လူမှုကွန်ရက်စာမျက်နှာများတွင် ထားဝယ်လိုရေးသား ပြောဆိုမှုများနှင့် အနုပညာတင်ဆက်မှုများ တွင်ကျယ်လာသည်ကို သတိထားမိသည်။ မကြာသေးမီကလည်း ထားဝယ်လိုရေးထားသည့် ခေရာ စာစောင်ထွက်လာသည်။ ထားဝယ်တို့၏ မိခင်ဘာသာစကားကို တန်ဖိုးထား၍ ရေးသား ပြောဆို ဆွေးနွေးလာကြသည်မှာ ဝမ်းမြောက်ဖွယ်ပင်ဖြစ်သည်။
ပုဂ္ဂလအမြင်အရမူ လူမျိုးတိုင်းတွင် ယင်းတို့၏ ဘာသာစကားကို တန်ဖိုးထားကာ လွတ်လပ်စွာ ပြောဆိုရေးသားထိန်းသိမ်းခွင့် ရှိရမည်ကို ယုံကြည်သည်မို့ ထားဝယ်လို ရေးသားပြောဆိုမှု တွင်ကျယ်လာသည်ကို အကောင်းမြင်သည်။ ထို့ကြောင့်လည်း ထားဝယ်လိုရေးသားမှုကို အပြုသဘော ဆောင်သည့် ရှုထောင့်က ဆွေးနွေးလိုပါ၏။
ယနေ့ကမ္ဘာတွင် ဘာသာစကားများစွာမှာ အကြောင်းအမျိုးမျိုးကြောင့် လျင်မြန်စွာ ကွယ်ပျောက်လာနေသည့်အချိန်ဖြစ်သည်။ ဤအခြေအနေမျိုးတွင် အရေးအသားစနစ် အတည်မရှိနိုင်သေးသည့် ထားဝယ်စကားကို မြန်မာစာ ဗျည်းအက္ခရာများဖြင့် ရေးသားကာ ကဗျာ၊ ဂီတ အပါအဝင် ရိုးရာ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ဆွေးနွေးမှုများ အားကောင်းလာသည်ကို တွေ့ရသဖြင့် အားရကျေနပ်မိသည်။
တဖက်တွင်လည်း ထားဝယ်လိုရေးသားလာခြင်းနှင့် ပတ်သက်၍ အမြင်ကွဲများစွာရှိနေသည်ကို သတိထားမိသည်။ စကားသာရှိ၍ စာမရှိသော ထားဝယ်လိုမို့ မြန်မာစာကို ထားဝယ်အသံထွက် ပေါင်းလိုက်ရေးလိုက်ရုံမျှဖြင့် ထားဝယ်စာဟု မဆိုနိုင်ကြောင်း၊ လူမျိုးကငယ်၍ အသုံးမတွင်သော ဘာသာစကားမို့ သည်လိုစာရေးခြင်းမှာ အသုံးမဝင် အချိန်ကုန်ကြောင်း၊ အဓိပ္ပာယ်မရှိကြောင်း အချို့က ဆိုကြသလို အသံကွဲများစွာကို တယောက်တပေါက် အဆင်ပြေ နားလည်သလို ရေးနေကြသဖြင့် အမှန် အမှား မကွဲ၊ မဖတ်တတ်ဖြစ်ကြရသည်ဟုလည်း အချို့က ထောက်ပြကြသည်။ အချို့ကလည်း အားရ ကျေနပ်ကာ ကြိုဆိုကြသည်ကိုတွေ့ရသည်။
ဤသို့ စိတ်ဝင်တစားနှင့် ဝေဖန် အကြံပြုကြခြင်းများအပေါ်မူတည်၍ အောက်ပါအချက်အချို့ကို မျှဝေ ဆွေးနွေး လိုပါသည်။
ထားဝယ်လို နှင့် မြန်မာစာ အရေးအသားစနစ်
