝယ် သယ်ယူပို့ဆောင်ရေး စင်္ကြံလမ်းကိစ္စကို ဦးမင်းအောင်လှိုင်နှင့် ထိုင်းတို့ အကောင်အထည်ဖော်မည်ဟု လေသံဟလာခြင်းမှာ လက်တွေ့အခြေအနေနှင့် အလှမ်းဝေးနေသည်။
စစ်ခေါင်းဆောင်ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်တွင် တနင်္သာရီတိုင်း စစ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးလည်း လိုက်ပါခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။
ယင်းကြောင့် အဆိုပါလမ်းပိုင်းမှာ စစ်အုပ်စု ထိန်းချုပ်ထားနိုင်ခြင်း မရှိကြောင်းကို ဦးဇော်နိုင်ဦး ကောင်းစွာသိရှိထားနိုင်သည်။
သို့သော် ဖူနမ်ရွန်-ထီးခီး-ထားဝယ်လမ်းပိုင်းမှာ ထိုင်းအစိုးရ၏ ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းပိုင်းတစ်ခုဖြစ်သဖြင့် စစ်ခေါင်းဆောင်နှင့်အဖွဲ့က လက်တွေ့ အကောင်အထည် ဖော်ရန်မဖြစ်နိုင်သော်လည်း သဘောတရားအရသာ လက်ခံခဲ့ပုံရကြောင်း တွေ့ရသည်။







