ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အုပ်စု ပြန်ထိန်းချုပ်ထားသည့် ပုလော ပြည်ထောင်စုလမ်းပိုင်း

August 4, 2026

ပုလောမြို့နယ်အတွင်း ပြည်ထောင်စုလမ်းပေါ်ရှိ ကျေးရွာအချို့ကို စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်သွားသည်။

ပုလော-မြိတ်လမ်းပေါ်ရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဇရပ်ဆိပ်၊ မင်းပြင်၊ ဘိုင်းပြင်ရွာနှင့် မိန်းမမြို့ရွာကို ဇူလိုင်လ ၂၀ ရက်နေ့ဝန်းကျင်တွင် စစ်အာဏာရှင်တပ်က ပြန်ရယူသွား ခြင်းဖြစ်သည်။ အဆိုပါကျေးရွာများမှာ ပလမြို့နှင့် မြိတ်မြို့နယ်ကြားတည်ရှိပြီး တော်လှန်ရေးတပ်များက ၂၀၂၃ ခုနှစ်ဝန်းကျင် ကတည်းက ထိန်းချုပ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဝန်းကျင်ကလည်း စစ်အာဏာရှင်တပ်က အဆိုပါကျေးရွာများအပါအဝင် ပြည်ထောင်စုလမ်းတစ်လျှောက်ကို အင်အားအများအပြားသုံးပြီး ထိုးစစ်ဆင်ခဲ့ဖူးသော်လည်း အပြည့်အဝမထိန်းချုပ်နိုင်ဘဲ အချို့နေရာများကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။

■ ပထဝီ တည်နေရာနှင့် နယ်မြေစိုးမိုးမှု

ပြည်ထောင်စုလမ်းပေါ်ရှိ ပုလောမြို့နယ် ပလောက်မြို့မှ စက်တော်ရာရွာအထိ မိုင် ၄၀ ခန့်အကွာအဝေးကို တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ဝန်းကျင်ကတည်းက ထိန်းချုပ်ထားသည်။ ပလောက်မြို့၊ ပုလောမြို့၊ ပလမြို့များမှလွဲ၍ ကျန်သည့်လမ်းပိုင်းနေရာများကို KNU လက်အောက်ခံ KNLA၊ KNDO တပ်များ၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထိန်းချုပ်ထားခဲ့သည်။

စစ်အာဏာရှင်တပ်၏ အမှတ်-၁၂ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း၊ ခြေလျင်တပ်ရင်း၊အမြောက်တပ် စသည့် တပ်ရင်းတပ်ဖွဲ့များစွာရှိသည့် ပလောက်မြို့မှ စက်တော်ရာကျေးရွာအထိ အဆိုပါလမ်းပိုင်းကို အပိုင်းသုံးပိုင်း ခွဲခြားနိုင်သည်။

အပိုင်း-၁ ဖြစ်သည့် စက်တော်ရာရွာနှင့် ပလမြို့ကြားက ခြောက်မိုင်ဝန်းကျင်ရှည်လျားပြီး ဇရပ်ဆိပ်၊ မင်းပြင်၊ ဘိုင်းပြင်ရွာနှင့် မိန်းမမြို့ရွာ စသည့်ကျေးရွာများ ရှိသည်။

အပိုင်း-၂ ဖြစ်သည့် ပလမြို့နှင့် ပုလောမြို့ကြားလမ်းပိုင်းက ၁၀ မိုင်ခန့်ကွာဝေးပြီး မင်းထိန်ရွာ၊ ပဝတ်ကုန်းရွာ၊ သင်္ကန်းတောရွာ စသည့်ကျေးရွာများ တည်ရှိသည်။

အပိုင်း-၃ က ပုလောမြို့နှင့် ပလောက်မြို့ကြားတည်ရှိပြီး ၂၄ မိုင်ခန့်ကွာဝေးကာ တောင်ယာကမ်းရွာ၊ ၄ မိုင်ရွာ၊ ၅ မိုင်ရွာ၊ ၇ မိုင်ရွာ၊ နန်းပရုတ်ရွာ၊ ထမင်းမစားရွာ၊ မျှစ်ချဉ်စုရွာ၊ ပြည်ခြားရွာ အစရှိသည့် ကျေးရွာများတည်ရှိသည်။

လတ်တလော စစ်အာဏာရှင်တပ် ပြန်လည်ရယူသွားသည့် ဇရပ်ဆိပ်၊မင်းပြင်၊ ဘိုင်းပြင်ရွာ နှင့် မိန်းမမြို့ရွာက အပိုင်း-၁ တွင်တည်ရှိသည့် ကျေးရွာများဖြစ်သည်။ အဆိုပါလမ်းပိုင်းက စစ်အာဏာရှင်တပ် တပ်အရွှေ့အပြောင်းလုပ်ခြင်းနှင့် စစ်လက်နက်ခဲယမ်းပို့ဆောင်ရာတွင်လည်း မဟာဗျူဟာအရ အရေးပါသည်။