မြန်မာဗျည်းအက္ခရာများ နှင့် မြန်မာစာအရေးအသားစနစ်ကိုအခြေခံ၍ ထားဝယ်လိုရေးသောကြောင့် ထားဝယ်စာ မဖြစ်နိုင် ဟူသော မှတ်ချက်မှာ အလွန်အငြင်းပွားဖွယ်ရာ ယူဆချက်တခုသာဖြစ်သည်။ ဤနေရာတွင် အများအားဖြင့် မှားယွင်းလေ့ရှိတတ်ကြသည်မှာ အက္ခရာစနစ် (Script)၊ အရေးအသား စနစ် (Writing system) နှင့် စာပေ (literature) တို့၏ အဓိပ္ပာယ်ကွာခြားပုံကိုဖြစ်သည်။
အက္ခရာစနစ်တခုတွင် ဗျည်း နှင့် သရများအတွက် စာလုံး၊ သင်္ကေတများပါမည်ဖြစ်သည်။ ဤသည်က အရေးအသား စနစ်တခုအတွက် အရေးပါသော ကိရိယာဟုဆိုနိုင်သည်။ ကမ္ဘာပေါ်တွင် ဘာသာစကား မူကွဲများစွာသည် တူညီသော (သို့) အလွန် နီးစပ်သော အက္ခရာစနစ်များကို မျှဝေသုံးစွဲလေ့ရှိသည်။ သာဓကဆောင်ရလျှင် ယနေ့ မိမိတို့ အင်္ဂလိပ်စာ၊ စာလုံးဟုရည်ညွှန်းနေသော အက္ခရာများမှာ လက်တင် အက္ခရာများဖြစ်သည်။
အင်္ဂလိပ်တို့အပြင် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်နှင့် ဥရောပ၊ အာဖရိက နှင့် အမေရိက ရှိနိုင်ငံများစွာလည်း လက်တင်အက္ခရာများကိုသုံးသည်။ အာရှတွင်ဆိုလျှင် ဗီယက်နမ်၊ မလေးရှား နှင့် အင်ဒိုနီးရှားတို့လို နိုင်ငံများကလည်း ထိုအက္ခရာများကို သုံးသည်။ မြန်မာနိုင်ငံတွင် ဆိုလျှင်လည်း ကချင် နှင့် ချင်း လူမျိုးများ၏ အရေးအသားတွင် လက်တင်အက္ခရာများကို အသုံးပြုသည်ကို တွေ့နိုင်သည်။
မြန်မာအက္ခရာဟုဆိုလိုက်လျှင် အိန္ဒိယတွင်ပေါ်ပေါက်ခဲ့သော ဗြာဟ္မီ အက္ခရာကို အရင်းအမြစ် အဖြစ်ညွှန်းကြပြီး မွန်အက္ခရာ၊ မြန်မာအက္ခရာ၊ ရခိုင်အက္ခရာ၊ ရှမ်းအက္ခရာ၊ စကောကရင် အက္ခရာ တို့သည် ထပ်တူ (သို့) လွန်စွာတူညီမှုရှိနေသည်ကိုတွေ့ရမည်ဖြစ်သည်။
ထိုကဲ့သို့ အက္ခရာတူ စာလုံးဆင်များကိုသုံးကြသော်လည်း ဘာသာစကား၊ စာပေမတူသော အရေးအသားစနစ် (စာလုံးပေါင်းပုံ၊ အသံထွက်၊ အဓိပ္ပာယ်) မျိုးကွဲများဖြစ်သည်ကိုတွေ့ရမည် ဖြစ်သည်။
စာပေ (literature) ဟု ရည်ညွှန်းလျှင်မူ အက္ခရာများကို အရေးအသားစနစ်တခုဖြင့် ဆိုလိုသည့် အဓိပ္ပာယ်ရအောင် ရေးသားခြင်းကို ယေဘုယျ ညွှန်းဆိုသည်။ သို့ရာတွင် စာပေသည် အနုပညာဖန်တီးမှု၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်လည်း နက်ရှိုင်းစွာ ဖွဲ့နှောင်ထားသည်။
အက္ခရာစနစ်၊ အရေးအသားစနစ် က စာပေဖွံ့ဖြိုးမှုအတွက် အရေးကြီးသော ကိရိယာဖြစ်သလို လူမျိုးတမျိုး၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ အနုပညာခံစား ဖန်တီးမှု၊ လက်ခံ အားပေးမှု၊ တီထွင်ကြံဆ အသုံးပြုမှုများက စာပေ ဖွံ့ဖြိုးမှု၏ ရေခံမြေခံဖြစ်သည်။
မတူညီသော စာပေများတွင်လည်း ဘာသာစကားချင်း၊ နေထိုင်ရာဒေသချင်း၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းချင်း နီးစပ်ကြသဖြင့် များစွားသော စကားလုံးများမှာ အသံအားဖြင့် အဓိပ္ပာယ်အားဖြင့် ဆင်တူမည်ဖြစ်သည်။ ဤသည်မှာလည်း အက္ခရာစနစ်များကို မိမိတို့ ဘာသာစကားနှင့် ကိုက်ညီအောင် မွေးစားခြင်း၊ ပြုပြင် မွမ်းမံခြင်းတို့ကြောင့်ဖြစ်သည်။
အထက်ပါအချက်များကိုထောက်ရှုလျှင် အက္ခရာစနစ်ဆင်တူ၊ အရေးအသားစနစ် နီးစပ်သော်လည်း ဘာသာစကားများ ကွဲပြားသောကြောင့် သီးခြား စာပေများအဖြစ် လွတ်လပ်စွာ ရှင်သန်နိုင်သည့် သာဓက များစွာကို တွေ့ရပါသည်။ ထို့ကြောင့် မြန်မာအက္ခရာစနစ်ကိုသုံး၍ ထားဝယ်လိုရေးလျှင် ထားဝယ်စာမဖြစ်ဆိုသည်မှာ ယတိပြတ် အခိုင်အမာဆို၍မရသော ယူဆချက်သာဖြစ်သည်။
ထားဝယ်လို နှင့် ဂံလို အဆက်အစပ်
ဤနေရာတွင် ထားဝယ်စကားနှင့် ရှေးမြန်မာစာဟုဆိုသော ပုဂံခေတ်ကျောက်စာတို့အကြားဆက်နွယ်မှု ကိုလည်း ဆွေးနွေးရန်သင့်ပါသည်။ အများအားဖြင့်မူ ထားဝယ်ကို ဒေသိယစကား၊ ထားဝယ်ဒေသန္တရ ဟု ညွှန်းကြသည်။ ထားဝယ်စကားသည် ရှေးမြန်မာစကားဟု ပုဂံခေတ်ကျောက်စာပါ အရေးအသား အချို့ကို ထားဝယ်လို အသံထွက်ပုံနှင့် နှိုင်းယှဉ်လေ့လာကာ မှတ်ချက်ပြုထားသည်လည်းရှိ၏။
သာဓက အနေဖြင့် ဆရာကြီး ဦးဖေမောင်တင်၏ ဘာသာလောကကျမ်းပါ မြန်မာဘာသာ အသံပြောင်းလွဲပုံ အခန်းပါ ဆွေးနွေးချက်များကို ကြည့်နိုင်သည်။
ပုဂံခေတ်ကျောက်စာများကို ဖတ်ကြည့်လျှင်လည်း ထားဝယ်သံဖြင့်ထွက်နိုင်သည့် လဆွဲသံပါ စကားလုံးများစွာကို ကျောက်စာအချို့တွင်တွေ့ရမည်ဖြစ်သည်။ ဥပမာ – က္လာ (ကျား)၊ က္လိုဝ် (ကျိုး)၊ က္လွတ် (ကျွတ်)၊ ခ္လွတ် (ချွတ်)၊ ခ္လိုဝ် (ချိုး)၊ ပ္လည္အ် (ပြည့်)၊ ဖ္လူ (ဖြူ) ၊ မ္လေ (မြေကြီး၊ မြေး) စသော လဆွဲ သံပါ အရေးများ နှင့် ပိနှဲပန်၊ ရိခါ စသော အရေးများဖြစ်သည်။ ထားဝယ်စကားပြောသူတဦးအဖို့ ဖတ်ရမခက်သော အရေးများဖြစ်သည်။ အချို့စကားလုံးများမှာ ထားဝယ်တို့ဆိုလိုရင်း အဓိပ္ပာယ်နှင့် မတူသော်လည်း အများစုမှာ အသံထွက်ရော အဓိပ္ပာယ်ပါ ထားဝယ်လိုနှင့် ဂံလို တူညီနေပါသေးသည်။