ထို့အပြင် စစ်အာဏာရှင်တပ်၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ရှိသည့် မြိတ်မြို့နှင့် ပလောက်မြို့ရှိ အမှတ်-၁၂ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း၊ ပုလောမြို့တို့ ဆက်သွယ်သွားလာရာတွင် မဖြစ်မနေဖြတ်သန်းရသည့် အရေးပါသည့် ရွာများဖြစ်သည်။

ယင်းအပြင် ပလမြို့ကို အနီးကပ်ခြိမ်းခြောက်ထားနိုင်သည့် နေရာတွင်ရှိနေသလို ကုန်စည်စီးဆင်းရာတွင်လည်း အရေးပါလှသည်။ ထိုကြောင့်လည်း ပလမြို့နှင့် အနီးတစ်ဝိုက်နေရာများကို စစ်ကြောင်းထိုးပြီး နယ်မြေစိုးမိုးမှုရရန် ယခင်နှစ်များကတည်းက စစ်အာဏာရှင်တပ်က ကြည်း၊ ရေ၊ လေ အင်အားစုံထုတ်သုံးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလဝန်းကျင်ကလည်း စစ်အာဏာရှင်တပ်က ထိုးစစ်ဆင်ခဲ့ပြီး နယ်မြေတချို့တစ်ဝက်ကို ပြန်ယူနိုင်ခဲ့သော်လည်း အမြဲတမ်းစိုးမိုးထားခြင်းမဟုတ်ဘဲ ဘတစ်ပြန် ကျားတစ်ပြန်အနေအထားသာ ရှိနေခဲ့သည်။

■ တော်လှန်ရေးတပ်တွေ ဘာကြောင့် ဆုတ်ခွာသွားကြလဲ

ယခုနှစ် ဇူလိုင်လဆန်းပိုင်းတွင်တော့ အပိုင်း-၁ တွင်ပါဝင်သည့် ပလမြို့နှင့်စက်တော်ရွာကို စစ်အင်အား ရာချီဖြည့်တင်းပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် တောင်နှင့်မြောက် နှစ်ဖက်ညှပ်ကာ အဆိုပါကျေးရွာများဘက် ထိုးစစ်ဆင်လာသည်။

ခြောက်မိုင်ဝန်းကျင်ကွာဝေးသည့် စက်တော်ရာရွာနှင့် ပလမြို့ကြားတွင် မင်းပြင်၊ ဘိုင်းပြင်နှင့် ဇရပ်ဆိပ်ရွာ၊ မိန်းမမြို့ရွာ တို့ရှိပြီး တော်လှန်ရေးတပ်များက စိုးမိုးထားသည်။ လက်ရှိ စစ်ကြောင်းမထိုးမီကပင် စက်တော်ရာရွာနှင့် ပလမြို့တွင် စစ်အာဏာရှင်တပ်က ပြီးခဲ့သည့်နှစ်ကတည်းက တပ်စွဲထားကြသည်။
ဇူလိုင်လ အစောပိုင်းတွင် စက်တော်ရာရွာဘက်မှလာသည့် စစ်ကြောင်း၌ အင်အား ၁၅၀ ခန့်ပါဝင်ပြီး ပလမြို့ဘက်မှလာသည့်စစ်ကြောင်းတွင် အင်အား ၅၀ ခန့်ပါဝင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ခန့်မှန်းသည်။

ရေး-ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စု လမ်းတစ်လျှောက်ရှိ တော်လှန်ရေးတပ် များကို အမြစ်ပြတ်ချေမှုန်းမည်ဟု စစ်အာဏာရှင်တပ် ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ကြိမ်းဝါးပြောဆိုပြီး ရက်ပိုင်းအကြာတွင် အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးကျော်စွာလင်းက တနင်္သာရီတိုင်းကို ခေတ္တရောက်လာချိန် ဇွန်လ ၂၄ ရက်နေ့တွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ ၉ ရက်နေ့တွင် ဂျိုင်ရိုကော်ပတာများနှင့် ဒရုန်းများအသုံးပြုကာ အဆိုပါလမ်းပိုင်းရှိ တော်လှန်ရေးတပ်များကို စတင်တိုက်ခိုက်လာသည်။ ဇူလိုင်လ ၉ ရက်မှ ၁၁ ရက်နေ့အထိ လေကြောင်းမှ တိုက်ခိုက်ချိန် ထိခိုက်မှုပိုများနိုင်သဖြင့် ဆုတ်ခွာပေးလိုက်ရကြောင်း အဆိုပါဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါလမ်းပိုင်းရှိ တော်လှန်ရေးတပ်စစ်ဆေးရေးဂိတ်သုံးခုကို ဒရုန်းနှင့်ဂျိုင်ရိုကော်ပတာတို့ဖြင့် တိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိလာသည့်အတွက် ဇူလိုင်လ ၁၀ ရက်ဝန်းကျင်တွင် ဆုတ်ခွာလိုက်ရသည်။

“ဒီဘက်မှာက လေကြောင်းပြန်ပစ်ဖို့လက်နက်မရှိဘူးလေ။ ပွဲရဲ့ ရလဒ်ကိုပြန်ကြည့်လိုက်ရင် ကိုယ့်ဘက်က ဆုံးရှုံးမှုပိုများနိုင်လို့ ဆုတ်ပေးလိုက်တယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
အဆိုပါကာလအတွင်း မြေပြင်တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားခြင်းမရှိဘဲ ထိတွေ့ပစ်ခတ်မှုအနည်းအကျဉ်းသာ ရှိခဲ့သည်။

လေကြောင်းမှတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်များဆုတ်ခွာသွားသည့်အချိန်ကျမှ စစ်အာဏာရှင်တပ် မြေပြင်စစ်ကြောင်းများ အလုံးအရင်း ဝင်ရောက်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောဆိုသည်။

■ ပြည်ထောင်စုလမ်းတစ်လျှောက် အပိုင်း-၂ ကို စစ်ကြောင်းဆက်ထိုး

လက်ရှိတွင် စစ်အာဏာရှင်တပ်က စက်တော်ရာရွာနှင့် ပလမြို့ကြားလမ်းပိုင်း အပိုင်း-၁ ကို ပြန်ရယူသွားပြီးနောက် အပိုင်း-၂ ဖြစ်သည့် ပလမြို့နှင့် ပုလောမြို့ကြားကျေးရွာများကို ဆက်တိုက်စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

အဆိုပါလမ်းပိုင်းရှိ ကဒဲ၊ ပဝတ်ကုန်း၊ မင်းထိန်၊ ခမောင်းတော စသည့် ပြည်ထောင်စုလမ်းပေါ်ရှိ ကျေးရွာဘက် စစ်ကြောင်းထိုးနေပြီး ဩဂုတ်လ ၂ ရက်နေ့တွင် သင်္ကန်းတောရွာနှင့် ကဒဲရွာကြားတွင် ရောက်ရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

“အပိုင်း-၂ ကိုလည်း နှစ်ဖက်ညှပ်ပြီးတော့ ထိုးနိုင်တယ်။ ပလမြို့နဲ့ ပလောမြို့”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အပိုင်း-၃ တွင် ပါဝင်သည့် ပုလောမြို့နှင့် ပလောက်မြို့ကြားရှိ တောင်ယာကမ်းရွာ၊ ၄ မိုင်ရွာ၊ ၅ မိုင်ရွာ၊ ၇ မိုင်ရွာ၊ နန်းပရုပ်ရွာ၊ ထမင်းမစားရွာ၊ မျှစ်ချဉ်စုရွာ၊ ပြည်ခြားရွာ အစရှိသည့် ကျေးရွာများကိုမူ တော်လှန်ရေးတပ်များက စိုးမိုးထားဆဲဖြစ်သည်။

ထိုသို့စစ်ကြောင်းထိုးရန်အတွက် စစ်အာဏာရှင်တပ်က လချီကြာကြိုတင်ပြင်ဆင်ခဲ့ပြီး စားနပ်ရိက္ခာ၊ခဲယမ်းများကို ကြိုတင်စုဆောင်းခဲ့သည်။

ပြီးခဲ့သည့် မေလကစပြီး တနင်္သာရီတိုင်း အတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) များနှင့် ယင်းဌာနချုပ်များ၏ လက်ခံ တပ်ရင်းများထံ လေးလစာရိက္ခာနှင့် ခဲယမ်းများကို ရေကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့ကြောင်း Tide Information Unit (TIU) ၏ ဇွန်လကထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

တနင်္သာရီတိုင်းအတွင်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် သုံးခုရှိပြီး မိုးတွင်းရိက္ခာ၊ ခဲယမ်းဖူလုံရေးနှင့် စစ်ဆင်ရေးများ အတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကြိုတင်ပြင်ဆင်ပြီးနောက် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးမှုကို ရယူလာခြင်းဖြစ်သည်။

စစ်အာဏာရှင်တပ်၏ အဓိကရည်ရွယ်ချက်မှာ တပ်အရွှေ့အပြောင်းလုပ်ခြင်းနှင့် စစ်လက်နက်ခဲယမ်းပို့ဆောင်ရာတွင် အရေးပါသည့် အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးကို စိုးမိုးရေးအတွက်ဖြစ်ကြောင်း တွေ့ရှိရသည်။ ယင်းမှသာ တနင်္သာရီတိုင်းကို စစ်ရေးအရ ထိန်းချုပ်နိုင်ရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။ ယင်းကြောင့် အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးမှာ နှစ်ဖက်စလုံးအတွက် မဟာဗျူဟာအရ အရေးပါပြီး တနင်္သာရီတိုင်း စစ်ရေးအတွက် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း သုံးသပ်လိုက်ရပါသည်။