ယနေ့ခေတ်မြန်မာ/ဗမာ စကားနှင့် ထားဝယ်စကားတို့အကြားတွင်လည်း အသံထွက်နှင့် အဓိပ္ပာယ် တူညီသော အရာများစွာရှိသလို ထားဝယ်တို့၏ ထူးခြားသော အသံ အသုံးများစွာလည်းရှိပါသည်။
ယခု အခြေအနေအရ ထားဝယ်လို အရေးအသားစနစ်တခု ခိုင်မာစွာ မရှိသေးသည့်အချိန်တွင် ထားဝယ်အများစုမှာ မြန်မာစာ အရေးအသားစနစ်နှင့် အသားကျနေပြီး ဖြစ်သောကြောင့် မြန်မာအက္ခရာစနစ်ကိုသုံးကာ ထားဝယ်လိုရေးခြင်းမှာ သဘာဝကျလှသည်။ ယနေ့မြန်မာစကားတွင် မရှိတော့သော လဆွဲသံ အသုံး များ မည်သို့ရေးခဲ့သည်ကို ပုဂံခေတ်ကျောက်စာများတွင် ကြည့်ရှုကိုးကား နိုင်ခြင်းကြောင့်လည်း မြန်မာ အက္ခရာနှင့် ထားဝယ်လို ရေးချင်သူများအဖို့ မှီငြမ်းကိုးကားစရာ အခိုင်အမာရှိနေပေသေးသည်။
ထားဝယ်လို အရေးအသားစနစ်
အက္ခရာစနစ်အတွက် မြန်မာစာကို အသုံးပြုနိုင်သော်လည်း ထားဝယ်လိုရေးရန်အတွက် ဟာကွက်ကြီးတခုမှာ အရေးအသားစနစ်ဖြစ်သည်။ စာလုံးပေါင်းပုံ၊ အသံထွက်ပုံ၊ အဓိပ္ပာယ်ဖွင့်ဆိုပုံ မှသည် အရေးသဒ္ဒါ အထိ စံနှုန်း တခုခိုင်မာစွာရှိလာရန် အရေးအသား စနစ်တကျဖြစ်လာရန်၊ ရေးသားဆက်သွယ်မှု ထိရောက်လာစေရန် အလွန်အရေးကြီးသည့် ထားဝယ်လို အရေးအသားစနစ် မရှိခြင်းမှာ အားနည်း ချက်ကြီးတခုဖြစ်သည်။ ထို့ကြောင့်လည်း အချို့သူများအဖို့ ထားဝယ်လိုရေးလျှင် မဖတ်တတ်ခြင်း၊ တယောက်တမျိုး အဆင်ပြေသည့် စာလုံးပေါင်းဖြင့် ရေးကြခြင်းမှာ အများလက်ခံ နားလည်၍ အသုံးပြုနေသော ထားဝယ်လိုအရေးအသားစနစ် မရှိခြင်းကြောင့်လည်းဖြစ်သည်။
ထို့ကြောင့် မြန်မာ အက္ခရာနှင့် ထားဝယ်လိုရေးရန်၊ ထားဝယ်စာပေဖွံ့ဖြိုးလာရန် မှာ အရေးအသားစနစ်ဟာကွက်ကို ဖြည့်ရန် လိုပါသည်။ အများလက်ခံ၍ အသုံးတွင်သော အရေးအသားစနစ်မရှိလျှင် စာပေအရေးအသား ဖွံ့ဖြိုးမှု နှောင့်နှေးမည်ဖြစ်ပါသည်။ အကောင်းဖက်က မြင်ကြည့်လျှင်တော့ မြန်မာအက္ခရာကိုသုံး၍ ထားဝယ်လိုစမ်းရေးသည့်အခြေအနေမှာ စာအရေးအသားစနစ်တခု၏ အစဖွံ့ဖြိုးမှုခြေလှမ်းဟုလည်း မှတ်ယူနိုင်ပါသည်။ မြန်မာစာ အရေးအသား၏ အစအဦးဟု ဆိုသည့် ပုဂံခေတ်ကျောက်စာများကို ကြည့်လျှင်လည်း မတည်ငြိမ်သော၊ မတူကွဲပြားသော စာလုံးပေါင်းပုံများ၊ အရေးအသားများစွာကို တွေ့မြင်ရမည် ဖြစ်ပါသည်။
မွေးဖွားမလား၊ မွေးစားမလား
ယနေ့ ကမ္ဘာပေါ်တွင် အက္ခရာစနစ်တူများကို မွေးစား၍ ကွဲပြားသော အရေးစနစ်များဖြင့် သီးခြားရှင်သန်ရပ်တည်နေသော ဘာသာ စာပေများစွာရှိပါသည်။ ဘာသာစကားသာရှိ၍ စာအရေးအသား စနစ်မရှိ သော ဘာသာစကားများလည်းရှိသလို ဘာသာစကား တခု၊ ဝေါဟာရ တခုကိုပင် အရေးစနစ်မူကွဲများ၊ အက္ခရာမူကွဲများဖြင့် ရေးကြသည်လည်းရှိပေသည်။
ထားဝယ်စကားကို ထားဝယ်လိုရေးရန် အတွက် မြန်မာအက္ခရာကို မွေးစား ယူသုံးလျှင် ပြင်ဆင်မွမ်းမံလျှင် ထားဝယ်များနှင့်မြန်မာစာအကြား ရင်းနှီးပြီးသားဖြစ်ခြင်းကြောင့် အက္ခရာစနစ်ကို မိတ်ဆက်စတင်သင်ကြားစရာမလိုခြင်း၊ မြန်မာစာအရေးအသားဆိုင်ရာ ခေတ်မီဒစ်ဂျစ်တယ် ပလက်ဖောင်းများကို အသုံးပြုနိုင်ခြင်း စသည့် အားသာချက်များ ရှိနိုင်သလို အင်အားကြီးသော ဘာသာစကားတခု၏ အက္ခရာစနစ်ကို မှီလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ လည်း ရှိလာနိုင်ပေသည်။
အထူးသဖြင့် ထိုယူသုံးလိုက်သော အက္ခရာစနစ်က မိမိတို့ ဘာသာစကား၏ အသံကို ပြည့်စုံပေါ်လွင်အောင် မစွမ်းနိုင်ခြင်း၊ ယူသုံးသော ဘာသာစကား၏ လောင်းရိပ်မိခြင်း အစသည့် အားနည်းချက်များလည်းရှိပေမည်။ ထို့ကြောင့် ထားဝယ်လိုရေးလိုသူများအဖို့ အက္ခရာစနစ်၊ အရေးစနစ်တခုကို အသစ်တီထွင်မွေးဖွားမည်လော၊ အဆင်ပြေသည်ကို မွေးစား၍ မွမ်းမံပြင်ဆင်မည် လော ဆိုသည်ကို စဉ်းစားရမည်ဖြစ်ပါသည်။
အချုပ်ဆိုရသော် ထားဝယ်လို ရေးသားလာကြသည်မှာ ဘာသာစကားနှင့် စာပေ ဖွံ့ဖြိုးတိုးတက် လာရန် အရွေ့တခုဖြစ်ပြီး ထိုအရွေ့ကို တွန်းလိုသူများအဖို့ ထားဝယ်စကားမှ ထားဝယ်စာပေ ဖြစ်လာစေရန် အက္ခရာစနစ် နှင့် အရေးအသားစနစ် အတွက် လက်တွေ့မေးခွန်းများကို ဖြေဆို ကျော်လွှားရမည်ဖြစ်ပါသည်။ နှစ်ပေါင်းရှည်ကြာ အရေးအသားစနစ်တခု မရှိခဲ့သော်လည်း ထားဝယ်စကားကို ထားဝယ်တို့ ထားဝယ်လိုရေးလျှင် လမ်းစပေါ်၍ ခရီးတွင်လာလိမ့်မည် ဟု ယုံကြည်ပါသည်။ ထားဝယ် စကားကို ထားဝယ်တို့ ရေးနေကြပေပြီ။
မိမဲဒင်







